နေပြည်တော် ဇန်နဝါရီ ၂၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ကြက်ခြေနီ လှုပ်ရှားမှု (Red Cross
Movement) အဖြစ် ပူးပေါင်းဆောင်ရွက် လျက်ရှိသော မြန်မာနိုင်ငံ
ကြက်ခြေနီအသင်း (MRCS)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC)
တို့မှ တာဝန်ရှိသူများနှင့် ယမန်နေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး
အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအား ပိုမိုကျယ်ပြန့် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသား ကော်မတီနှင့် လုပ်ငန်းကော်မတီ စသည်ဖြင့် ဖွဲ့စည်းဆောင်ရွက် လျက်ရှိရာ ပြည်သူ့ကျန်းမာရေးဆိုင်ရာများ၊ ရင်ခွင်မဲ့ကလေး စောင့်ရှောက်ရေး ဆိုင်ရာများ၊ အမျိုးသမီးရေး ရာများ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာများ စသည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ လုပ်ငန်းများနှင့် သက်ဆိုင်သော နယ်ပယ်များပါဝင်သဖြင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းကော်မတီတွင် ပါဝင်ဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်း (IFRC) တို့နှင့် ပူးပေါင်း၍ ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဆောင်ရွက်နေမှုများ၊ နေရပ်စွန့်ခွာခဲ့ရ သူများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးအပ်ရာ၌ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့နှင့် ညှိနှိုင်း၍ ပေးအပ်ရာတွင် ခွဲခြားဆက်ဆံမှု မရှိစေရေး၊ ဒေသဆိုင်ရာ အခြေအနေနှင့် မလိုအပ်သော ပဋိပက္ခများ မဖြစ်ပွားစေရေး၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင် ရွက်ရေး၊ လိုအပ်သော နေရာများတွင် Family Shelter များ ဆောက်လုပ်ပေးနိုင်ရေး၊ စားနပ်ရိက္ခာ ဖြန့်ဖြူးမှုဆိုင်ရာ သတင်းအချက်အလက်များကို ဝန်ကြီးဌာနသို့ မျှဝေပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးကြသည်။
ထို့အပြင် ၂၀၁၉ ခုနှစ်တွင် ကြက်ခြေနီ လှုပ်ရှားမှု ဆောင်ရွက်ရန် ငွေကြေးထောက်ပံ့မှု ကတိကဝတ်များ ရရှိပြီး ဖြစ်သောကြောင့် ဝန်ကြီးဌာနနှင့် ဆက်လက် ပူးပေါင်းဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:
Post a Comment