Saturday, February 2, 2019

မြိတ်ဒေသပုဇွန်ကန် တစ်ခုလျှင် တစ်နှစ်(၃)ကြိမ်မွေးမြူခြင်းမှ အမြတ်ငွေ အမေရိကန်ဒေါ်လာ (၆၀၀၀၀)ခန့် ရရှိနိုင်


 နေပြည်တော်ဖေဖေါ်ဝါရီ ၂
ပင်လယ်ရေသယံဇာတထိန်းသိမ်းရန်၊ လျော့နည်းလာသော ငါးသယံဇာတများ မျိုးသုဉ်းခြင်းမှ ကာကွယ်ရန်နှင့် ရေရှည် တည်တံ့သော ငါးပုစွန်ထုတ်လုပ်မှုဖွံ့ဖြိုးရန်တို့ အတွက် ဖမ်းဆီးထုတ်လုပ်ခြင်းမှ မွေးမြူထုတ်လုပ်ခြင်းသို့ ကူးပြောင်း ဆောင်ရွက်ကြ ရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပုဂ္ဂလိက ရင်းနှီးမြုပ်နှံသူများက ဦးဆောင်ပြီး အားလုံး ပါဝင်သော စုပေါင်းရင်းနှီးမြုပ်နှံ လုပ်ကိုင်သည့် မြိတ်ဒေသ စီးပွားရေးအင်အားစုကြီး အဖြစ်ဖော်ဆောင်နိုင်ရေး မျှော်မှန်း အကောင်အထည်ဖော် ဆောင်ရွက်ကြစေ လိုကြောင်းဖြင့် ကျွန်းစုမြို့နယ်အတွင်းရှိ ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြား သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ယနေ့ နံနက်ပိုင်းတွင်မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ခိုင်ဇင်ယော်ကုမ္ပဏီ လီမိတက်၏ ခေတ်မီရေငန်ပုစွန် မွေးမြူရေးစခန်းသို့ရောက်ရှိကြပြီး ရေငန်ပုစွန် မွေးမြူရေးဆောင်ရွက်ထားရှိမှုများ ကိုကြည့်ရှု စစ်ဆေးအားပေးစဉ် ထိုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။
ထို့နောက်ရှင်းလင်းဆောင်တွင် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော် က ပြည်ပ ဈေးကွက်အတွက် လိုအပ်သော စံချိန်စံညွှန်းများပြည့်မီရေး အတွက် ဂျီအေကျူပီ အရည်အသွေး စစ်ဆေးခြင်း၊ ထောက်ခံချက်ထုတ်ပေးခြင်း၊ နော်ဝေနိုင်ငံ၏ နည်းပညာအထောက်အပံ့ရရှိရေး ဆောင် ရွက်ပေးနေမှုများကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များက လက်ရှိဆောင်ရွက်နေမှုနှင့် ရင်းနှီး မြုပ်နှံမှု တိုးမြှင့်ဆောင် ရွက်နိုင်ရေးဆိုင်ရာများကို ရှင်းလင်းတင်ပြ ကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ဒေသ အကျိုးပြုလုပ်ငန်းများ ထည့်သွင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အခြား တစ်ဘက်တွင်လည်း လုပ်ငန်းအတွက် လိုအပ်သောမြေယာ အသုံးပြုခွင့် လုပ်ကိုင်ခွင့်များကိုသတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများနှင့် အညီအထူးဂရုပြုဆောင်ရွက်ကြစေ လိုကြောင်း၊ ပြည်ပပို့ကုန်များဖြစ်သည့် အားလျော် စွာသတ်မှတ်စံချိန် စံညွှန်းများ စစ်ဆေးပေးသည့် ဓါတ်ခွဲခန်းများ၏အရည် အသွေးမြှင့်တင် နိုင်ရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည့်ဖြိုးထွန်းကုမ္ပဏီ လီမိတက်၏ ခေတ်မီရေငန် ပုစွန်မွေးမြူရေးစခန်းနှင့် အအေးခန်းစက်ရုံများကိုလည်းကောင်း၊ ကဏန်းပျော့ မွေးမြူ ထုတ်လုပ်နေမှု ကိုလည်းကောင်းလှည့်လည်ကြည့်ရှု အားပေးသည်။
ပုစွန်တစ်ကန်လျင် ပုစွန်သားပေါက်ကောင်ရေ ၁၀ သိန်းထည့်သွင်းမွေးမြူနိုင်ပြီး မွေးရက် ၈၀ မှ ၁၀၀ အတွင်းဖမ်းယူ ရောင်းချ နိုင်ကာပုဇွန်တန်ချိန် ၂၀ မှ ၂၅ တန်ကြား ထွက်ရှိနိုင်သဖြင့် တစ်ကြိမ် မွေးလျှင် ဒေါ်လာ ၂၀၀၀၀ (ဒေါ်လာနှစ်သောင်း)ခန့် အမြတ်အစွန်းရရှိနိုင်ကြောင်း၊ တစ်နှစ်လျင် ၃ကြိမ် မွေးနိုင် သည့်အတွက် ပုစွန်တစ်ကန် ၏ တစ်နှစ်အမြတ်ငွေသည် ဒေါ်လာ၆၀၀၀၀ (ဒေါ်လာ ခြောက်သောင်း) ခန့်ရှိသဖြင့် မြိတ်ဒေသအတွက် အလားအလာ ကောင်းသော စီးပွားရေးတစ်ခု အဖြစ် စိတ်ဝင်စား လျက်ရှိ နေကြကြောင်းသိရသည်။
(သတင်းစဉ်)

No comments:

Post a Comment