နေပြည်တော် ဇန်နဝါရီ ၂၁
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယမန်နေ့နံနက်ပိုင်း တွင်မကွေး တိုင်းဒေသကြီး မကွေးတိုင်းပြည်သူ့ဆေးရုံကြီး အစည်းအဝေး ခန်းမ၌ မကွေးတိုင်းဒေသကြီး အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ယခုထက် ပိုမိုမြင့်မားစေရေးနှင့် ကျန်းမာရေး စောင့်ရှောက် မှုစံနမူနာပြ တိုင်းဒေသကြီး တစ်ခုဖြစ်လာစေရေးအတွက် ဝန်ထမ်းများနှင့် တွေ့ ဆုံညှိနှိုင်းဆွေးနွေးသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက မကွေးတိုင်းဒေသကြီး အတွင်း ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုကောင်းမွန်စေရေးနှင့် စံနမူနာပြ တိုင်းဒေသကြီးဖြစ်စေရန်အတွက် ယခုလက်ရှိ တိုင်းဒေသကြီး၏ ကျန်းမာရေးစနစ်၊ ဝန်ထမ်းနှင့်ဌာနဖွဲ့စည်းပုံ၊ ဆောင်ရွက်နေသည့် လုပ်ငန်းများအားလုံးကို စနစ်တကျ ဆန်းစစ်သုံးသပ်၍ ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ မှန်ကန်ကောင်းမွန်သော မဟာဗျူဟာ၊ နည်းဗျူဟာ နှင့် စီမံချက်လုပ်ငန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မှန်ကန်တိကျသည့် စာရင်းဇယားနှင့် သတင်းအချက်အလက် များကို အချိန်နှင့် တစ်ပြေးညီရရှိရန်မှာ အထူးအရေးကြီးပါကြောင်း၊ တိုင်းဒေသကြီးတွင် သွေးလွန် တုပ်ကွေးရောဂါနှင့် ရေမသန့်ရှင်းမှုကြောင့် ဖြစ်ပေါ်သော ဝမ်းပျက်ဝမ်းလျှောရောဂါ များကာကွယ်တားဆီးနှိမ်နင်းခြင်း လုပ်ငန်းများကို အုပ်ချုပ်ရေး အဖွဲ့များ၊ စည်ပင်သာယာရေး ကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်သွား ရမည်ဖြစ်ပြီး ပြည်သူ့ ကျန်းမာရေး လုပ်ငန်းများကို ပြည်သူလူထုများပါ ပါဝင်ဆောင်ရွက်နိုင် ရန်အတွက်လည်း လုပ်ဆောင် သွားရမည်ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနမှ ဖြန့်ဝေလျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှု အထောက်အကူပြု Mobile Tablet များကိုလည်း အကျိုးရှိ ထိရောက်စွာ အသုံးချကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် လိုအပ်ချက်များကို စောင့်ကြည့်ဆန်းစစ်နိုင်ရန်အတွက် တိုက်ဆိုင်စစ်ဆေးရမည့်စာရင်းများ ပြုစုကာဆောင် ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ဆေးရုံများ၊ ကျန်းမာရေးဌာနများ၏ လုပ်ငန်းဆောင်ရွက်မှု၊ ရလဒ်များနှင့် ကျန်းမာရေး အခြေပြစာစောင် များကို သက်ဆိုင်ရာအဆင့်အလိုက် တစ်ပြေးညီပုံစံပြုစု ကာ အသုံးပြု သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ကျန်းမာရေး လုပ်ငန်း များ၊ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ အသုံးချသုတေသနများပြုလုပ် စေလိုပြီး သူနာပြုများနှင့် အခြေခံကျန်းမာရေး ဝန်ထမ်းများပါ ပါဝင်ဆောင်ရွက် လုပ်ဆောင်ကြစေလိုကြောင်း။
ဒေသအတွင်း ကျန်းမာရေးလုပ်ငန်းဆောင်ရွက်နေသည့် INGO/ NGO များနှင့် ပေါင်းစပ်ချိတ်ဆက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆေးရုံနှင့် ကျန်းမာရေး ဌာနများ၏ ဥပဓိရုပ်ကောင်းမွန်စေရန်နှင့် သန့်ရှင်းသပ်ရပ်စေရန်အတွက် လိုအပ်သည့် ပြင်ဆင်မွမ်းမံမှု များပြုလုပ်ရန် ဘဏ္ဍာငွေများကို တင်ပြတောင်း ခံကြရန် ဖြစ်ပါကြောင်း၊ ဆေးရုံများတွင် ကုသမှုခံယူရသောလူနာများ၏ ရောဂါဖြစ်ပွားမှု အမျိုးအစားအလိုက် စနစ်တကျဆန်းစစ် သုံးသပ်မှု များပြုလုပ်၍ အဖြစ်များသည့်ရောဂါများကို ကာကွယ် တားဆီးနှိမ်နင်းရေး ဦးစားပေးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် သွားရမည်ဖြစ်ပါ ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေသော အဆင့်ဆင့်သော ဝန်ထမ်းများသည် တန်းတူညီမျှ အရေးကြီးပြီး အပြန်အလှန်လေးစားမှု၊ ညှိနှိုင်း ပူးပေါင်းမှု၊ အသင်းအဖွဲ့စိတ်ဓာတ်များဖြင့် ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြား ရာတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းများအားလုံးကို အသိ အမှတ်ပြုပါကြောင်း၊ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ယခုထက်ပိုမိုမြင့်မားစေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု စံနမူနာပြ တိုင်းဒေသကြီးတစ်ခုဖြစ်လာစေရေးအတွက် အစိုးရ အဖွဲ့အနေဖြင့်လည်း တတ်နိုင်သမျှ ပံ့ပိုးပေးကာ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ဆက်လက်၍ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင်က ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများ၊ အဖြစ်များ သောရောဂါအမျိုးအစားအလိုက် ဆေးရုံတက်ရောက်မှု အခြေအနေများ၊ ဝန်ထမ်း အင်အား၊ အုပ်ချုပ်ရေး၊ ဆောက်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ထပ်မံဖြည့် ဆည်းပေးရန် လိုအပ်ချက်များကို တင်ပြသည်။
တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ခရိုင်နှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အခြေခံကျန်းမာရေး ဝန်ထမ်းများက ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက် များနှင့် အကြံပြု တင်ပြချက်များကို နံနက်ပိုင်းအစီအစဉ်နှင့် မွန်းလွဲပိုင်းအစီအစဉ်များ၌ အသီးသီး တင်ပြခဲ့ကြရာတွင် ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ရမည့်ကိစ္စရပ်များကို တာဝန် ရှိသူများနှင့် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment