Tuesday, January 22, 2019

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေး သောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ အစည်းအဝေးကျင်းပ


နေပြည်တော် ဇန်နဝါရီ ၂၁

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ် တားဆီးရေးကော်မတီ ပထမ အကြိမ်အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည်။

အဆိုပါအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်နက် ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ် တားဆီးရေးကော်မတီ ဖွဲ့စည်းရခြင်း အဓိကအကြောင်းအရင်းမှာ မြန်မာနိုင်ငံသည် လက်နက်ကိုင် ပဋိက္ခများ ဖြစ်ပွားဆဲနိုင်ငံဖြစ်ပြီး ကလေးသူငယ်များကို ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ် တားဆီးရန် လိုအပ်သောကြောင့် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစု ပင်လုံအစည်းအဝေးများကျင်းပခြင်းဖြင့် အကောင်ထည်ဖော် လျက်ရှိပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း(၂)တွင် လူမှုရေးကဏ္ဍအခြေခံမူ သဘောတူ ညီချက် (၇) ချက် ရရှိရာ ကလေးသူငယ်အခွင့်အရေးရရှိရန်နှင့် ကလေး သူငယ်ဘက်စုံ ဖွံ့ဖြိုးရေးအတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို လေးစားလိုက်နာရေးနှင့် ကလေး သူငယ် များအတွက် ကြီးလေးသောချိုးဖောက်မှု (၆)ချက် ပပျောက်ရေးကိုဦးတည်၍ စီမံချက်ချ မှတ်ဆောင်ရွက် ရန်ဟူသော အချက်ပါဝင်ကြောင်း။
၁၉၉၃ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ၏ ကလေးသူငယ် ဥပဒေ ကို ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ဥပဒေအဖြစ် အသစ်ပြန်လည် ပြင်ဆင်ရေးသားခဲ့ပြီး အတည်ပြုရန် အတွက် လွှတ်တော်တွင် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်လျက် မကြာမီ အတည်ပြုနိုင်မည်ဖြစ်ကြောင်း၊ ဥပဒေအသစ် အခန်း (၁၇) တွင် ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ် များ အပေါ် ကြီးလေးသော ကျူးလွန်မှု (၆)ရပ်အား ကျူးလွန်ပါက အရေးယူဆောင်ရွက်ရမည့်ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ပတ်သက်၍ ထည့်သွင်းဖော်ပြထားရှိကြောင်း၊ ယခုဖွဲ့စည်းသော ကော်မတီ အနေဖြင့် လုပ်ငန်းတာဝန် (၁၀)ရပ် အား အကောင်အထည်ဖော် ရမည်ဖြစ်ရာ အဆိုပါသဘောတူညီချက်များ၊ ဥပဒေပါပြဋ္ဌာန်းချက် များအပြင် နိုင်ငံတော်၏ မူဝါဒ၊ နိုင်ငံတကာပြဋ္ဌာန်းချက်များ၊ စံညွှန်းများနှင့် ကိုက်ညီသော လုပ်ငန်းအစီအစဉ်များ ရေးဆွဲ အကောင်အထည်ဖော်မည် ဖြစ်ပြီး ကော်မတီ၏ ဆောင်ရွက်ချက် များကို မီဒီယာတွင် အများပြည် သူနှင့် နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်း အစီအစဉ်များရေးဆွဲရန် ကော်မတီဝင်များ၊ အစည်းအဝေး တက်ရောက်လာသူများက အကြံပြုဆွေးနွေးပေးကြ ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကော်မတီအတွင်းရေးမှူး ပြန်လည်ထူထောင် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လက်နက် ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှု (၆)ရပ်အား ရှင်းလင်းပြော ကြားသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်နှင့် ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာန အသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိ ကိုယ်စားလှယ်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးချက်များအရ ကော်မတီ၏ လုပ်ငန်းတာဝန်များကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက် ရန် လုပ်ငန်းစီမံချက် များရေးဆွဲရေးအတွက် လုပ်ငန်းကော်မတီကို ဖွဲ့စည်းရန်နှင့် ညှိနှိုင်း အစည်းအဝေး များကို နှစ်လတစ်ကြိမ် ပုံမှန်ကျင်းပရန်၊ ကုလသမဂ္ဂ အဖွဲ့အစည်းများဖြစ်သော UNICEF ၊ UNDP အဖွဲ့အစည်းများ အပါအဝင် Country Task Force for Monitoring and Reporting – CTFMR နှင့် ထိရောက်စွာ ဆွေးနွေးပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment