Thursday, January 24, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံများ၏ တိုင်းရင်းဆေးပညာဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အဖွဲ့များ အစည်းအဝေး ဖွင့်ပွဲအခမ်းအနား တက်ရောက်


နေပြည်တော် ဇန်နဝါရီ ၂၄

ဒုတိယအကြိမ် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်း ဆောင်ရွက်ရေး (ဘင်းမ်စတက်) အဖွဲ့ဝင် နိုင်ငံများ၏ တိုင်းရင်းဆေးပညာဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အဖွဲ့များ အစည်းအဝေး (the second meeting of BIMSTEC Task Force on Traditional Medicine) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery Hotel ၌ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ ဘင်းမ်စတက်နိုင်ငံများ၏ တိုင်းရင်းဆေးပညာ အဖွဲ့များ အစည်းအဝေး ကျင်းပခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ တိုင်းရင်းဆေးပညာ ပိုမိုတိုးတက် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အတွက် အထောက်အပံ့ဖြစ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံ အချင်းချင်း တိုင်းရင်းဆေးပညာရပ် နယ်ပယ်တွင် ကောင်းမွန်သော အတွေ့အကြုံများ ဝေမျှနိုင်မည့် အခွင့်အရေးဖြစ်သဖြင့် ပါဝင်တက်ရောက်သူများအနေဖြင့် အကျိုးရှိစွာ အသုံးချရန် အရေးကြီးပါကြောင်း၊ တိုင်းရင်းဆေး ပညာရပ်သည် လျင်မြန်စွာ ဆက်လက်ဖွံ့ဖြိုး တိုးတက်လျက်ရှိပြီး ပညာရပ်နယ်ပယ်ဆိုင်ရာ ဆန်းသစ်ရှာဖွေမှုများ ယခုထက် ပိုမိုပြုလုပ်နိုင်ရန်အတွက် ရှေးရိုးစွဲမှ ဖောက်ထွက်သော အတွေးအမြင်၊ အကြံဉာဏ်များဖြင့် သိပ္ပံနည်းကျ စနစ်တကျ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် တိုင်းရင်းဆေး မျိုးရင်းကာကွယ်မှုနှင့် မူပိုင်ခွင့်ဆိုင်ရာများ၊ ဘင်းမ်စတက် နိုင်ငံများအတွင်း တိုင်းရင်းဆေးဝါး ဖော်စပ်ထုတ်လုပ်မှုဆိုင်ရာများကို သဟဇာတဖြစ်ရေးလုပ်ငန်းများ စသည့် အကြောင်း အရာများကို အလေးထား ဆွေးနွေးသွားမည်ဟု သိရှိရပါကြောင်း။
ယခုအစည်းအဝေးသို့ တက်ရောက်လာကြသော ပညာရှင်များနှင့် အဖွဲ့အစည်းများ အချင်းချင်း ကွန်ရက်သဖွယ် ချိတ်ဆက်၍ လုပ်ငန်းများ ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ အထူးသဖြင့် ပညာရပ်ဆိုင်ရာ ပိုမိုဖွံ့ဖြိုး တိုးတက်မှုများအတွက် အရေးကြီးသည့် သုတေသန ရလဒ်များကို အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း ဝေမျှခြင်း၊ သုတေသန လုပ်ငန်းများ လက်တွဲပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းဆေးပညာဆိုင်ရာ သုတေသန မှတ်ပုံတင်ခြင်း စနစ်ပြုလုပ်ခြင်းနှင့် သုတေသန သတင်းအချက်အလက် စနစ်တို့ကို မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများမှ တိုင်းရင်းဆေးပညာရှင်များ အနေဖြင့် နိုင်ငံတစ်ခုမှ ပြုလုပ်ထားသော သုတေသန ရလဒ်များကို အခြားနိုင်ငံမှ ပညာရှင်များကလည်း သိရှိနိုင်မည် ဖြစ်ပါကြောင်း။
ဘင်းမ်စကတ်နိုင်ငံများ၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အစည်းအဝေး တစ်ကြိမ်နှင့်တစ်ကြိမ် အကြားတွင် နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့် ညီလာခံများ၊ နှီးနှောဖလှယ်ပွဲများ၊ အသိပေး ဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်၍ ပညာရပ်ဆိုင်ရာများနှင့် တိုင်းရင်းဆေးပညာဆိုင်ရာ တိုးတက်မှု၊ သုတေသန ရလဒ်များကို ဖလှယ်ကြရမည် ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် အသုံးပြုရန်အတွက် အရည်အသွေး ပြည့်ဝသော စာအုပ်စာတမ်းများ ပြုစုထားရှိမှုကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် တိုင်းရင်းဆေးပညာရပ် နယ်ပယ်ကြီးတစ်ခုလုံး ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်ပံ့ပိုး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဘင်းမ်စတက် အတွင်းရေးမှူးအဖွဲ့ဝင် ဒါရိုက်တာ Mr. Kunzang N. Tshering က အမှာစကား ပြောကြားသည်။
အဆိုပါ အစည်းအဝေးကို ဇန်နဝါရီ ၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဘင်းမ်စတက် အဖွဲ့ ဝင် နိုင်ငံများဖြစ်သည့် မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံ တို့မှ တိုင်းရင်းဆေးပညာရှင် ကိုယ်စားလှယ်များ စုစုပေါင်း (၄၀) ဦး တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment