နေပြည်တော် ဖေဖော်ဝါရီ ၆
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် အာဆီယံနှင့် ဆက်လက်ပူးပေါင်း
ဆောင်ရွက်မှုအနေဖြင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre မှ ကိုယ်စားလှယ်များနှင့်
ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ တွေ့ဆုံကြသည်။
ထိုသို့တွေ့ဆုံစဉ် အာဆီယံကိုယ်စားလှယ်များက မြန်မာနိုင်ငံနှင့်
ညှိနှိုင်းသဘောတူညီမှုအရ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်သော အာဆီယံအရေးပေါ်
တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေး အဖွဲ့ (ASEAN-ERAT) သည် မောင်တောမြို့ရှိ ပြန်လည်
လက်ခံရေးစခန်းနှင့် ကြားစခန်းများ၏ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ လိုအပ်ချက်
ဆန်းစစ်လေ့လာမှုများ ဆောင်ရွက်သွားနိုင်ရေး၊ ASEAN-ERAT ဆန်းစစ်လေ့လာရေးအဖွဲ့ အသုံးပြုမည့်
လိုအပ်ချက် ဆန်းစစ်လေ့လာမှု မေးခွန်းလွှာနှင့် လမ်းညွှန်မှုများအတွက် မြန်မာနိုင်ငံဘက်မှ
ဌာနဆိုင်ရာများနှင့် နည်းပညာဆိုင်ရာ ဆွေးနွေးမှုများ ဆောင်ရွက်နေမှု၊ ကွင်းဆင်း လေ့လာရေးအဖွဲ့အတွက်
စီမံအုပ်ချုပ်မှုများ ပံ့ပိုးပေးရေးတို့ကို တင်ပြကြသည်။
ပြည်နယ်ဝန်ကြီးချုပ်က အာဆီယံနှင့် ပူးပေါင်း ဆောင်ရွက်မှုအတွက်
လိုအပ်သည်များ ပံ့ပိုးပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အတွက်
ပြည်နယ်အစိုးရအနေဖြင့် စနစ်တကျ စိတ်ရင်းစေတနာမှန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို
ဦးတည်ဆောင်ရွက်ပေးခြင်းထက် ပြည်နယ်တစ်ခုလုံး တိုးတက်ဖွံ့ဖြိုးမှုက အရေးပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ပြီး
အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပါက ပြည်နယ်အတွင်း နေထိုင်သူများ အတွက်
အကျိုးရှိမည်ဖြစ်ပြီး မလိုလားအပ်သည့် ပဋိပက္ခများ လျော့ချနိုင်မည်ဖြစ်၍ ဒေသတစ်ခုတည်း
မဟုတ်ဘဲ ပြည်နယ်တစ်ခုလုံး အနေဖြင့် လိုအပ်ချက်၊ အာဆီယံမှ ပံ့ပိုးဆောင်ရွက်နိုင်မှုနှင့်
အခွင့်အလမ်း များကို လေ့လာဖော်ထုတ်ပေးရန်လိုကြောင်း၊ ပြည်နယ်အနေဖြင့် ပညာရှင်များ ပါဝင်ရေးဆွဲထားသည့်
ပြည်နယ် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအား ရေးဆွဲထားပြီးဖြစ်သည့်အတွက်
အာဆီယံအနေဖြင့် ပူးပေါင်းပံ့ပိုး ပါဝင်စေလိုကြောင်း၊ ပြည်နယ်တွင် လမ်း၊ တံတား၊ လျှပ်စစ်
စသည့် အခြေခံအဆောက်အအုံ မြှင့်တင်မှုများ ဆောင်ရွက်ထားပြီးဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် အခွင့်အလမ်းများစွာ ရှိပါကြောင်း ပြန်လည်ရှင်းလင်း
ဆွေးနွေးသည်။
အလားတူ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် သဘာဝဘေး စီမံခန့်ခွဲမှုအတွက်
လူသားချင်း စာနာကူညီမှုဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးမှူးရုံး (AHA Centre) တို့မှ ကိုယ်စားလှယ်များသည်
ဖေဖော်ဝါရီ ၅ ရက်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ရခိုင်ပြည်နယ်အတွင်းရှိ
နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် အတူတကွ ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စများ၊
လိုအပ်ချက် ဆန်းစစ်လေ့လာမှု မေးခွန်းလွှာနှင့် လမ်းညွှန်မှုများအတွက် အသေးစိတ်ဆွေးနွေးခြင်း၊
ASEAN – ERAT အဖွဲ့အတွက် လိုအပ်ချက် ဆန်းစစ်လေ့လာမှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်
အကြို သင်တန်းအား မြန်မာနိုင်ငံတွင် ပို့ချပေးရန် လျာထားစီစဉ်မှုတို့ကို ဆွေးနွေးကြသည်။
ထို့ပြင် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အရ
မူလဆွေးနွေးညှိနှိုင်းမှု ဖြစ်သည့် ပြန်လည် လက်ခံရေးစခန်း (၂)ခုနှင့် ကြားစခန်းတွင်
ASEAN – ERAT အဖွဲ့ ကွင်းဆင်း ဆောင်ရွက်ရေးကိုလည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း
သိရှိရသည်။
(၃၃)ကြိမ်မြောက်
အာဆီယံထိပ်သီး အစည်းအဝေး၌ ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး
လုပ်ငန်းစဉ်တွင် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် သဘာဝဘေး စီမံခန့်ခွဲမှုအတွက် လူသားချင်း
စာနာကူညီမှုဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးမှူးရုံးတို့မှ ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ချက်
ချခဲ့ကြသည်။
အဆိုပါ ဆုံးဖြတ်ချက်အရ အာဆီယံအတွင်းရေးမှူးချုပ်၊ ဒုတိယအတွင်းရေးမှူးချုပ်နှင့်
AHA Centre မှ အမှုဆောင်ညွှန်ကြားရေးမှူး အပါအဝင် ကိုယ်စားလှယ်များသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း၌
နေပြည်တော်နှင့် ရခိုင်ပြည်နယ်သို့ လာရောက်ခဲ့ပြီး ကွင်းဆင်းလေ့လာခြင်းနှင့် ညှိနှိုင်း
အစည်းအဝေးများကို ကျင်းပခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာနမှ သိရှိရသည်။
(သတင်းစဉ်)
No comments:
Post a Comment