မြစ်ကြီးနား ဇန်နဝါရီ ၂၁
ကလေးစာပေပွဲတော် ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ဒုတိယနေ့ကို မြစ်ကြီးနားမြို့၊ မြစ်ကြီးနား တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပရာ နံနက်ပိုင်းမှ ပွဲတော်ပိတ်သိမ်းချိန် ညနေ ၅ နာရီ အထိ လာရောက်လေ့လာသူများ၊ ပါဝင်ဆင်နွှဲသူများနှင့် စည်ကား များပြား လျက်ရှိသည်။
▲▲ဖျော်ဖြေတင်ဆက်▲▲
အဆိုပါ ပွဲတော်တွင် မြစ်ကြီးနားမြို့ရှိ အခြေခံ ပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေတင်ဆက်မှု၊ ကချင် အနုပညာရှင်များ အသင်းမှ တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှု၊ ရုပ်သေး အကဖြင့် ဖျော်ဖြေတင်ဆက်မှုနှင့် ကျောက်ဆည်မြို့ ရိုးရာ ဆင်အကအဖွဲ့၏ ဖျော်ဖြေတင် ဆက်မှု တို့ကို ပွဲတော်လာရောက်သူ များက အားပေးကြည့်ရှုကြသည်။
ထို့ပြင် ပွဲတော်သို့လာရောက်ကြသည့် ကလေးများအတွက် စက္ကူခေါက် ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီ ပြိုင်ပွဲ၊ အရုပ်ဆက်၊ အိမ်တည်ဆောက်မှု ပြိုင်ပွဲများနှင့် စုပေါင်းယှဉ်ပြိုင်ရသည့် ဂိမ်းကစားနည်း ပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပပေးခဲ့သည်။
ပွဲတော် ဒုတိယနေ့ စာပေဟောပြောပွဲတွင် စာရေးဆရာ ရွှေမြာ လှဝင်းဆွေက "ကလေးကဗျာ ချစ်စရာ "ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ထီလာသန်းနိုင်က “အရှေ့အနောက် တောင်မြောက် ဘယ်မှာ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ပြီး စာပေစကားဝိုင်းတွင် “ခေတ်အမြင် ခေတ်အတွေး လူငယ်အရေး" ခေါင်းစဉ် ဖြင့် မောင်ရည်ကျော် (ရူပ)၊ မောင်သော မတ်စ်တူးတူး၊ မနန်းအိဖြိုးထက်၊ မခိုင်မာလွင်အေးနှင့် မဌေးဌေးလွင်တို့ ပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အလားတူ ကလေးစာပေမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် မေခအောင်၊ အောင်ထွန်းလင်း ၊ စောနဒီ (မြစ်ကြီးနား)၊ မြစ်ငယ်ကျော်မော်တို့က “လူငယ်နှင့် အကျင့်စာရိတ္တ" ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ ပွဲတော်လာရောက် သူများက စိတ်ပါဝင်စားစွာ တက်ရောက်နားထောင်ခဲ့ကြကြောင်း သိရသည်။
▲▲ပြခန်းများပြသ▲▲
ထို့ပြင် ကလေးစာပေပွဲတော် (မြစ်ကြီးနား)တွင် အသိပညာပေးပြခန်း ၂၆ ခန်းပါဝင်ပြသထားပြီး မြစ်ကြီးနား Community Centre နှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း Mobile Library ပြခန်း၊ ဘူမိဗေဒပြခန်း၊ ရုက္ခဗေဒပြခန်း၊ သတ္တဗေဒပြခန်း၊ ဓာတုဗေဒနှင့် ဇီဝဓာတုဗေဒပြခန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး/ သစ်တော ရေးရာပြခန်း၊ မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းပြခန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီး ဌာနပြခန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးပြခန်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးပြခန်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အသိပညာ ပေးပြခန်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ အသိပညာပေးပြခန်း၊ I.E.L.T အင်္ဂလိပ်စာနှင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးသင်တန်း ကျောင်းပြခန်း၊ ကိုယ်ပိုင်အထက်တန်း ကျောင်းများမှပြခန်း သုံးခန်း၊ ညောင်ပင်သာ ကလေးစာကြည့်တိုက်မှ အသိပညာ ပေးပြခန်း၊ အခြေခံပညာကျောင်းများမှ ပြခန်း ငါးခန်း၊ ILBC မှ အသိပညာ ပေးပြခန်း၊ ကွန်ပျူတာ တက္ကသိုလ် (မြစ်ကြီးနား) မှ အသိပညာပေးပြ ခန်း၊ နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) မှ အသိပညာပေးပြခန်း၊ GREEN HILLS ACADEMY အသိပညာ ပေးပြခန်းတို့မှ ပါဝင်ပြသ ထားခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ လော်ဝေါ်၊ ရဝမ်၊ လာချိဒ်၊ ဂျိန်းဖော၊ လီဆူ၊ ဇိုင်ဝါး၊ တိုင်းလေ၊ တိုင်းလိုင်၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းခမ်းတီ စသည့် တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့် ရိုးရာယဉ်ကျေးမှုပြခန်း (၁၁) ခန်း ပါဝင်ပြသ ထားကြောင်းသိရသည်။
▲▲အရောင်းဆိုင် ၅၀ ရောင်းချ▲▲
ထို့အပြင် စာအုပ်ထုတ်ဝေရေးနှင့် ဖြန့်ချိရေးလုပ်ငန်းများမှ စာအုပ် အရောင်းဆိုင် ၅၀ လာရောက်ရောင်းချ ကြောင်းသိရှိရပြီး ကလေး စာပေနှင့် ပတ်သက်သည့် စာအုပ်စာစောင်များ အများဆုံး ရောင်းချရကြောင်း သိရှိရသည်။
ယနေ့ကျင်းပသည့် ကလေးစာပေ ပွဲတော် ဒုတိယနေ့သို့ ကျောင်းသား ကျောင်းသူများ အပါအဝင် ပြည်သူ ၆၀၀၀၀ ကျော် လာရောက်လေ့လာခဲ့ပြီး ပွဲတော် ပထမနေ့က ကျောင်းသား ကျောင်းသူများ အပါအဝင် ပြည်သူ ၅၀၀၀၀ ကျော် လာရောက်လေ့လာ ခဲ့ကြောင်း သိရသည်။
ကလေးစာပေပွဲတော်ကို နိုင်ငံ၏ အနာဂတ်မှာ ခေါင်းဆောင် များဖြစ်လာကြမည့် ကလေးများ၏ ဉာဏ်ရည် ဉာဏ်သွေးနှင့် အယူအဆများ ထက်မြက် လာစေရန်၊ ကလေးများ၏ တီထွင်ဖန်တီး လိုစိတ်များ ရင့်သန်စေရန်နှင့် နှုတ်မှု ရေးရာ ပြောဆိုနိုင်သည့် စွမ်းရည်များ မြင့်မားလာစေရန်၊ ကလေးများ စာပေနှင့် ထိတွေ့ရင်းနှီး မှုရပြီး စာဖတ်ဝါသနာပါ လာစေရန်နှင့် ကလေးများ၏ ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
▲▲စတုဒိသာ လှူဒါန်း▲▲
ယနေ့ ကလေးစာပေပွဲတော်သို့ လာရောက်သည့် ကျောင်းသား ကျောင်းသူများအား ကချင်ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စည်ပင်သာယာရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြစ်ကြီးနား ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ရေသန့်နှင့် မုန့်များ၊ Nestle မှ နို့အေးများကို ပွဲတော်လာ ကလေးများအား စတုဒိသာအဖြစ် လှူဒါန်းဝေငှခဲ့ကြောင်း သိရသည်။
အောင်မင်းဟန်
ဓာတ်ပုံ- ထိန်နန်နော်

No comments:
Post a Comment