Wednesday, January 23, 2019

UEHRD လုပ်ငန်း အဖွဲ့၏ ၂၀၁၉ ခုနှစ် ပထမအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ



ရန်ကုန် ဇန်န၀ါရီ ၂၃

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက် အပံ့ ပေးရေး၊ ပြန်လည်နေရာ ချထားရေးဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) လုပ်ငန်း အဖွဲ့၏ ၂၀၁၉ ခုနှစ် ပထမအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီ က ရန်ကုန်မြို့ ၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ကျင်းပသည်။


အစည်းအဝေးတွင် UEHRD ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိအနေဖြင့် ရခိုင်ပြည်နယ်ကို စီးပွားရေးအရတိုးတက်စေ ချင်ကြောင်း၊ စီးပွားရေး မတိုးတက်ခဲ့သည့် အတွက်အခက်အခဲများစွာ ရှိခဲ့ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်တွင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ၀ိုင်းဝန်းအကူအညီပေးစေလိုကြောင်း၊ စီးပွားရေးတိုး တက်မှသာလျှင်ကျန်ရှိသည့် လူမှုရေးပြဿနာများကို ဖြေရှင်းနိုင်လိမ့် မည်ဟု မိမိမျှော်လင့်ပါကြောင်း၊ မိမိတို့အနေဖြင့် ပြန်လည်နေရာချ ထားရေး၊ လူသားချင်းစာနာထောက်ထားမှု၊ ဒေသဖွံ့ဖြိုးမှု များကိုလုပ်ဆောင် သည့်အခါတွင် ပြန်လာမည့်သူကို စောင့်နေရင်းနှင့် လက်ရှိနေထိုင်နေကြသည့် ဒေသခံပြည်သူများ အတွက်ကို လည်း အကူအညီပေးရန်အာရုံစိုက်ဖို့လိုကြောင်း စသည့်ဖြင့် ပြောကြားသည်။

ထို့နောက် UEHRD ဥက္ကဋ္ဌ၏ အကြံပေးအရာရှိ ဦးတိုးအောင် ၊ UEHRD သတင်းနှင့် ဆက်သွယ်ရေးဒါရိုက်တာ ဦးကျော်မြိုင် တို့က UEHRD ၏ ဆောင်ရွက်ပြီးစီးခဲ့သောလုပ်ငန်းစဉ်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးပြဿနာများ လျော့ပါးစေရေး၊ ဇန်န၀ါရီလ ၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ နောက်ဆက်တွဲ အကျိုးဆက်များ၊ နေရပ်စွန့်ခွာ ပြည်သူများအားပြန် လည်လက်ခံရေး နှင့်ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသတွင်းရှိ ပြည်သူများအား အဆင်ပြေစွာ နေထိုင်နိုင်စေရန် အကူအညီပေးရေး၊ UEHRD လုပ်ငန်းအဖွဲ့များ အနေဖြင့် လက်ရှိမြေပြင် အခြေအနေ အရ ကွင်းဆင်းဆောင်ရွက်သွားမည့် အခြေအနေ၊ UEHRD လုပ်ငန်းအဖွဲ့ အနေဖြင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ လုပ်ငန်းအဖွဲ့များ၏ ငွေစာရင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးကြသည်။

ယနေ့ အစည်းအဝေးသို့ UEHRD ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ UEHRD ၏လုပ်ငန်းအဖွဲ့ ၁၀ ဖွဲ့မှ တာဝန်ရှိ သူများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး

No comments:

Post a Comment