ရန်ကုန် ဇန်န၀ါရီ ၂၅
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု
အစိုးရအဖွဲ့ရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့်
တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ တွင်
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ကုလား ကုန်းကျေးရွာအုပ်စုရှိ
မူလတန်းလွန်ကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ၏
ပညာသင်ကြား သင်ယူနေမှုတို့ကို ကြည့်ရှုအားပေးသည်။ ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင် များအား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ကျောင်းအုပ်ဆရာကြီး နှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုနှုတ် ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် KG တန်းမှ ကျောင်းသား၊ ကျောင်းသူလေးများ၏ ပညာသင်ကြား သင်ယူနေမှု၊ ကျောင်းသင် ခန်းစာ စာအုပ်တွင် ၄င်းတို့နှစ်သက်ရာ ပန်းချီများ ရေးဆွဲထားရှိမှုနှင့် ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် ဆန်းသစ်တီထွင် ဖန်တီးထားသည့် စက္ကူချိုး အရုပ်ကားချပ် များကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် သတ္တမတန်း၊ ဆဌမတန်း၊ ပဉ္စမတန်း၊ စတုတ္ထတန်း၊ တတိယတန်း၊ဒုတိယတန်း စာသင်ခန်းတို့တွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးပြီး အနာဂတ်တွင် ကျန်းမာကြံ့ခိုင်သည့် နိုင်ငံသားကောင်းများ ဖြစ်လာစေရေးအတွက် အဟာရပြည့်ဝစွာ စားသုံးကြရေး၊ အစားအစာကို လေ့လွှင့်မှုမရှိစေရန် စနစ်တကျ စားသောက်ကြရေးနှင့် စာကိုကြိုးစား သင်ယူရေးတို့ကို မှာကြားကာ ကျောင်း၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောင်းစာကြည့်တိုက်တွင် မိဘဆရာ အသင်းမှ ကျောင်းသားမိဘများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမ များအား တွေ့ဆုံပြီး ကျောင်း၏ လိုအပ်ချက်များကို မေးမြန်းကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မှော်ဘီမြို့ရှိ ဒေသခံပြည်သူများ အား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အဆိုပါ မှော်ဘီမြို့နယ် ကုလားကုန်းကျေးရွာအုပ်စုရှိ မူလတန်းလွန်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၄၉ ဦးတို့ ပညာသင်ကြားလျက်ရှိကြောင်း သိရ သည်။
ထို့မှတစ်ဆင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့် အတူ လှိုင်သာယာမြို့နယ် တပင်ရွှေထီးလမ်း၊ (၂) ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး အဌမတန်း၊ သတ္တမတန်းနှင့် ဆဌမတန်း စာသင်ခန်းတို့တွင် ကျောင်းသား၊ ကျောင်းသူလေးများ၏ ပညာသင်ကြား သင်ယူ နေမှုနှင့် ကျောင်းပရိဝဏ်အတွင်း ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် စိုက်ပျိုး ထားသည့် သစ်ခွခြံကို ကြည့်ရှု အားပေးသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ကျောင်းခန်းမ၌ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများအား တွေ့ဆုံပြီး ကျောင်း၏ လိုအပ်ချက်များကို မေးမြန်းကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် လက်ရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၈၈၉ ဦး ပညာသင်ကြားလျက်ရှိပြီး တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် ရာခိုင်နှုန်း အနေဖြင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ၁၄ ဒသမ ၉၉ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ၁၉ ဒသမ ၂၉ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ၁၉ ဒသမ ၉၉ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့် အတူ လှိုင်သာယာမြို့နယ် အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် မြ၀တီလမ်းဆုံရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲ၊ အမှတ်(၅) အခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်ပြီး KG တန်း၊ ဒုတိယတန်းနှင့် စတုတ္ထတန်း စာသင်ခန်းတို့တွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား နေမှုများကို ကြည့်ရှုအားပေးကာ ကျောင်းလိုအပ်ချက် များကို မေးမြန်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
အခြေခံပညာ အထက်တန်းကျောင်းခွဲ၊ အမှတ်(၅) အခြေခံပညာ အလယ်တန်း ကျောင်းတွင် KG တန်းမှ ဒသမတန်း အထိ လက်ရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၁၀၀) ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ လှိုင်သာ ယာမြို့နယ် (၂)ရပ်ကွက် ဗထူး(၈)လမ်းရှိ အမှတ်(၁၉) အခြေခံပညာ မူလတန်းလွန် ကျောင်းသို့သွားရောက်ပြီး KG တန်းနှင့် ပထမတန်းတို့တွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားသင်ယူနေမှုနှင့် ၄င်းတို့ ကိုယ်တိုင် ဆန်းသစ်တီထွင် ဖန်တီးထားသည့် စက္ကူချိုး အရုပ်ကားချပ်များကိုလည်းကောင်း၊ မူလတန်းနှင့်အလယ်တန်း အဆင့် ကျောင်းပြင်ပ ပညာရေးသင်ကြားပေးနေမှုကိုလည်းကောင်း ကြည့်ရှုအားပေးသည်။
ထိုသို့ လှည့်လည်ကြည့်ရှု အားပေးရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကျောင်းသား၊ ကျောင်းသူများ၏ ၀ါသနာနှင့် အနာဂါတ်ပန်းတိုင် ရည်မှန်းချက်များနှင့် ပညာရည်ပိုမို တိုးတက်မြှင့်မားရေးအတွက် လိုအပ်ချက်များကို မေးမြန်းကာ ကျောင်းစာ ကြည့်တိုက်တွင် စာပေ ဗဟုသုတ ရှာမှီး ဖတ်ရှုလေ့လာရေး၊ ဥာဏ စွမ်းရည်သာမက ကာယစွမ်းရည်ပါ တိုးတက် မြှင့်မားစေရေးအတွက် အားကစားကို အချိန်ပေးလေ့ ကျင့်နိုင်စေရေး၊ စာကိုကြိုးစား သင်ယူရုံသာမက မြန်မာစာပေ ကဗျာများ၏ အနှစ်သာရ နှင့် အတွေးအခေါ် အယူအဆများကို နားလည်သဘော ပေါက်အောင် ကြိုးပမ်းသင် ယူရေး၊ အနာဂတ်မြန်မာ့ ပညာရေးလောကတွင် ကျောင်းဆရာ၊ ကျောင်းဆရာမ အချိုး အစား မျှတစေရေးအတွက် ကျောင်းသားများ အနေဖြင့် နိုင်ငံတော်ကိုများစွာ အကျိုးပြု နိုင်ပြီး ပညာဝေငှ ပေးနိုင်သည့် ကျောင်းဆရာအလုပ်ကိုပါ အနာဂတ်ပန်းတိုင် ရည်မှန်းချက်အဖြစ် ထည့်သွင်း မျှော်မှန်းထားရှိရေးတို့ကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ရန်ကုန် မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
(သတင်းစဉ်)
No comments:
Post a Comment