နေပြည်တော် ဇန်န၀ါရီ ၂၈
ရင်းနှီးမြှုပ်နှံမှုနှင့်
နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကုန်သည်များ နှင့်စက်မှုလက်မှု
လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)တို့ ပူးပေါင်းကျင်းပ သည့် Invest Myanmar
Summit 2019 ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ
ကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
တက်ရောက် အမှာစကား ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ
သူရဦးရွှေမန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊
နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ်များ၊ ဒုတိယ၀န်ကြီးများ၊
ဌာန ဆိုင်ရာအကြီးအကဲ များ၊ မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ
အသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများ၊
ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေး ပညာရှင်များနှင့် အထူးဖိတ်ကြားထားသူများ
တက်ရောက်ကြသည်။
ရှေးဦးစွာ အနုပညာဦးစီးဌာနမှ
အနုပညာရှင်များက ထာဝရမြန်မာသီချင်းဖြင့် တေးသရုပ်ဖော်အကဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က
အမှာစကားပြောကြားရာတွင် ပထမဆုံးအနေဖြင့် ပြောကြား လိုသည်မှာ ယနေ့ကျင်းပသည့် Invest
Myanmar Summit 2019 ကို တက်ရောက်ကြသည့် စီးပွားရေး နယ်ပယ် ကဏ္ဍစုံမှ ပြည်တွင်းနှင့်
ပြည်ပ ရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်း
အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ဦးစွာပြောကြား
လိုပါကြောင်း။
ယနေ့အခမ်းအနားသည်
မိမိတို့မြန်မာနိုင်ငံ၏ စိတ်လှုပ်ရှားဖွယ်ကောင်းပြီး အမြဲတမ်းပြောင်းလဲတိုးတက်နေသည့်
ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်း မြင်ကွင်းများကို သိရှိပြီး ပြည်တွင်းနှင့်ပြည်ပ လုပ်ငန်းရှင်များအတွက်
အကောင်းဆုံး အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မည့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကျင်းပပြုလုပ်သည့်
အရေးပါသည့် ဆွေးနွေးပွဲတစ်ခု အဖြစ် ယုံကြည်သည်ဟု ပြောကြားလိုပါကြောင်း။
ယခုအခမ်းအနား ကျင်းပသည့်
နှစ်ရက်တာကာလအတွင်း ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့်
မိမိတို့၏ ပုဂ္ဂလိကကဏ္ဍမှ မိတ်ဖက်လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု
အလား အလာနှင့် အခွင့်အလမ်းများကို ဖော်ထုတ်ပြသနိုင်သည့် အဖိုးတန်သည့် အခွင့် အလမ်းကို
ရကြမည်ဖြစ်သည့်အတွက် မိမိအနေဖြင့် အားရကျေနပ်မိပါကြောင်း။
ယနေ့အခမ်းအနားအောင်မြင်စွာ
ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့်
နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန (MOIFER)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု
ဦးစီးဌာန တို့နှင့်အတူ ပူးပေါင်းဆောင်ရွက် ခဲ့သည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များ အသင်းချုပ်၏ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်မှုကိုလည်း အထူးပင်
အသိအမှတ်ပြု ကျေးဇူးတင်ပါ ကြောင်း။
ယနေ့ဆွေးနွေးပွဲက
အားလုံးကို အကျိုးများ၍ နှစ်လိုဖွယ်ကောင်း သည့် အမှတ်တရများ ရရှိစေပြီး မြန်မာနိုင်ငံကို
အကြိမ်ကြိမ် ပြန်လာချင်အောင် စွမ်းဆောင်နိုင်လိမ့်ဟု မျှော်လင့်ပါကြောင်း။
ယနေ့သည် မိမိတို့
မြန်မာနိုင်ငံ၏ သမိုင်းတွင် လူသိများပြီး ထင်ရှားသည့် ဟံသာဝတီခေတ် ဘုရင် ရာဇဓိရာဇ်၏
မွေးနေ့နှင့် လည်း တိုက်ဆိုင်နေပါကြောင်း၊ နန်းစံခဲ့သည့်ကာလတွင် ရာဇဓိရာဇ် အရေးတော်ပုံ
မှတ်တမ်းကို ပြုစုခဲ့ပြီး ယင်းမှတ် တမ်းသည် ရှေးဟောင်းဘုရင့်နိုင်ငံတစ်ခုကို ထိုခေတ်က
ကုန်သွယ်မှုတွင် အင်အား ကြီးမားသည့် နိုင်ငံတစ်ခု ဖြစ်အောင် ဆောင်ကျဉ်းပေးနိုင် သည့်
အထင်ကြီး အားကျစရာ ကောင်းလှသည့် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်း စဉ်များကို
ငြိမ်းချမ်းချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့ပါကြောင်း။
ထို့အပြင် လွန်ခဲ့သည့်
၇၄ နှစ် ကာလ ၁၉၄၅ ခုနှစ် ယနေ့မှာပင် အသစ်ဖွင့်လှစ်ခဲ့သည့် Burma Road မှ တစ်ဆင့် တရုတ်နိုင်ငံကို
ရောက်ရှိနိုင်မည့် ထောက်ပံ့ရေးလမ်းကြောင်းကို ထူထောင်နိုင် ခဲ့ပါကြောင်း၊ ထို့ကြောင့်
ယနေ့သည် မြန်မာနိုင်ငံ သမိုင်းတွင် ထင်ရှားလှသည့် ပြုပြင်ပြောင်းလဲရေးများကို လုပ်ဆောင်ခဲ့
သည့် ဘုရင်၏ မွေးနေ့နှင့် ဒုတိယ ကမ္ဘာစစ်၏ အရှေ့တောင်အာရှ၏ ဇာတ်ခုံတွင် ဒုတိယကမ္ဘာစစ်၏
အလှည့်အပြောင်းအပေါ် သက်ရောက်မှု ကြီးမားခဲ့သည့် လွန်စွာမဟာဗျူဟာအရ အရေးပါလှသည့် အခြေခံ
အဆောက်အအုံစီမံကိန်းတစ်ခုကို စတင်ခဲ့သည့် နေ့များနှင့် တိုက်ဆိုင်နေသည့်အတွက် အမှန်တကယ်
ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် ယနေ့တွင် တွေ့ဆုံခွင့်ကြရခြင်းဖြစ်ပါကြောင်း။
မြန်မာနိုင်ငံတွင်
အဘယ်ကြောင့် ရင်းနှီးမြှုပ်နှံကြသလဲဟု မေးစရာရှိ မည်ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏
တည်နေရာသည် ပထဝီ အနေအထားအရ အလွန် အားကျစရာကောင်းလောက်သည့် နေရာတွင် ရှိနေခြင်းကြောင့်
မဟာဗျူဟာအရ အရေးပါလှသည့် ဈေးကွက် နေရာတစ်ခု ဖြစ်သကဲ့သို့ တရုတ်၊ အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ်
၊ လာအို ၊ ထိုင်းနိုင်ငံတို့ကို ကုန်သွယ်ကူးသန်း ဖြတ်သန်း နိုင်သည့် လမ်းဆုံနေရာတွင်လည်း
တည်ရှိနေခြင်းကြောင့် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအပါအဝင်
အာဆီယံ (၁၀) နိုင်ငံနှင့်အတူ တရုတ်၊ အိန္ဒိယတို့ ပါဝင်သည့် ၃ ဒသမ ၅ ဘီလီယံ ကျော်ရှိသည့်
စားသုံးသူ ဈေးကွက်ကို ကိုယ်စားပြု ပါ ကြောင်း၊ ယင်းဈေးကွက်၏ စီးပွားရေးပမာဏသည် အမေရိကန်
ဒေါ်လာ ၁၅ ထရီလီယံဝန်းကျင်ရှိပြီး ကမ္ဘာ့ဂျီဒီပီ၏ ၂၀ ရာခိုင်နှုန်းကို ကိုယ်စားပြုပါ ကြောင်း၊
ယင်းဈေးကွက်၏ ဆက်စပ်မှုသည် ခေတ်သစ် ကမ္ဘာတွင် တွေ့မြင် ဖူးသမျှထဲတွင် ထူးခြား အထင်ရှားဆုံး
ဈေးကွက်တစ်ခုအဖြစ် တိုးတက်ပြောင်းလဲ ပေါ်ပေါက်လာ လိမ့်မည်ဟု မျှော်လင့်ပါကြောင်း။
မက္ကင်းဆေး ဂလိုဘယ်
အင်စတီကျု့၏ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ စားသုံးဦးရေ၏ တစ်ဝက်ကျော်ရှိသည့်
တစ်နေ့ဝင်ငွေ ၁၀ ဒေါ်လာ အထက်ရှိ သည့် ဦးရေပမာဏသည် မြန်မာနိုင်ငံ၏ လေကြောင်းခရီးအားဖြင့်
၅ နာရီတွင်းမှာ နေထိုင်လိမ့်မည်ဟု ခန့်မှန်းထားပါကြောင်း၊ မိမိတို့တွင် ၅၃ သန်းလောက်ဆိုသည့်
အတော်အတန်ကြီးမားသည့် လူဦးရေပမာဏရှိပြီး တစ်ဝက်ကျော်သည် အသက် ၃၀ နှစ်အောက် လူငယ်များဖြစ်ပါကြောင်း။
ထို့ကြောင့် မြန်မာနိုင်ငံသည်
သင့်လျော်သော ပမာဏရှိသည့် ဈေးကွက်တစ်ခု ဖြစ်သကဲ့သို့ တစ်နေ့တစ်ခြား ကျယ်ပြန့် ကြီးမားနေသည့်အတွက်
နိုင်ငံတကာ ဈေးကွက်နှင့် ပူးပေါင်းချိတ်ဆက်ပြီး အကျိုးရှိစွာအသုံးချနိုင်မှာ ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် မြေနေရာ အကျယ်ဝန်းဆုံးကို ပိုင်ဆိုင်ထားသည့်အတွက်
လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် သာလွန်သည့် အလား အလာကောင်းများ ရှိနေသကဲ့သို့ သဘာဝသယံဇာတနှင့်
သဘာဝဓါတ်ငွေ့ ကြွယ်ဝစွာသည့် နိုင်ငံလည်းဖြစ်ပါကြောင်း။
မြန်မာနိုင်ငံတောင်ပိုင်းရှိ
ကမ်းခြေဒေသသည်လည်း ကမ္ဘာ့အရေးပါဆုံး စီးပွားရေးစင်္ကြံ တစ်ခုဖြစ်သည့် ထိုင်းနိုင်ငံ၏ အအောင်မြင်ဆုံးလည်းဖြစ်သည့်
ထိုင်းအရှေ့ပိုင်းစီးပွားရေးစင်္ကြံနှင့် ချိတ်ဆက်နေခြင်းကြောင့် ဘင်္ဂလား ပင်လယ် အော်နှင့်
ကပ္ပလီ ပင်လယ်ပြင်တို့ကတစ်ဆင့် အိန္ဒိယနိုင်ငံနှင့် ပိစိဖိတ်သမုဒ္ဒရာကို သာမက ပတ်ဝန်းကျင်
နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် အပါ အဝင် တရုတ်နိုင်ငံများနှင့်လည်း
ကူးသန်းသွား လာရန် လမ်းကြောင်းများ ဖော်ဆောင်ပေးနေပါကြောင်း။
ထို့ကြောင့် မြန်မာနိုင်ငံသည်
နိုင်ငံတကာကုန်သွယ်မှု လမ်းကြောင်းကို ဒေသ တွင်း ဈေးကွက်များမှတစ်ဆင့် အချိတ်အဆက်ပြုပြီး
များစွာအကျိုးပြုလျက်ရှိ နေသည့် အပြင် အာရှပိစိဖိတ်ဒေသကိုသာမက တစ်ကမ္ဘာလုံး၏ ကုန်သွယ်မှုနှင့်
ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် အဓိကနေရာမှ အထောက်အကူ ပြုလျက်ရှိသည်ဟု ယုံကြည်ပါကြောင်း။
လက်ရှိတွင် မြန်မာနိုင်ငံ၌
စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ တိုးတက်ပြောင်းလဲမှုများတွင် အရှိန်အဟုန်
နှင့် တစ်ချိန်တည်း ပြောင်းလဲဖြစ်ပေါ် လျက်ရှိနေသကဲ့သို့ မိမိတို့၏ ကမ္ဘာကြီးတွင်လည်း
ခေတ်ပြိုင် ပြုပြင်ပြောင်းလဲမှု အမျိုးမျိုးနှင့် တစ်ပြိုင်တည်း ဖြစ်ပေါ်နေပါကြောင်း၊
လွန်ခဲ့သည့် နှစ်လေးဆယ် အတွင်း မိမိတို့ ဒေသသည် ကမ္ဘာတွင် စီးပွားရေးဖွံ့ဖြိုးအတိုးတက်ဆုံး
ဒေသတစ်ခုဖြစ်ခဲ့ပြီး ထိုသို့လျင်မြန်သည့် အာဆီယံ နိုင်ငံများနှင့် ကျန်အာရှနိုင်ငံ
များအကြား ကုန်သွယ်မှု ဆက်ဆံရေးအသစ်များကို ဦးဆောင်ဖန်တီးပေးခဲ့သကဲ့သို့ နည်းပညာအသစ်များ
တီထွင်နိုင်မည့် အခွင့်အလမ်းများကို ဖန်တီးပေးခဲ့ပြီး ပြည်သူများ၏ အတွေးအခေါ် အယူအဆများ၊
ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံ မှုများကို ဒေသတွင်း လွယ်ကူလျင်မြန်စွာ
ချောမွေ့စွာရွှေ့ပြောင်း နိုင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ယခင်က ဖြစ်နိုင်မည်ဟု
မထင်ခဲ့သော အရာများ ဖြစ်ပါကြောင်း။
အမှန်တကယ်တွင် မိမိတို့သည်
ကမ္ဘာကို တည်ငြိမ်စွာ ပုံဖော်စေခဲ့သည့် အာရှ၏ အအောင်မြင်ဆုံး ကာလများတွင် နေထိုင်ရှင်သန်နေခြင်းဖြစ်ပါကြောင်း၊
တစ်ဆက်တည်းမှာပင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တီထွင်ဆန်းသစ်မှုများ၊ လွတ်လပ်စွာကုန်သွယ်မှုနှင့်
ဒေသတွင်း ပြည်သူများအကြား ဆက်ဆံရေးနှင့် ဒေသတွင်း အချိတ်အဆက် တိုးတက်မှုများသည် မြန်မာနိုင်ငံ၌
လာရောက်ရင်း နှီးမြှုပ်နှံမည့်သူများအတွက် များပြားလှသည့် အခွင့်အလမ်းကောင်း များပင်
ဖြစ်ပါကြောင်း။
မိမိတို့၏ ပထဝီအနေအထား
အားသာချက်၊ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လုပ်အားခသက်သာမှုနှင့် မိမိတို့ပြည်သူများ
၏ ကြီးမားသည့်စွမ်းပကားများသည် တစ်ချိန်က အနောက်နိုင်ငံများအနေဖြင့် အရှေ့နိုင်ငံများဆီသို့
ကမ္ဘာ့ စီးပွားရေး ခွဲဖြာထွက်မှု ဖြစ်ပေါ်ခဲ့သကဲ့သို့ ပြန်လည်ပေါ်ထွန်းလာအောင် ဆောင်ကြဉ်းပေး
နိုင်မည့် အခွင့်အလမ်းများကို ဖမ်းဆုပ်ရန် အချိန်အခါကောင်းပင်ဖြစ်ပါကြောင်း။
မည်သို့ပင်ဖြစ်ဖြစ်
မိမိတို့ အောင်မြင်အောင် ကျော်လွှားရမည့် စိန်ခေါ်မှုများ စွာလည်း ရှိနေဆဲပင် ဖြစ်ပါကြောင်း၊
ထို့ကြောင့် ဖွံ့ဖြိုးမှုနည်းပါးသည့်နိုင်ငံများ အနေဖြင့် ကမ္ဘာ့စီးပွားရေးနှင့် ပူးပေါင်းချိတ်ဆက်ရာတွင်
အားနည်းချက် များ ရှိနေဆဲကြောင့် စီးပွားရေး နောက်ကျကျန်ခဲ့ရနိုင်သော ကြီးမားသည့်အန္တရာယ်
အတွက် ကိုလည်း စိတ်ထဲတွင် စွဲမှတ်ပြီး မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာနှင့် ဒေသတွင်း ကုန်သွယ်မှုနှင့်
ရင်းနှီးမြှုပ်နှံမှု ချိတ်ဆက် ပူးပေါင်း လုပ်ဆောင်မှုများမှ သေချာသည့် အကျိုး အမြတ်များ
ရရှိရန်အတွက် နည်းလမ်းများ ရှာဖွေလုပ်ဆောင်ရန်သည် မိမိတို့ နိုင်ငံအတွက် အဓိက စိန်ခေါ်မှုတစ်ရပ်ပင်
ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံ
ဖွံ့ဖြိုးရန် အတွက် စိန်ခေါ်မှုများစွာ ရှိသည့်အနက် ဈေးကွက်ကို အခြေခံ ဖြေရှင်းသည့်
နည်းလမ်းများကို ရှာဖွေဆောင်ရွက်မှုသည် အားလုံးပြေလည် စေမည့် နည်းလမ်းမဟုတ်သော်လည်း
မြန်မာ နိုင်ငံတွင် အားလုံးပါဝင်ပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကမောင်းနှင်အင်အား
ဖြစ်သည့်အပြင် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးသည့် နေရာတွင်လည်းအခြေခံ တွန်းအား တစ်ရပ်
ဖြစ်သည့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ အတူတကွ နီးနီးကပ်ကပ် ပူးပေါင်း လုပ်ဆောင်နိုင်ရေးသည်
အရေးတကြီးလိုအပ်ချက်အဖြစ် မိမိတို့ အသိအမှတ် ပြုပါကြောင်း။
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်
အခြေအနေကို နားလည်နိုင်ရန် မြန်မာ နိုင်ငံတွင် လက်တွေ့ကျင့်သုံးနေ သည့် မူဝါဒ လုပ်ထုံးလုပ်နည်းများကို
ကျယ်ကျယ် ပြန့်ပြန့် သဘောပေါက်ရန်လိုအပ်ပါကြောင်း။
ဈေးကွက်နှင့်ကိုက်ညီသည့်
စီးပွားရေးမူဝါဒများချမှတ်ခြင်းနှင့်အတူ ဒေသ တွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်းမှု
အလျင်အမြန် တိုးတက်လာခြင်းတို့သည် အာရှပစိဖိတ်ဒေသနိုင်ငံများ အတွက် များစွာ အကျိုးရှိသကဲ့သို့
မိမိတို့ ဒေသတွင်းတွင်ရှိသည့် ပြည်သူအများ စုကို တိုးတက်မှုနိမ့်ကျပြီး ဝင်ငွေနည်းသည့်
ဘဝမှ အလယ်အလတ် တန်းနှင့် ဝင်ငွေမြင့်မားသည့် ဘဝများသို့ ရောက်ရှိအောင် လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊
မြန်မာနိုင်ငံအနေဖြင့်လည်း ယင်းနည်းလမ်း အတိုင်းလုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း။
မိမိတို့ကိုယ်တိုင်
ကိုယ်ပိုင်ရွေးချယ်မှုနှင့် ယနေ့မြန်မာနိုင်ငံသည် ပြင်ပဈေး ကွက်များနှင့် နိုင်ငံရေး
အင်အားစု များကို ယခင်ကထက် ပိုမိုထိတွေ့ဆက်ဆံ လျှက်ရှိပါကြောင်း၊ ထိုမှတစ်ဆင့် မျှတသည့်
အကျိုးရလဒ်အနေဖြင့် ရင်းနှီး မြှုပ်နှံမှုအသစ်များ ဝင်ရောက်လာရန် အခွင့်အလမ်းများ၊ နည်းပညာသစ်များနှင့်
အသိပညာ ဗဟုသုတများ လွှဲပြောင်း ရရှိ နိုင်မည်ဟု မျှော်လင့်ပါကြောင်း။
ထိုကဲ့သို့ ပြောရခြင်းသည်
ဂလိုဘယ်လ်လိုက်ဇေးရှင်း၏ ဆိုးကျိုးရှုထောင့် အချို့ရှိနေသည့်အပေါ် ထိခိုက်မှု မရှိဘဲ အလွယ်တကူ
တုံ့ပြန်နိုင်သည့် အခြေအနေရှိနေသည့် သဘောမျိုးကို မဆိုလိုပါကြောင်း။
ယနေ့ကဲ့သို့ အလျင်အမြန်
အရှိန်အဟုန်နှင့် ကူးသန်းသွားလာနေ သည့် ကမ္ဘာကြီးတွင် နိုင်ငံတစ်ခုက သာမာန် အအေးမိ ဖျားနာရုံလောက်သာ
ခံစားရသော် လည်း အများစုမှာ ရောဂါကူးစက်မှုအန္တရယ် ကျရောက်ခြင်းကို ခံနေရ ပါကြောင်း။
ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု
အလားအလာကို ကြည့်မည်ဆိုပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီးဝင်ခြင်းသည် ၂၀၁၇ ခုနှစ်မှာ
၂၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်လည်း ဆက်လက်ကျဆင်းနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊
အာရှ ပစိဖိတ်ဒေသဟာလည်း ယင်းရင်းနှီးမြှုပ်နှံမှု ကျဆင်းမှုအခြေအနေမှ မလွတ် ကင်းနိုင်ခဲ့ပါကြောင်း။
နောက်ဆုံးရထားသည့်
သတင်းအချက်အလက်များအရ အာရှပစိဖိတ် ဒေသတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည်
အနည်းငယ်တုံ့ဆိုင်းခဲ့ခြင်းကို တွေ့ရပါကြောင်း၊ သို့သော် မိမိတို့အာရှပစိဖိတ်ဒေသသည်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီးဝင်ရေး အတွက် အဓိကဒေသတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး
၂၀၁၇ ခုနှစ် ကမ္ဘာ့ပြည်ပ ရင်းနှီး မြှုပ်နှံမှု စုစုပေါင်းစီးဝင်မှု၏ ၃၉ ရာခိုင်နှုန်းရှိကာ
၂၀၁၆ ခုနှစ်ကထက် ၉ ရာခိုင်နှုန်း တိုးတက်ခဲ့သည် တွေ့ရမည်ဖြစ်ပါကြောင်း။
ထို့အပြင် အာရှပစိဖိတ်ဒေသနိုင်ငံများသည်
၂၀၁၇ ခုနှစ်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး လက်ခံခဲ့သည့် ဒေသဖြစ်
ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း ဒေသတွင်းနိုင်ငံ အချင်းအချင်းအကြား အပြန်အလှန်
ရင်းနှီးမြှုပ်နှံမှုပြုလုပ်မှု ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄၅ ရာခိုင်နှုန်းအထိ
တိုးတက် ခဲ့ပြီး အကျိုးအမြတ် ရရှိသည့် နိုင်ငံများအထဲမှ တစ်ခုဖြစ်ပါကြောင်း၊ သီလဝါ
အထူးစီးပွားရေးဇုန်တွင် မလေးရှားနိုင်ငံ အခြေစိုက် Kiam Joo Group က စက်ရုံအသစ်တစ်ခု
ရင်းနှီးမြှုပ် နှံခဲ့သည်ကို ကြည့်လျှင် သိနိုင်ပါကြောင်း။
မြန်မာနိုင်ငံသည်
မိမိနိုင်ငံ၏ တည်နေရာ ပထဝီအနေအထား၏ အားသာချက် အပေါ်အကျိုးကျေးဇူး ခံစားနေရသည် ဆိုသည်မှာ
သံသယရှိစရာ မလိုပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင် မိုးရွာတုန်း ရေခံ ဆိုသည့်
ဆိုရိုးစကားတစ်ခု ရှိပါကြောင်း၊ ASEAN + 3 Macroeconomic Research Office က လတ်တလော
ပြုလုပ် သည့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှု အလားအလာ ခန့်မှန်းချက် အရ မြန်မာ့စီးပွားရေးဟာ
၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လိမ့်မည်ဟု မျှော်မှန်းထားပါကြောင်း၊
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် က ၅ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာမှ
ယခုဘဏ္ဍာနှစ်တွင် ပိုမိုတိုးတက်လာမည်ဟု ခန့်မှန်းသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။
ယင်းအစီရင်ခံစာမှာပင်
၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ငွေကြေး ဖောင်း ပွမှုနှုန်းကို ၅ ရာခိုင်နှုန်းနှင့် တည်ငြိမ်
နေလိမ့်မည်ဟု ခန့်မှန်းထားပါကြောင်း၊ ယင်းခန့်မှန်းချက်သည် မိမိတို့ မျှော်မှန်းထားသည်ထက်
မြင့်နေသော် လည်း ယခင်နှစ်က ထက်စာပါက တိုးတက်မှုရှိလာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊
၂၀၁၅ ခုနှစ်တွင် အမြင့်ဆုံး ငွေကြေး ဖောင်းပွမှုနှုန်း ၉ ဒသမ ၉၉ ရာခိုင်နှုန်း ရှိခဲ့ပါကြောင်း။
ယခုကဲ့သို့ အပေါင်းလက္ခဏာဆောင်သည့်
နိုင်ငံ့စီးပွားရေး အလားအလာ ခန့်မှန်းချက်များအပေါ် အကောင်း ဖက်မှ ရှုမြင်ပါက ဒေသတွင်းနှင့်
မြန်မာနိုင်ငံ အတွက် ယခုအချိနသည် ရည်မှန်းချက်မြင့်မြင့်ထားပြီး ရဲရဲဝံ့ဝံ့ ကြိုးပမ်း
ဆောင်ရွက် ရမည့်အချိန် ဖြစ်ပါကြောင်း။
ကမ္ဘာ့အသိုက်အဝန်းထဲမှ
နိုင်ငံတစ်ခုအနေဖြင့် မြန်မာအစိုးရသည် ကုလသမဂ္ဂ အဖွဲ့အစည်းက ချမှတ်ထား သည့် စဉ်ဆက်မပြတ်
ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ (SDG) ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီး
လည်းဖြစ်ပါကြောင်း။
လူမှုရေး၊ စီးပွားရေးနှင့်
ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုများ၊ ဆက်လက် ဆောင်ရွက်မည့် ပြုပြင်ပြောင်းလဲမှုများ၏
လမ်းပြမြေပုံဖြစ်သည့် မြန်မာ့ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MSDP) ကို
ရေးဆွဲ ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း။
မြန်မာ့စဉ်ဆက်မပြတ်
ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MSDP) ကို မဏ္ဍိုင်ကြီး (၃) ရပ်၊ ပန်းတိုင် (၅) ရပ်၊ နည်းဗျူဟာ
(၂၈) ခုနှင့် လက်တွေ့လုပ်ငန်းစဉ် (၂၅၁) ခု တို့ဖြင့် ရေးဆွဲထားပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးမှု
မျှော်မှန်းချက်အဖြစ် တွေ့မြင်ရ မည်ဖြစ်ပါကြောင်း။
မြန်မာ့စဉ်ဆက်မပြတ်
ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MSDP) သည် နိုင်ငံ၏ နှစ်ရှည်မျှော်မှန်းချက် ဖြစ်ပြီး
ငြိမ်းချမ်းရေး၊ သာယာ ဝပြောရေးနှင့် ဒီမိုကရေစီနိုင်ငံ အဖြစ် မျှော်မှန်းတည်ဆောက်သွားရန်
ရည်ရွယ် ပါကြောင်း။
ယင်း MSDP က တိုင်းဒေသကြီးပြည်နယ်များအကြား
စီးပွားရေးနှင့် လူမှုရေး ကဏ္ဍ အသီးသီးအကြား ရင်းနှီးမြှုပ်နှံမှုနှင့် မဟာ ဗျူဟာမြောက်ဖွံ့ဖြိုးမှုအတွက်
ဦးစားပေး အစီအစဉ်အလိုက် အကောင်အထည်ဖော်ရာ တွင် အသေးစိတ် မဟာ ဗျူဟာ စီမံကိန်းအဖြစ် အထောက်အကူပြုမည်ဖြစ်ပါကြောင်း။
ပထမပန်းတိုင်သည် နိုင်ငံရေးတည်ငြိမ်မှု
ရရှိအောင် ဆောင်ရွက်ပြီး ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေးတို့ကို ဦးတည်ထားခြင်း
ဖြစ်ပါကြောင်း၊ ဒုတိယပန်းတိုင်အနေဖြင့် စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းပြီး မေခရိုစီးပွား
ရေးစီမံခန့်ခွဲမှုကို ဦးတည် လုပ်ဆောင်သွားရန် ဖြစ်ပါကြောင်း၊ တည်ငြိမ်မှုမရှိသည့် စီးပွားရေးသည်
ကျယ်ပြန့်ပြီး ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့လုပ်ဆောင်ရာတွင် မဖြစ်နိုင်ပါကြောင်း၊
အဆိုပါ မျှော်မှန်းချက် (၁) နှင့် (၂) တို့သည် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကအရေးကြီးဆုံး
အခြေခံ ထားရမည့် အုတ်မြစ်များထဲမှ အရေးပါသည့် အပိုင်းထဲတွင် ပါဝင်ပါကြောင်း။
ပန်းတိုင် (၃) သည်
အလုပ်အကိုင်ဖန်တီးမှုနှင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်ရန် ဖြစ်ပြီး ပန်းတိုင်
(၄) သည် ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုကို ဦးတည်ထားသည့် လူသားစွမ်းဆောင်ရည်နှင့်
လူမှုဖွံ့ဖြိုးမှု အရည်အသွေး ရှိစေရန် အတွက် ထူထောင်ရန်ဖြစ်ပါကြောင်း။
ပန်းတိုင် (၅) သည်
သဘာဝသယံဇာတ စီမံခန့်ခွဲမှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးကို ဦးတည်ထားခြင်းဖြစ်ပြီး
ရေရှည် တည်တံ့ခိုင်မြဲသည့် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများကို စီမံခန့်ခွဲ့မှုမှ တစ်ဆင့်
မိမိနိုင်ငံကို သာမက ကမ္ဘာကြီးကိုပါ ကာကွယ်နိုင်ရန်ဖြစ်ပါကြောင်း။
မဟာဗျူဟာ ၃.၃ သည်
ယနေ့အခမ်းအနားနှင့် တိုက်ရိုက် သက်ဆိုင်နေပြီး ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေး
ဝန်းကျင်ကောင်းများ ဖန်တီးနိုင်ရန်အတွက် မိမိတို့၏ ကတိကဝတ်များကို ဖော်ပြရာရောက်
ပါကြောင်း၊ ထို့ကြောင့် ယနေ့အခမ်းအနားသည် အဆိုပါ မဟာဗျူဟာစီမံကိန်း၏ အနှစ်သာရကို တစ်စိတ်တစ်ပိုင်း
အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပြောဆိုနိုင်ပါကြောင်း။
မိမိတို့ အစိုးရတာဝန်ယူခဲ့သည့်
အချိန်မှစပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုနှင့် ပတ်သက်သည့် ဖြေလျှော့မှုများ လွယ်ကူချောမွေ့အောင်
ဆောင်ရွက်မှုများကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ပါကြောင်း။
မကြာသေးမီနှစ်များအတွင်း
ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့ရာတွင် တချို့က သိသာထင်ရှားကာ တချို့က သိမ်မွေ့ပြီး
ထူးခြားသည့်အပြောင်းအလဲများ လုပ်နိုင်ခဲ့သည်မှာ အတူတူပင်ဖြစ်ပါကြောင်း။
ယင်းပြုပြင်ပြောင်းလဲမှုများသည်
အားလုံးပါဝင်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သည့် ဈေးကွက် စီးပွားရေးစနစ်ကို
ဖော်ဆောင်နိုင်ရန် ရည်ရွယ်သည့် ဥပဒေနှင့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများကို
ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲနိုင်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါကြောင်း။
ထို့အပြင် ကမ္ဘာ့စီးပွားရေးနှင့်
အကောင်းဆုံး ပိုမိုပူးပေါင်း ချိတ်ဆက်နိုင်မှုကတစ်ဆင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတက်အောင်
လုပ်ဆောင်နိုင်ရန် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ကိုလည်း လုပ်ဆောင် နိုင်ခဲ့ပါကြောင်း၊
ယင်းပြုပြင်ပြောင်းလဲ မှုများသည် မိမိတို့၏ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကို အခြေခံကျကျ
တိုးတက် ပြောင်းလဲရန် ဆောင်ရွက်ရာတွင် ကောင်းမွန် သည့် အကျိုးရလဒ်များ ရရှိခဲ့ပါကြောင်း။
ပထမဆုံး ပြုပြင်ပြောင်းလဲမှု
အနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၂၀၁၆ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ခဲ့ခြင်းဖြစ်ပြီး
ယင်းဥပဒေသည် ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုပွင့်လင်းမြင်သာမှု၊ ပိုမိုဖြေလျှော့မှုများ
ပြုလုပ်ထားသည့်အပြင် ရင်းနှီးမြှုပ်နှံသူများကို ပိုမိုအကာအကွယ်ပေး သည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကိုလည်း
ထည့်သွင်းပြဋ္ဌာန်းထား သကဲ့သို့ နိုင်ငံတကာနှင့် ဒေသတွင်း သဘောတူညီမှုများနှင့် အညီလည်း
ရေးဆွဲထားခြင်းဖြစ်ပါကြောင်း။
ထို့အပြင် ၂၀၁၇ ခုနှစ်
ဒီဇင်ဘာလတွင် မြန်မာကုမ္ပဏီများဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လတွင်
အသက် ဝင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခင် မြန်မာနိုင်ငံကုမ္ပဏီ အက်ဥပဒေအရ နိုင်ငံသားပိုင်
ကုမ္ပဏီတစ်ခုသည် နိုင်ငံခြားရှယ်ယာ ပါဝင်မှုရှိပါက နိုင်ငံခြားကုမ္ပဏီအဖြစ် သတ်မှတ်ခဲ့ပါကြောင်း။
ယခုဥပဒေအသစ်၏ ပြဋ္ဌာန်းချက်အရ
နိုင်ငံသားပိုင်ကုမ္ပဏီတစ်ခု သည် နိုင်ငံခြားသားရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိ ပါဝင်သည့်တိုင်
မြန်မာနိုင်ငံသား ကုမ္ပဏီအဖြစ်နှင့်သာ သတ်မှတ်သည့်အတွက် နိုင်ငံသား ကုမ္ပဏီ၏ အခွင့်အရေးများ
ဆုံးရှုံးမှု မရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။
ကုမ္ပဏီဥပဒေအသစ်သည်
စီးပွားရေးလုပ်ကိုင်မှု လွယ်ကူမှုညွှန်းကိန်းတွင် မြန်မာနိုင်ငံ၏ အဆင့် တိုးတက်စေရန် အထောက်အကူပြုရန်အတွက်
အနည်းစု ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးသည့် ပြဋ္ဌာန်းချက် ကိုလည်း ထည့်သွင်းထားပါကြောင်း။
အဓိက ပြုပြင်ပြောင်းလဲကြိုးပမ်းအားထုတ်မှုအနေဖြင့်
ကုမ္ပဏီမှတ်ပုံတင်ရာတွင် မှတ်ပုံတင်ရုံးကို ကိုယ်တိုင် သွားရောက် ရန် မလိုတော့ဘဲ အွန်လိုင်းမှတ်ပုံတင်စနစ်
(MyCo) ကတစ်ဆင့် ဆောင်ရွက်နိုင်ခြင်း ပင်ဖြစ်ပါကြောင်း။
အွန်လိုင်းမှတ်ပုံတင်စနစ်
စတင်ခဲ့သည့် ၅ လတာကာလအတွင်း ကုမ္ပဏီပေါင်း ၈၄၀၀ ကို အွန်လိုင်းစနစ်ဖြင့် အသစ် မှတ်ပုံတင်နိုင်ခဲ့ပြီး
ဖြစ်ပါကြောင်း၊ ထိုအရာသည် ၁၉၈၈ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ နှစ်ပေါင်း ၃၀ အတွင်း စုစုပေါင်း
မှတ်ပုံတင်ခဲ့မှု၏ ၁၀ ရာခိုင်နှုန်းရှိပါကြောင်း။
ယင်းတိုးတက်အောင်မြင်မှုကို
အတုယူပြီး အခြားနယ်ပယ်များတွင်ပါ ပိုမို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် နိုင်ရန် ရည်ရွယ်ဆောင်ရွက်
လျက်ရှိပါကြောင်း၊ နောက်တစ်ဆင့်အနေဖြင့် လူနှင့် လုပ်ဆောင်ရ သည့် လုပ်ငန်းများကို အွန်လိုင်းဖြင့်
ဆောင်ရွက်သည့်စနစ်ကို ပြောင်းလဲဆောင်ရွက်နိုင်ရန် တစ်ဆင့်ခြင်း တိုးတက် ဆောင်ရွက် သွားမည်ဖြစ်၍
နောင်အခါတွင် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ဌာနများစွာ နေရာများစွာကို သွားရောက်လုပ်ကိုင်စရာ
မလိုအောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ကုမ္ပဏီဥပဒေပြဋ္ဌာန်းမှုနှင့်
အတူ စီးပွားရေးကဏ္ဍ အသစ်များကိုလည်း ရင်းနှီးမြှုပ်နှံသူများအတွက် ဖွင့်လှစ်ပေး ခဲ့ပါကြောင်း၊
ဥပမာအားဖြင့် ၂၀၁၈ ခုနှစတွင် နိုင်ငံခြားသား ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် ကုမ္ပဏီများကို
လက်ကားနှင့် လက်လီကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့သည့်အတွက် ဥရောပ၊ ဂျပန်နှင့်
တောင်ကိုရီးယားနိုင်ငံများ အပြင် အခြားနိုင်ငံများကိုပါ ဆွဲဆောင်နိုင်ခဲ့ပါကြောင်း။
ထို့အပြင် မြန်မာနိုင်ငံ၏
ပညာရေးဝန်ဆောင်မှု ကဏ္ဍတွင် နိုင်ငံခြားသား ၁၀၀ ရာခိုင်နှုန်းပိုင်သည့် ပညာရေး ဝန်ဆောင်မှု
လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံခွင့် ပေးခဲ့ပါကြောင်း၊ ယင်းအပြင် ဖက်စပ်ကုမ္ပဏီများအဖြစ်
ထူထောင်ခွင့်ပြုခဲ့ပါကြောင်း။
အရေးပါသည့် ဆောင်ရွက်မှု
တစ်ခုအနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး
ယင်းအဖွဲ့သစ် အနေဖြင့် စီမံခန့်ခွဲမှုပုံသဏ္ဍာန် အသစ်နှင့် ပြုပြင်ပြောင်းလဲမှုများကို
အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းအဖွဲ့သည် မြန်မာနိုင်ငံကို ဒေသတွင်းကုန်သွယ်မှုနှင့်
ရင်းနှီးမြှုပ်နှံမှု အတွက် အချက်အချာ ဒေသအဖြစ် ပြောင်းလဲနိုင်ရန် သန္နိဋ္ဌာန် ချထားပြီး
ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်ထုတ်ပေးသည့် ကိစ္စရပ်များတွင် ပွင့်လင်းမြင်သာပြီး
လွယ်ကူချောမွေ့စေရန် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း။
ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့သစ်သည်
ကော်မရှင်၏လုပ်ငန်းများ အပေါ်မှာသာမက အခြား အစိုးရဌာနများမှ ရင်းနှီးမြှုပ်နှံမှုနှင့်
ဆက်စပ်သည့် လုပ်ငန်းဆောင်ရွက်မှုများကိုပါ ပိုမိုလွယ်ကူ ရှင်းလင်းပြီး ကြိုတင်ခန့်မှန်း
နိုင်စွမ်းရှိသည့် စံချိန်စံညွှန်းမှီ လုပ်ထုံးလုပ်နည်းများ (Standard Operating
Procedure - SOPs) ရေးဆွဲချမှတ်ဆောင်ရွက်နိုင်ရန် အတွက်သာမက ဝန်ဆောင်မှုများပေး ရာတွင်
(Single Window) စနစ်ကိုပါ ကျင့်သုံးဆောင်ရွက်နိုင်ရန် ပြန်လည် သုံးသပ် လုပ်ဆောင်လျက်ရှိပါကြောင်း။
မိမိတို့ အနေဖြင့်
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းကို မကြာသေးမီကပင် ရေးဆွဲ
ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ ယင်းစီမံကိန်း သည် နောင် အနှစ် ၂၀ အတွင်း အမေရိကန်ဒေါ်လာ
၂၀၀ ဘီလီယံ ကျော်ရှိသည့် တာဝန်ယူ မှုရှိပြီး အရည်အသွေးရှိသော ရင်းနှီးမြှုပ်နှံ မှုများကို
ဖိတ်ခေါ်ဆောင်ရွက်နိုင်ရန် မျှော်မှန်းထားပြီး မိမိနိုင်ငံကို ဝင်ငွေ အလယ်အလတ်ရှိသည့်
နိုင်ငံတစ်ခုအဖြစ် ရောက်ရှိရန် မျှော်မှန်းထား ပါကြောင်း။
ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်ကို အထောက်အကူပြုစေရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး
ဝန်ကြီးဌာန (MOIFER) ကို ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊
MOIFER အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်း ဖြစ်ပေါ်ရေး၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက် နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်
ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး အဓိကထား ဆောင်ရွက်ခြင်းဖြင့်
နိုင်ငံတော်နှင့် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်သွားရန် ရည်ရွယ်ဖွဲ့စည်း
ခဲ့ခြင်း ဖြစ်ပါကြောင်း၊
ဦးစားပေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို
ဖော်ထုတ်ရာတွင် ပိုမိုမဟာ ဗျူဟာကျပြီး ပွင့်လင်းမြင်သာ မှုရှိစေရန် စီမံကိန်းနှင့် ဘဏ္ဍာရေး
ဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန
တို့က စီမံကိန်းဘဏ်ကို ရေးဆွဲခဲ့ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် အဓိကကျသည့်
စီမံကိန်းများကို စိစစ် သုံးသပ်အကဲဖြတ်ပြီး ဦးစားပေးစီမံကိန်းများအဖြစ် သတ်မှတ်ကာ အစိုးရဘတ်ဂျက်၊
ဖွံ့ဖြိုးမှုအကူအညီ သို့မဟုတ် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံ မှုစသည့် အသင့်လျော်ဆုံး ဘဏ္ဍာရေးအရင်းအမြစ်များကို
ရယူအသုံးချသည့် ပုံသဏ္ဍာန်အပြင် အစိုးရပုဂ္ဂလိက ဆောင်ရွက်သွားမည့် ပုံသဏ္ဍာန်နှင့် အကောင်အထည်
ဖော်နိုင်ရန် စုစည်းထားသည့် အချက်အလက်ဘဏ် (Data Bank) ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်
ပြုပြင်ပြောင်းလဲမှုများအပေါ် ကြိုးပမ်း ဆောင်ရွက်မှုကို ကမ္ဘာဘဏ်မှ အသိအမှတ်ပြုခဲ့ပြီး
၂၀၁၇ ခုနှစ်တွင် Star Reformer Award ကို အပ်နှင်းခဲ့ပါကြောင်း၊ ယင်းအောင်မြင်မှုအပေါ်
မိမိတို့ နိုင်ငံသည် ကျေနပ်မနေဘဲ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်များ ပိုမိုကောင်းမွန်အောင်
ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
မြန်မာ့ဖွံ့ဖြိုးတိုးတက်မှုအတွက်
အခြေခံ အဆောက်အအုံလိုအပ်ချက် ကွာခြားချက် ရှိနေခြင်း ကဲ့သို့သော စိန်ခေါ်မှုများစွာလည်း
ရှိနေပါသေးကြောင်း၊ မြန်မာနိုင်ငံတွင် သဘာဝဓါတ်ငွေ့နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များ
ပေါကြွယ်ဝ သော်လည်း ကမ္ဘာပေါ်တွင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု အနည်းဆုံး နိုင်ငံတစ်ခု
အဖြစ် ရှိနေပါသေးကြောင်း။
မြန်မာ့ဆိပ်ကမ်းများကိုလည်း
အဆင့်မြှင့်တင်ပြီး တစ်နေ့တစ်ခြား တိုးပွားလာ သည့် ကုန်သွယ်မှု လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်
လိုအပ်နေပါကြောင်း။
ထိုကဲ့သို့ စိန်ခေါ်မှုများရှိနေသည့်
နယ်ပယ်များသည် ရင်းနှီးမြှုပ်နှံ သူများအတွက် ကြီးမားသည့် အခွင့်အလမ်း များအဖြစ် ရှိနေသည့်အတွက်
စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်ရန် တိုက်တွန်း ပြောကြားရင်း
နိဂုံးချုပ် ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်
ရေးကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်
မရှင်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ်များ၊ ဒုတိယ၀န်ကြီးများသည်
မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)နာယကကြီးများ၊
မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံတကာ သံရုံးများမှ သံအမတ်ကြီးများ၊ UMFCCI ဥက္ကဋ္ဌ၊ ဗဟိုအလုပ်
အမှုဆောင်များ၊ အလုပ်အမှုဆောင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် သည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန
(၂) အတွင်း ခင်းကျင်းပြသထားသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ၀န်ကြီးဌာနများနှင့်
ပုဂ္ဂလိကကဏ္ဍတို့၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှု
အားပေးကြသည်။
Ref; Myanmar
State Counsellor Office

No comments:
Post a Comment