Wednesday, January 30, 2019

မှော်ဘီမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက် ဦးစီးမှူးနှင့် မြေတိုင်း-၄ တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

နေပြည်တော် ဇန်နဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ပက်တန်းကျေးရွာတွင် ဒေသခံ လယ်သမားများ နှစ်(၃၀) ကျော် လယ်လုပ်ငန်း လုပ်ကိုင်အသက်မွေးခဲ့ကြသည့် မပယ်ဖျက်ရသေးသော စားကျက်မြေ မြေဧက(၁၄၀) ခန့်အတွင်း လယ်သမား အိမ်ထောင်စု (၃၁) စုထံမှ မြေဂရန်ချပေးမည်၊ ပုံစံ(၇) ထုတ်ပေးမည်ဟုဆိုကာ ငွေတောင်းခံသွားသော သူများအား အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။


တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးအောင်စိုးလင်းနှင့် မြေတိုင်း-၄ ဦးဇော်အေးလတ်တို့သည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက မြေစာရင်းပုံစံ (၁၀၅) နှင့် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ရရှိအောင် ဆောင်ရွက်ပေးမည်ဟုဆိုကာ စားကျက်မြေ အတွင်း၌ နေထိုင်သည့် တောင်သူ များထံမှ (၁)ဧကလျှင် ငွေကျပ် ၅ဝဝဝဝ နှုန်းဖြင့် တစ်ဝက်ကြေးဖြစ်သည့် ငွေကျပ် ၂၅ဝဝဝ နှုန်းကို ကောက်ခံပေးရန် ရပ်မိရပ်ဖ အကူအညီ တောင်းခံ၍ ကောက်ခံရရှိသည့် ငွေကျပ် ၁၅၅ဝဝဝဝ မှ လက်ထောက်ဦးစီးမှူး ဦးအောင်စိုးလင်းက ငွေကျပ်(၈)သိန်းနှင့် မြေတိုင်း-၄ ဦးဇော်အေးလတ်က ငွေကျပ်(၃)သိန်းကို မှော်ဘီမြို့ ဆိုင်ကယ်ဂိတ်အနီး Star စားသောက်ဆိုင်၌ လက်ခံ ရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မှော်ဘီမြို့မ ရဲစခန်းတွင် ဇန်နဝါရီ ၂၈ ရက် ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment