Wednesday, February 6, 2019

ပြည်ထောင်စုစိတ်ဓာတ်အခြေခံဖြင့်



မောင်ခိုင်မာ(အထက်မင်းလှ)
လွန်ခဲ့သော ၇၂ နှစ်ဖြစ်သည့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပင်လုံမြို့ကလေးတွင် “ပြည်ထောင်စု မြန်မာ နိုင်ငံကြီး” ဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက် “ပင်လုံသဘောတူစာချုပ်” ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပါသည်။ ထိုသို့ ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့ သည့်နေ့ကို “ပြည်ထောင်စုနေ့” အဖြစ် သမိုင်းအစဉ်အလာနှင့်အညီ ဂုဏ်ပြုကျင်းပလာခဲ့သည်မှာ ယခုနှစ် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဆိုလျှင် (၇၂) နှစ် ပြည့်မြောက် ပြီဖြစ်ပါသည်။

လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် “ပြည်ထောင် စုမြန်မာနိုင်ငံတော်ကြီး” အဖြစ် ကမ္ဘာ့အလယ်တွင် ၀င့်ထည်စွာ ဖြစ်ပေါ် လာရေးအတွက် အခြေခံအုတ်မြစ်ကို အခိုင်အမာ တည်ဆောက်ပေးခဲ့သည်မှာ “ပင်လုံသဘောတူစာချုပ်” ဖြစ်ပါသည်။ ဤပင်လုံစာချုပ်ကြီး အောင်မြင်ဖြစ်ထွန်းလာရန် ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းမှာ သိမ်မွေ့ခက်ခဲကြောင်း တိုင်းရင်းသား ပြည်သူအပေါင်း သိရှိပြီးဖြစ်ပါသည်။ (၁၉) ရာစု ကမ္ဘာ့နယ်ချဲ့ အရင်းရှင်စနစ် တွင်ကျယ်ထွန်း ကားစဉ် ကာလဝယ် ဗြိတိသျှ နယ်ချဲ့တို့က မြန်မာနိုင်ငံအား ကျူးကျော်စစ်သုံးကြိမ် ဖန်တီးသိမ်းပိုက်ခဲ့ပါသည်။
သူ့ကျွန်ဘ၀ရောက်သည်မှစပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေး ကြိုးပမ်းမှုများသည် မြန်မာနိုင်ငံအနှံ့အပြားတွင် အခြေအနေ အချိန်အခါ အလိုက် စဉ်ဆက်မပြတ် ဖြစ်ပေါ်ခဲ့သည်။ ဤဖြစ်စဉ်များနှင့်အတူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသည့် ရဲဘော်သုံးကျိပ်၏ စွန့်လွှတ်စွန့်စားစွမ်းဆောင်ချက်များက နိုင်ငံတော် လွတ်လပ်ရေးရရှိရေးကို တွန်းအားဖြစ်စေခဲ့ပါသည်။ နောက်ဆုံးတွင် ပြည်တွင်း၊ ပြည်ပ အခြေအနေ အရပ်ရပ်ကြောင့် နယ်ချဲ့ဗြိတိသျှအစိုးရသည် ဗိုလ်ချုပ်အား လန်ဒန်သို့ဖိတ်ခေါ် ကာ လွတ်လပ်ရေးအတွက် ဆွေးနွေးခဲ့ ပါသည်။ ၂၇-၁-၁၉၄၇ တွင် “အောင်ဆန်း-အက်တလီ စာချုပ်” ကို အောင်မြင်စွာ ချုပ်ဆို နိုင်ခဲ့ပေသည်။
အောင်ဆန်းအက်တလီစာချုပ်တွင် ပင်လုံအစည်းအဝေး (သို့မဟုတ်) အထူးအစည်းအဝေးတစ်ရပ်ကျင်းပကာ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ပတ်သက်ပြီး တောင်တန်းဒေသခံ ပြည်သူတို့၏ သဘောထားဆန္ဒရယူဖို့ရန် အချက်တစ်ချက်ပါလေသည်။ ထို့ကြောင့် ဗိုလ်ချုပ်နှင့် တိုင်းရင်းသားခေါင်းဆောင်အချို့သည် ၉-၂-၁၉၄၇ တွင် ပင်လုံညီလာခံကျင်းပပြီး ညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။ ညီလာခံ ကျင်းပစဉ်ကာလအတွင်း အခက်အခဲအချို့ ရှိသော်လည်း ဗိုလ်ချုပ်နှင့်တကွ တိုင်းရင်းသားခေါင်း ဆောင် တို့၏ အမြော်အမြင်၊ စေတနာတို့ကြောင့် ၁၂.၂.၁၉၄၇ တွင် ပင်လုံစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပါသည်။ ပင်လုံစာချုပ် ကြောင့်ပင် အမိမြန်မာနိုင်ငံတော် လွတ်လပ်ရေးရရှိခဲ့ခြင်းဖြစ်ပါသည်။ လွတ်လပ်ရေးရရှိခဲ့သော်လည်း အကြောင်းကြောင်း ကြောင့် လွတ်လပ်ရေး၏ အရသာကို တင်းပြည့်ကျပ်ပြည့်ခံစားရခြင်း မရှိသေးပါ။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု အရှိန်နှေးကွေး လျက်ရှိပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံအား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက် ဒရယ် နိုင်ငံတော်အဖြစ် ပုံဖော်နိုင်ရန်အတွက် တစ်ဆက်တစ်စပ်တည်း ယှဉ်တွဲဆောင်ရွက်ရမည့် အချက်ငါးချက်ကို တင်ပြလိုပါသည်။
ဒို့တာဝန်အရေးသုံးပါး
ဗိုလ်ချုပ်နှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ရယူပေးခဲ့သည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းဖို့ ရန်မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်၏။ ကျွန်ုပ်တို့ခေတ်ရောက်မှ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲအောင် မထိန်းသိမ်းနိုင်လျှင် လွန်စွာ ကြီးမားသော တာဝန်မကျေပွန်မှုကြီး ဖြစ်ပေမည်။
ဗိုလ်ချုပ်နှင့် တိုင်းရင်းသား ဘိုးဘေးဘီဘင်တို့ကို မျက်နှာ မထောက်ရာ၊ သစ္စာဖောက်ရာ ရောက်ပေမည်။ အချုပ်အခြာအာ ဏာ နှင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးဆိုသည်မှာ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအား လုံး၏ သွေးစည်းညီညွတ်မှုက အခြေခံအခရာကျကြောင်း သမိုင်းစာမျက်နှာများတွင် အထင်အရှားတွေ့ရပေမည်။ သို့ဖြစ်ရာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ အတွက် မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့သော ပင်လုံညီလာခံနှင့် ပင်လုံစိတ်ဓာတ် ကိုအခြေခံကာ တိုင်းရင်းသားအားလုံး၏ စုပေါင်း အင်အားဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လိုအပ်ပေသည်။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနှင့် လျော်ညီသည့် အခြေခံဥပဒေပေါ်ပေါက်ရေး
မြန်မာနိုင်ငံတွင် ၁၉၄၇ အခြေခံဥပဒေ၊ ၁၉၇၄ အခြေခံဥပဒေတို့သည် အခြေအနေအရ ပျက်ပြယ်ခဲ့ပြီး ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေသည် လက်ရှိတရားဝင် အခြေခံဥပဒေဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟူသည်မှာ ပုထုဇဉ်လူသားများ ရေးဆွဲထား သောဥပဒေဖြစ်ခြင်းကြောင့် အခြေအနေအချိန်အခါအရ ပြုပြင်ပြောင်းလဲရသည်မှာ သဘာဝတရားဖြစ်၏။ ထို့အတူ အခြေခံဥပဒေသည် ထာဝရမှန်ကန်နေသည့် ပရမတ္တသစ္စာတရား မဟုတ်ပါ။ အချိန်ကာလ အတိုင်းအတာ တစ်ခုအထိသာ မှန်ကန်နိုင်သော၊ သမုတိသစ္စာတရားဖြစ်ပါသည်။
အခြားတစ်ဖက်ကကြည့်လျှင်လည်း အခြေခံဥပဒေတစ်ရပ်သည် လက်တွေ့ ဘ၀တွင် ခေတ်ကာလနှင့် လိုက်လျောညီထွေ မရှိလျှင်သော်လည်းကောင်း၊ ဒီမိုကရေစီစံနှုန်းများ အားနည်းလျှင် သော်လည်းကောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မှု အားနည်းလျှင်သော်လည်းကောင်း၊ ပြည်သူအများစု လက်ခံနိုင်ခြင်း မရှိတော့လျှင် သော်လည်းကောင်း၊ တစ်နည်းအားဖြင့် အခြေခံဥပဒေ၏ အနှစ်သာရ မပြည့်ဝ တော့လျှင် ပြင်ဆင်ကြရမည်သာဖြစ်၏။ လက်ရှိအစိုးရအနေဖြင့်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးမူဝါဒ (လမ်းပြမြေပုံ) ခုနစ်ရပ် ထုတ်ပြန်ထားရာ အမှတ်စဉ် (၅) (၆) (၇) တို့တွင် “ပြည်ထောင်စုသဘော တူညီချက်နှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသားခြင်း၊ အတည်ပြုခြင်း၊ ပြင်ဆင်ရေးသား အတည်ပြုပြီးသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပခြင်း၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲရလဒ်နှင့်အညီ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်း” ဟူ၍ ပါရှိပါသည်။ အခြေခံဥပဒေ တစ်ရပ်သည် အခြေအနေ အချိန်အခါ သင့်ပါလျက် ပြင်ဆင်ခြင်းမပြုမိပါက ဖက်ဒရယ်အခြေခံစံနှုန်းများနှင့် ကွဲလွဲကာ အပေါ်ထပ် အဆောက်အအုံနှင့် စီးပွားရေးအခြေခံ အဆောက်အအုံတို့ သဟဇာတမဖြစ်နိုင်ပေ။ ထို့ကြောင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနှင့် လျော်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရန်ကိုလည်း ကျွ န်ုပ်တို့အားလုံးက ဝိုင်းဝန်းကြိုးပမ်း ကြရပေမည်။
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ အောင်မြင်ရေး
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူတစ်ရပ်လုံး၏ လိုအင်ဆန္ဒဖြစ်သော၊ သမိုင်းပေးတာဝန်လည်းဖြစ်သော၊ နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်ချက်လည်းဖြစ်သော ငြိမ်းချမ်းရေးကို (၂၁) ရာစုပင်လုံဖြင့် ဖော်ဆောင်လျက်ရှိပါသည်။ (၂၁) ရာစု ပင်လုံကို သုံးကြိမ် ကျင်းပပြီးဖြစ်ရာ လက်ရှိအခြေအနေတွင် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်းအဖြစ် ဘုံသဘောတူညီချက် ၅၁ ချက်ကို ရရှိပြီးဖြစ်ပါသည်။ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင် (EAOs) ၁၀ ဖွဲ့တို့ လက်မှတ်ရေးထိုးကြပြီး ဖြစ်ပါသည်။ ဆက်လက် ကျင်းပမည့် (၂၁)ရာစုပင်လုံညီလာခံများမှ ဘုံသဘော တူညီချက်များ ထွက်ပေါ်လာ ဦးမည်ဖြစ်သကဲ့သို့ NCA တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်လက်မှတ်ရေးထိုး ကြမည်ဖြစ်ပါသည်။ နှစ်ပေါင်း ၇၀ ကျော် ငြိမ်းချမ်းရေးကြိုးပမ်း မှုခရီးစဉ်ကို ယထာဘူတကျကျ လေ့လာသုံးသပ်လျှင် လက်ရှိအခြေအနေက အအောင်မြင်ဆုံး အနေအထားဟု ပြောဆိုနိုင်ပါသည်။ ဤအခြေအနေကောင်းများကို အခြေခံ၍သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှု၊ ရိုးသားပွင့်လင်းမှု၊ အပြန်အလှန် ယုံကြည်စိတ်ချမှုတို့ဖြင့် (၂၁) ရာစု ပင်လုံညီလာခံများတွင် ဆက်လက်ဆွေးနွေးညှိနှိုင်း သဘောတူညီချက်များရရှိလျှင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အာသာဆန္ဒပြင်းပြစွာ လိုလားနေသည့် “ပြည်တွင်း ငြိမ်းချမ်းရေး” ကို လက်ဝယ်ပိုင်ဆိုင်ရရှိနိုင်မည် ဖြစ်ပါသည်။
တရားဥပဒေစိုးမိုးရေး
လူ့အဖွဲ့အစည်းတစ်ရပ်တွင် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများဘေးကင်းလုံခြုံရေးမှာ အထူးလိုအပ်ပါသည်။ တရား ဥပဒေ စိုးမိုးရေးသည် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနှင့် တရားမျှတခြင်းဟူသော လောကပါလတရားများ အပေါ်တွင် အခြေတည် သဖြင့် လူသားတို့၏အခြေခံအခွင့်အရေးကို တရားဥပဒေဖြင့် ကာကွယ်ပေးထားမှသာလျှင် တရားဥပဒေ စိုးမိုးမှုဖြစ်ပေါ်ပေမည်။ တရားဥပဒေစိုးမိုးမှု ဟုဆိုလျှင် တရားသူကြီး၊ ဥပဒေဝန်ထမ်း၊ ရဲတပ်ဖွဲ့၊ ရှေ့နေ အစရှိသည်တို့ကိုသာ ပြေးမြင်တတ်ကြပြီး ကျွ န်ုပ်တို့ ပြည်သူများ၏ပါဝင်မှုအခန်းကဏ္ဍကို မေ့လျော့ထားကြသည်။ အမှန်တကယ်အားဖြင့် တရား ဥပဒေ စိုးမိုးမှုဟုဆိုရာတွင် ညီညွတ် မျှတကောင်းမွန်သော ဥပဒေ (Good Law)ကို ဥပဒေပြုရေးကဏ္ဍကပြုစု၊ အုပ်ချုပ်ရေး ကဏ္ဍ (အစိုးရ)ကပြဋ္ဌာန်း၊ ပြည်သူက လိုက်နာပြီး ဖောက်ဖျက်ကျူးလွန်ပါက တရားစီရင်ရေးက အဂတိတရားကင်းစွာဖြင့် ပြစ်ဒဏ်ပေးခြင်းဟု ဆိုပါသည်။ ပြည်သူများဘေးကင်းလုံခြုံမှုတွင် “စီးပွားရေး လုံခြုံမှု၊ အစာရေစာလုံခြုံမှု၊ ကျန်းမာရေး လုံခြုံမှု၊ ပတ်ဝန်းကျင် လုံခြုံမှု၊ နိုင်ငံရေး လုံခြုံမှု၊ လူတစ်ဦးချင်းစိတ်ဓာတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှု၊ ဘ၀ရပ်တည်ရေး လုံခြုံမှု” စသည်တို့ပါဝင်ပါသည်။ ပြည်သူတို့ ဘေးကင်းလုံခြုံမှု အားနည်းလျှင် အမျိုးသားလုံခြုံမှုကိုထိခိုက်ပြီး အချုပ်အခြာ အာဏာကို ထိပါးနိုင်သည်ဖြစ်၍ နိုင်ငံသား အားလုံးက “စည်းလုံးညီညွတ်စွာဖြင့်” ဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ်ပေသည်။
ကောင်းမွန်သောပညာရေးနှင့် လုံလောက်သော ကျန်းမာရေး
(၂၁) ရာစု ကမ္ဘာကြီးအား ပညာခေတ်ဟု တင်စားပြောဆိုကြသည်။ ပညာကသာလျှင် လူ့ဘောင်လောကကြီးကို ဦးဆောင် သွားမည်ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ ထောင်စုနှစ်ပန်းတိုင် ၁၇ ရပ်အနက် ပန်းတိုင်(၄)တွင် “လူသားအားလုံး အကျုံးဝင်မှု ရှိကာ ညီညွတ်မျှတပြီး အရည်အသွေးရှိသည့် ပညာသင်ယူနိုင်ရေးနှင့် အစဉ်လေ့လာသင်ယူနိုင်သော အခွင့်အလမ်းများရရှိရေး” ဟု ချမှတ်ပေးထားပြီး အဖွဲ့ဝင်နိုင်ငံများက အကောင်အထည် ဖော်လျက်ရှိပါသည်။ မြန်မာနိုင်ငံ အနေဖြင့် အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၁ ကို ချမှတ်ကာ ပညာရေးမြှင့်တင်မှုလုပ်ငန်း စဉ်များကို စနစ်တကျ ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိပါသည်။ ပညာရေး ဘတ်ဂျက်ကိုကြည့်လျှင် ၂၀၁၇- ၂၀၁၈ ပညာသင်နှစ်တွင် ကျပ် ၁၇၅၆ ဘီလီယံ သတ်မှတ်ခဲ့ရာမှ ယခု ၂၀၁၈- ၂၀၁၉ ပညာသင်နှစ်တွင် ကျပ် ၂၁၇၅ ဘီလီယံသို့ တိုးမြှင့်သတ်မှတ် သုံးစွဲထားသဖြင့် နိုင်ငံတစ်ဝန်း ကျောင်းနေနှုန်းမြင့်မားပြီး ကျောင်းထွက်နှုန်းလျော့ပါးရေး၊ ကျောင်းဥပဓိ ရုပ်များကောင်းမွန်ရေး၊ ကျောင်းများ တိုးချဲ့တည်ဆောက်ရေး၊ ဆရာ ဆရာမအရေအတွက် တိုးမြှင့်ခန့်အပ်ရေးတို့ကို ပိုမိုဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ အစိုးရ အနေဖြင့် ပညာရေးမြှင့်တင်မှုလုပ်ငန်းစဉ်၊ မဟာဗျူဟာ၊ နည်းဗျူဟာများနှင့် အညီ ကောင်းမွန်သော ပညာရေး (ဖက်ဒရယ် ပညာရေး) ကို နိုင်ငံသားတိုင်း ရရှိခံစားနိုင်ရေး စီမံဆောင်ရွက်နေ သည်ကို ဝမ်းမြောက်ဖွယ် တွေ့မြင်နေရပါသည်။
ပညာရေးနှင့်ကျန်းမာရေးတို့သည် ဖက်ဒရယ်ဒီမို ကရေစီနိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသူ နိုင်ငံသားများအား ဝန်ဆောင်မှုပေး ရာတွင် အဓိကနေရာမှ ပါဝင်နေသည့်အလျောက် နိုင်ငံတော်အနေဖြင့် တစ်မျိုးသားလုံး ကျန်းမာရေးအတွက်(က) လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေး၊ (ခ)လူတိုင်း ရောဂါဘယကင်းရှင်းရေးဟူသည့် ရည်မှန်းချက် နှစ်ရပ်နှင့် (က) မြို့ပြနှင့်ကျေးလက် ပြည်သူများအားလုံး ပြီးပြည့်စုံသော ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို ပြည်သူများ အရည်အသွေး ပြည့်မီစွာရရှိ စေရေးနှင့် (ခ) ဆေးရုံအခြေပြု ကုသရေးလုပ်ငန်းနှင့် ပြည်သူလူထုအတွင်း ကွင်းဆင်းကုသမှု လုပ်ငန်းများဆောင်ရွက်ပေးရေး ဟူသည့် မူဝါဒများချမှတ်ဆောင်ရွက်နေပါသည်။ ဘတ်ဂျက်အနေဖြင့်လည်း ၂၀၁၇- ၂၀၁၈ ကျန်းမာရေးအသုံးစရိတ် ဘတ်ဂျက် ကျပ် ၁၀၇၆ ဘီလီယံရှိရာမှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၁၁၃၁ ဘီလီယံအထိ တိုးမြှင့်သတ်မှတ်ထားသည်ဖြစ်ရာ အတိုင်းအတာ တစ်ခုအထိ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများကို တိုးမြှင့်ပေးနိုင်မည် ဖြစ်ပါသည်။
ပြည်ထောင်စုစိတ်ဓာတ်အခြေခံဖြင့်
အနှစ်ချုပ်အားဖြင့်ဆိုရပါလျှင် ဗိုလ်ချုပ်နှင့် တိုင်းရင်းသားဘိုးဘွားတို့ အသက်၊ သွေး၊ ချွေးစတေး၍ ရယူပေးခဲ့သော “ပြည်ထောင်စု” အမွေကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ထာဝရငြိမ်းချမ်းသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်ရေးတို့အတွက် နိုင်ငံတော်က ချမှတ်ပေးထားသည့် ၂၀၁၉ ခုနှစ် (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များကို ကျွ န်ုပ်တို့ တိုင်းရင်းသားညီအစ်ကို မောင်နှမသွေးချင်းများ က ပြည်ထောင်စုစိတ်ဓာတ် အခြေခံဖြင့် ကျရာကဏ္ဍမှ အစွမ်းကုန်ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းတင်ပြလိုက်ရ ပေသည်။ ။

No comments:

Post a Comment