Tuesday, January 22, 2019

ကလေးစာပေပွဲတော် (မြစ်ကြီးနား) တွင် တိုင်းရင်းသား ဘာသာစကားဖြင့် ကဗျာနှင့် ပုံပြောပြိုင်ပွဲများ ထည့်သွင်းကျင်းပ


မြစ်ကြီးနား ဇန်နဝါရီ ၂၁

ကလေးစာပေပွဲတော်(မြစ်ကြီးနား) တွင် တိုင်းရင်းသား ဘာသာစကားဖြင့် ကဗျာနှင့် ပုံပြောပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ပြီး ယနေ့ကျင်းပသည့် ပုံပြောပြိုင်ပွဲသို့ မူလတန်းနှင့် အလယ်တန်း အဆင့် လီဆူ၊ ဂျိန်းဖော၊ လာချိဒ်၊ ရဝမ်၊ တိုင်းဆာ၊ တိုင်းလိုင်၊ တိုင်းလုံ၊ ဇိုင်ဝါး၊ လော်ဝေါ် တိုင်းရင်းသား ကျောင်းသား ကျောင်းသူ များ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။


▲▲ဂုဏ်ယူတန်ဖိုးထားတတ်ရန်▲▲
တိုင်းရင်းသားများ၏ ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုများ ဖွံ့ဖြိုး တိုးတက်စေရန်၊ တိုင်းရင်းသားများ၏ ကိုယ်ပိုင်စာပေဖြင့် ရေးဖွဲ့ထားသည့် ကဗျာများ၊ ပုံပြင်များကို အခြားတိုင်းရင်းသားများ သိရှိပြီး ဂုဏ်ယူမြတ်နိုး တန်ဖိုးထားတတ် စေရန် ရည်ရွယ်၍ တိုင်းရင်းသား ဘာသာစကားဖြင့် ကဗျာနှင့် ပုံပြောပြိုင်ပွဲများကို ထည့်သွင်း ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်သည့် အ.ထ.က (၁) မှ ဂျိန်းဖော တိုင်းရင်းသူ မဂျာနောင်ဆိုင်းက "ကျွန်မဒီနေ့ ပုံပြော ပြိုင်ပွဲမှာ ဂျိန်းဖောဘာသာဆိုရင် ချဂရောန်ထဲ့ ဆဂူး ကရှာအလမ် ၊ မြန်မာ ဘာသာ ဆိုရင် ဝံပုလွေနဲ့ သိုးကလေးဆိုတဲ့ ပုံပြင်နဲ့ လာရောက် ယှဉ်ပြိုင်တာပါ။ ယှဉ်ပြိုင်တာမျိုးမဟုတ်ဘဲ ဂျိန်းဖော ဘာသာစကားကို တခြားတိုင်းရင်းသား တွေကို သိစေချင်တယ်။ ဒီလိုမျိုး ပြောပြ ရတဲ့အတွက်လည်း ပျော်တယ်။ တခြား သူငယ်ချင်း၊ တခြား တိုင်းရင်းသားတွေရဲ့ ပုံပြင်တွေကိုလည်း သိချင်ပါတယ်" ဟု ပြောသည်။
▲▲ကလေးတွေ ပျော်ကြတယ်▲▲
"ကလေးစာပေပွဲတော်မှာ တိုင်းရင်းသား ဘာသာစကားနဲ့ ပုံပြင်၊ ကဗျာတွေ ပါဝင်ပြောကြားလို့ ရတယ်လို့ ပြောပါတယ်။ ကျောင်းမှာ လည်း ဂျိန်းဖော ဘာသာစကားကို Grade-I ကနေ Grade - 4 အထိ သင်တာ ရှိပါတယ်။ အဲဒါနဲ့ ကလေးတွေက ပုံပြင်ပြော ပါဝင်ချင်တယ် ဆိုတာနဲ့ ဒီနေ့ကလေးတွေကို လိုက်ပို့တာပါ။ ကလေးတွေက ဒီလိုပါဝင် ရတဲ့အတွက် ပျော်ကြတယ်။ ကလေးတွေ ပျော်တော့ ကျွန်မဆီလည်း အပျော်တွေ ကူးစက်ပြီး ပျော်တယ်။ ပုံပြောလာပြိုင် ရုံတင်မဟုတ်ဘဲ သူတို့အနေနဲ့ တခြား အများကြီးလည်း လေ့လာ စရာတွေရှိတယ်" ဟု ဆရာမ ဒေါ်ဂျာမိုင်က ပြောသည်။
ရဝမ်တိုင်းရင်းသား ဘာသာဖြင့် ပုံပြောပြိုင်သူ အ.ထ.က(၈) မှ မောင်ချန်း ဒေးဗစ်ဆန်းလွန်က ပြိုင်ပွဲနှင့် ပတ်သက်၍ "ဒီလိုမျိုး တခြားတိုင်းရင်းသားသူငယ်ချင်း တွေ အများကြီးရှိတဲ့နေရာမှာ တစ်ခါမှ မပြောဖူးဘူး။ ဘုရားကျောင်းမှာတော့ သီချင်းဆိုဖြစ်တယ်။ အခုလိုမျိုး ပြောတာက ပထမဆုံးပြောဖူးတာဆိုတော့ စိတ်လှုပ်ရှား သလို ပျော်လည်းပျော်တယ်။ ပုံပြင်ဆိုပေမယ့် ကျွန်တော့်စိတ်ထဲမှာ ကိုယ့်ရဲ့ ရဝမ်လူမျိုးတွေ ကိုယ်စား ပြောနေ ရသလို ခံစားရတယ်။ နောင်ကျလည်း ဒီလိုမျိုး လုပ်ပေးစေချင်တယ်" ဟု ပြောသည်။
▲▲မကြုံဖူးတော့ ဝမ်းသာ▲▲
တိုင်းရင်းသားဘာသာစကားဖြင့် ပုံပြောပြိုင်ပွဲတွင် တိုင်းရင်းသား ဘာသာ နှင့် မြန်မာဘာသာ တွဲဖက်ပြောပြသည့် အဖွဲ့လိုက် ပုံပြောပြိုင်ခြင်းများလည်း ပါဝင်သည်။
တိုင်းလုံဘာသာနှင့် မြန်မာဘာသာ တွဲဖက်ပုံပြောပြိုင်သူ တိုင်းလုံတိုင်းရင်းသား မောင်စိုင်းမြင့်က "ကျွန်တော်က ကျွန်တော်တို့ ဘာသာနဲ့ ပြောတယ်။ ကျွန်တော့်သူငယ်ချင်း နန်းမိုင်းမိုင်က မြန်မာလို ပြောတယ်။ ကျွန်တော်တို့ ဘာသာနဲ့ဆို လင်းတောင်း လိမ်လို့ ခေါ်ပြီး မြန်မာလိုကျတော့ လကိုဆယ်သော မျောက်ဆိုတဲ့ ပုံပြင်ကို ပြောပြကြတယ်။ ပုံပြောပြီးတော့ တခြားနေရာတွေလည်း အဖေနဲ့၊ သူငယ်ချင်းတွေနဲ့ အတူတူ သွားလေ့လာကြတယ်။ ကျွန်တော်တို့က ဒီလိုမျိုး မကြုံဖူးတော့ ဝမ်းသာတယ်။ နောင်နှစ်တွေ မှာလည်း လုပ်ဖြစ်ရင် ကဗျာရော၊ ပုံပြင်ရောဝင်ပြိုင်မယ်" ဟု ပြောသည်။
ယမန်နေ့က တိုင်းရင်းသားဘာသာ ဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကိုလည်း ကျင်းပ ခဲ့ပြီး ပြိုင်ပွဲသို့ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းလိုင်၊ ဇိုင်ဝါး၊ ဂျိန်းဖော၊ ရဝမ်၊ လီဆူနှင့် လော်ဝေါ် တိုင်းရင်းသား ကျောင်းသား ကျောင်းသူ များ လာရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ရှင်မင်း
ဓာတ်ပုံ-ထိန်နန်နော်

No comments:

Post a Comment