နေပြည်တော်
ဇန်န၀ါရီ ၂၂
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊
ဦးမင်းသူနှင့် ဒေါက်တာအောင်သူ၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊
ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်
ကလေးမြို့နယ်ရှိ ရာဇဂြိုဟ်ရေလှောင်တမံ ဘက်စုံစီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မော်တော်ယာဉ်ဖြင့် ရာဇဂြိုဟ်
ရေလှောင်တမံ၏ ပင်မတမံနှင့် ကုန်းကျောတမံတို့ကို လှည့်လည်ကြည့်ရှုရာ ရေယူ အဆောက်အဦ၌
ရေလှောင်တမံအတွင်း ၀င်ရောက်လာသည့် သဲနုန်းများအား နုန်းစုပ်စက်ကြီးများဖြင့် စုပ်ထုပ်ခြင်း၊
Air Compressor ၂ လုံးဖြင့် နုန်းများကိုဖွစေပြီး ရေတံခါးဖွင့်၍ နုန်းများ ရေစီးနှင့်
မျောပါစေခြင်း ဆောင်ရွက်နေသည့် လုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က လိုက်လံရှင်းလင်း ပြသသည်။
ထို့နောက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် ရာဇဂြိုဟ်ရေလှောင် တမံ ဘက်စုံစီမံကိန်း၏
ပင်မတမံအနီးတွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ရာဇဂြိုဟ်ရေလှောင်တမံ
ဘက်စုံစီမံကိန်းသည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာ အနီးရှိ
နေရဉ္ဇရာချောင်းပေါ်တွင် တည်ရှိသည်။ အဆိုပါ ရေလှောင်တမံသည် အမြင့် ၁၆၅ ပေ၊ အလျား ပေ ၁၃၆၈၀
ရှိ မြေသားတမံ အမျိုးအစားဖြစ်ပြီး လယ်မြေဧက ၈၅၀၀ ကို ဆည်ရေပေးဝေနိုင်သည့်အပြင် နှစ်စဉ်
ရေအားလျှပ်စစ် ၂၁ ကီလိုဝပ်နာရီသန်းပေါင်းကို ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။
ထို့နောက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အဖွဲ့ဝင်များသည် တပ်မတော်ရဟတ်ယာဉ်ဖြင့် ချင်းပြည်နယ်
တွန်းဇံမြို့နယ် ဆဲဘောက်ကျေးရွာ အုပ်စုရှိ ဟားခါးလေးမြောက် ကျေးရွာသို့ ရောက်ရှိကြရာ
ဒေသခံ ပြည်သူများက ရိုးရာအကများဖြင့် ကြိုဆိုကြသည်။
ယင်းနောက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကျေးရွာ အတွင်း၌ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏
အစီအစဉ်ဖြင့် တည်ဆောက်ပေးထားသည့် နေအိမ်များကို လှည့်လည်ကြည့်ရှုပြီး ဒေသခံပြည်သူများ
နှင့်တွေ့ဆုံပွဲသို့ တက်ရောက်သည်။
တွေ့ဆုံပွဲတွင်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကြိုဆိုဖို့ ရောက်လာတဲ့ ပြည်သူပြည်သားတွေ
အားလုံးကို နှုတ်ခွန်းဆက်ပါတယ်။ ကျန်းမာချမ်းသာကြပါစေ။ ဘုရားသခင် ကောင်းချီးပေးကြပါစေ။
ကျွန်မ ဒီနေရာကို လာချင်တာကြာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဟားခါးလေးရွာမှာ ဒေါ်ခင်ကြည်
ဖောင်ဒေးရှင်း က အိမ်လေးတွေဆောက်ပေးတဲ့ အခြေအနေတွေ ဘယ်လိုရှိသလဲဆိုတာ လာပြီး ကြည့်ချင်တာကြာပါပြီ။
အခုမှပဲ အခွင့်အရေး ရှိလို့ လာရပါတယ်။ အိမ်တစ်လုံးကို ကြည့်လိုက်တဲ့အခါမှာ လိုအပ်ချက်နည်းနည်း
ရှိနေတယ်ဆိုတာ ကျွန်မသတိပြုမိပါတယ်။ အဲဒီလိုအပ်ချက်တွေကိုလည်း ကျွန်မတို့ တတ်နိုင်သလောက်
အမြန်ဆုံး ဖြည့်ဆည်းပေးပါ့မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ပြည်သူ ပြည်သားတွေကို
စောင့်ရှောက်တဲ့ အခါမှာ တတ်နိုင်သမျှ ပြည့်ပြည့်၀၀ စောင့်ရှောက်ချင်တယ်။ အကောင်းဆုံး
ဖြစ်အောင် လုပ်ပေးချင်တယ်။ တစ်ခါတစ်လေ ကျွန်မတို့ တတ်နိုင်တဲ့အခြေအနေက လိုအပ်တာနဲ့တော့
မကိုက်ညီဘူး။ တတ်နိုင်သလောက် ကျွန်မတို့ လုပ်ပေးချင်ပါတယ်။
"ကျွန်မတို့ရဲ့
ပြည်သူပြည်သားများ အားလုံး လုံလုံခြုံခြုံနေနိုင်ဖို့ပါပဲ။ လုံခြုံတယ်ဆိုတာ ကိုယ်ရော၊
စိတ်ရော လုံခြုံရမယ်။ ကျွန်မ ချင်းပြည်နယ်လာတဲ့အခါမှာ အင်မတန်မှ စိတ်လုံခြုံပါတယ်။
ဘာကြောင့်လဲဆိုတော့ ချင်းတိုင်းရင်းသားများရဲ့ နွေးထွေးတဲ့မေတ္တာကြောင့်လည်း ဖြစ်ပါတယ်။
ဒီလို စိတ်လုံခြုံမှုတွေ တစ်ယောက်နဲ့ တစ်ယောက်ကို ပေးနိုင်မယ်ဆိုရင် ကျွန်မတို့ရဲ့ပြည်ထောင်စုကြီးက
အင်မတန်မှသာယာမှာပါ။ ချင်းပြည်နယ်ရဲ့ သင်္ကေတအနေနဲ့ အများက သတ်မှတ်ထားတာ အောက်ချင်းငှက်နဲ့
တောင်ဇလပ်ပန်းဖြစ်ပါတယ်။ အောက်ချင်း ငှက်ဆိုတာက သစ္စာတရားကို ရောင်ပြန်ဟပ်ပါတယ်။ သစ္စာတရားရဲ့သင်္ကေတဖြစ်ပါတယ်။
"တောင်ဇလပ်ဆိုတာက
အင်မတန်မှ ကြမ်းတမ်းခက်ထန်တဲ့ ရာသီဥတုပထ၀ီ အနေအထားမှာ လှပတင့်တယ်စွာ ပွင့်နေနိုင်တဲ့အတွက်
သတ္တိကိုလည်း ကိုယ်စားပြုတယ်။ နောက်ပြီး အလှအပကိုလည်း ကိုယ်စားပြုပါတယ်။ ဒီလို သတ္တိရှိပြီးတော့
သစ္စာရှိတဲ့ဒေသမှာ ကျွန်မတို့ဟာ မုချမလွဲ အောင်မြင်မှုကိုရမှာပါ။ အခက်အခဲတွေ ကိုတော့
ကျော်လွှားရပါမယ်။ ကျွန်မတို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ဖို့ အများကြီးလိုပါသေးတယ်။
အထူးသဖြင့် ချင်းပြည်နယ်လို ပထ၀ီအရ ကြမ်းတမ်းတဲ့နေရာဒေသတွေမှာဆိုရင် ဖွံ့ဖြိုးမှုအစီအစဉ်တွေ
အထူးလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါကိုလည်းကျွန်မတို့ အလေးထားပြီး လုပ်ပေးနေပါတယ်။ ချင်းပြည်နယ်
အတွက်ဆိုရင် ရေ ရရှိရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်ရရှိရေး၊ ကျန်းမာရေး၊ ပညာရေး
အဓိက အခြေခံအားဖြင့် ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့ လိုအပ်ချက်တွေအားလုံးကို အမြန်ဆုံးဖြည့်ဆည်း
ပေးဖို့ ကြိုးစားပါ့မယ်။ ဒါပေမယ့် တချို့ကိစ္စတွေကျတော့ ကျွန်မတို့ စိတ်က ပါပေမယ့် ကိုယ်က
မလိုက်နိုင်ဘူးဆိုတာ ကိုယ်မဟုတ်ပါဘူး။ ပိုက်ဆံက မလိုက်နိုင်တာလို့ ဆိုရပါလိမ့်မယ်။
လိုက်နိုင်တဲ့အထိတော့ တချို့ကိစ္စတွေကို ကျွန်မတို့ စောင့်ပြီးတော့ ဆောင်ရွက်ရမှာပါ။
ဒါပေမယ့် ကျွန်မတို့ရဲ့ ဆန္ဒကပြင်းပြတာကြောင့် အောင်မြင်မယ်လို့ ကျွန်မ ကတော့ ယုံကြည်ပါတယ်။
"ကျွန်မပြည်သူတွေနဲ့
တွေ့ဆုံတဲ့အခါမှာ အောင်မြင်ခြင်းတရား လေးပါးကို ပြန်ပြီး သတိပေးရပါတယ်။ ဆန္ဒရှိရမယ်၊
ဝီရိယရှိရမယ်၊ မှန်ကန်တဲ့စိတ်ဓာတ်ရှိရမယ်၊ ပညာရှိရမယ်။ ဒါဟာ ကျွန်မတို့အားလုံး မှတ်သားစရာ
ကိစ္စဖြစ်တာကြောင့် ထပ်တလဲလဲ ပြောရတာပါ။ ဆန္ဒရှိမှ ကိစ္စတစ်ခုကို ကျွန်မတို့ စပြီးဆောင်ရွက်နိုင်မှာပါ။
ဒီနိုင်ငံကြီးကို အင်မတန်မှ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ်
ပြည်ထောင်စုကြီး ဖြစ်စေချင်တယ်။ ဒီလိုဖြစ်ဖို့အတွက် ကျွန်မတို့က အင်မတန်မှ ဆန္ဒပြင်းပြပါတယ်။
ကျွန်မတို့နည်းတူ ကျွန်မတို့ရဲ့ ပြည်ထောင်စု သားသမီးအားလုံးကလည်း ဆန္ဒလိုအပ်ချက်တွေက
ပြင်းပြမယ်လို့ ကျွန်မထင်ပါတယ်။ ဒါပေမယ့် ဆန္ဒရှိရုံနဲ့မကဘူး ဒီဆန္ဒတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက်
လုံ့လ၀ီရိယနဲ့ အလုပ်လုပ်သွားရမှာ ဖြစ်ပါတယ်။ ကြိုးစားသွားကြရမှာ ဖြစ်ပါတယ်။ စိတ်ထားလည်း
မှန်ဖို့လိုပါတယ်။ စိတ်ဓာတ်မမှန်ရင် ကိုယ်ကြိုးစားမှုတွေက မမှန်တဲ့လမ်းပေါ်ကို ပို့လိုက်ရင်
အန္တရာယ် အများကြီး ဖြစ်နိုင်ပါတယ်။ နောက်ပြီး ကိုယ်လုပ်ချင်တဲ့ ကိစ္စတွေကို ဘယ်လိုပုံစံနဲ့ဖြစ်အောင်
လုပ်မလဲဆိုတဲ့ အသိပညာဆိုတာ အင်မတန် အရေးကြီးပါတယ်။
"ကျွန်မတို့က
ပညာလို့ပြောတဲ့ အခါကျရင် အဓိကအားဖြင့် ပညာဆိုတာ အခြေ အနေတစ်ခုကို မှန်မှန်ကန်ကန် သုံးသပ်ဆင်ခြင်ပြီးတော့
အဲဒီဆင်ခြင်မှုအပေါ်မှာ လုပ်သင့် လုပ်ထိုက်တာကို လုပ်ဖို့ပဲဖြစ်ပါတယ်။ အဲဒီလုပ်မယ့် သတ္တိကတော့
အောင်မြင် ခြင်းတရား လေးပါးထဲမှာ မပါဘူးဆိုပေမယ့် စိတ်ဓာတ်အောက်မှာ သတ္တိပါတယ်လို့ ကျွန်မတို့ပြောလို့ရပါတယ်။
အသစ် အဆန်းတစ်ခုကို ဖြစ်မြောက်အောင်လုပ်တယ် ဆိုတာ သတ္တိလိုပါတယ်။ ပညာ တတ်ရုံနဲ့လည်း
မလုံလောက်ဘူး။ လုံ့လ၊ ၀ီရိယနဲ့လည်း မလုံလောက်ဘူး။ သတ္တိနဲ့ ကိုယ်ရင်မဆိုင်ဘူးတဲ့ အရာတွေကို
ကိုယ်ရင်မဆိုင်ဖူးတဲ့ အခြေအနေတွေကို ရင်ဆိုင်ရဲဖို့က အင်မတန်မှ အရေးကြီးပါတယ်။
"ဟားခါးလေးကျေးရွာဆိုရင်
ရွာကလေးလို့ပြောပေမယ့် ကျွန်မတို့အတွက် မြို့ကြီး တစ်မြို့လိုပဲ တန်းတူ အရေးကြီးပါတယ်။
မြို့ကြီးကို မှီတင်းပြီးတော့ နေထိုင်နေတဲ့ ပြည်သူပြည်သားတွေများလို့ ပိုပြီးတော့ အလေးထားပြီးတော့
လုပ်ဆောင်ပေးရပေမယ့် ရွာကလေးမှာရှိတဲ့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေရဲ့ အရေးဟာလည်း
တန်းတူ ညီတူ အရေးပါပါတယ်။ ရွာကလေးက ပုဂ္ဂိုလ်တွေမို့လို့ ရွာကလေးက ရွာသူရွာသား တွေမို့လို့
အရေးပါမှုနည်းတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။
"ဟာခါးလေးကျေးရွာကို
မဖြစ်မနေရောက်အောင် လာခဲ့တာဟာ ဘယ်လောက်ပဲ သေးတဲ့ ရွာကလေး ဖြစ်နေပါစေ၊ ကျွန်မတို့ အစိုးရအတွက်ကတော့
အရေးကြီးပါတယ် ဆိုတာကို အသိပေးချင်တဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်ပါတယ်။ ဒီလိုအရေးကြီးပေမယ့်လည်း
အားလုံးလိုချင်တာတွေ ဖြစ်အောင် လုပ်ပေးလိုက်ပါဆိုတာလည်း လက်တွေ့ကျကျ မဖြစ်ပါဘူး။ တဖြည်းဖြည်း၊
တဖြည်းဖြည်း၊ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ကျွန်မတို့ အားလုံးပြည့်စုံအောင်လို့ ဖြည့်ဆည်း
ပေးပါမယ်။ ဒါပေမယ့် ဒီလိုဖြည့်ဆည်းဖို့ ကြိုးစားတဲ့ နေရာမှာတော့ ပြည်သူပြည်သားတွေ အားလုံးပါစေချင်တယ်။
ကျွန်မတို့ ရွာသူရွာသားတွေလည်း အားလုံးပါစေချင်တယ်။ ကိုယ့်မှာပါဝင်ပြီးတော့ ဆောင်ရွက်နိုင်တဲ့
အင်အား တွေရှိတယ်။ အင်အားဆိုတာ ပထမဦးဆုံး စိတ်အင်အားကို တည်ဆောက်ရမယ်။
"ကျွန်မတို့ဟာ
ပြည်ထောင်စုရဲ့ မိသားစုဝင်တွေပဲ။ ပြည်ထောင်စုရဲ့ မိသားစုဝင်တွေဟာ ကျွန်မတို့နိုင်ငံကြီး
ကျွန်မတို့ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောဖို့အတွက် တစ်ဦးချင်း တစ်ဦးချင်းရှိသမျှ
အစွမ်းအစနဲ့ ကြိုးစားပေးစေချင်တယ်။ လူတိုင်း လူတိုင်းမှာ တန်ဖိုးရှိပါတယ်။ တန်ဖိုးမရှိတဲ့လူဆိုတာ
မရှိပါဘူး။ အင်အားမရှိတဲ့ လူဆိုတာမရှိဘူး။ အဲဒီတော့ ကိုယ့်မှာရှိတဲ့ တန်ဖိုးတွေကို
မှန်မှန်ကန်ကန် သုံးမယ်ဆိုရင် ကျွန်မတို့ရဲ့ နိုင်ငံကြီးဟာ အင်မတန်မှ တိုးတက်မှုမြန်ပါလိမ့်မယ်။
တိုးတက်မှုမြန်ဖို့လည်း လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ နိုင်ငံရဲ့ပတ်ဝန်းကျင်က
အိမ်နီးနား ချင်းနိုင်ငံတွေနဲ့စာရင် ကျွန်မတို့နိုင်ငံဟာ နောက်မှာကျ ကျန်ရစ်ခဲ့တယ်။
နောက်မှာ ကျကျန်ခဲ့လို့လည်း ပိုပြီးတော့ ကြိုးစားရမယ်။ နောက်မှာကျကျန် ရစ်ခဲ့ ပေမယ့်လည်း
ကျွန်မတို့ရဲ့ ပြည်သူပြည်သားများရဲ့ အရည်အချင်းကတော့ မနိမ့်ပါဘူး။ ဒီအရည်အချင်းကို
ပြုစုပျိုးထောင်ပြီးတော့ ပိုမိုပြီးတော့ ခိုင်မာလာအောင်လို့ လုပ်နိုင်မယ်ဆိုရင် ကျွန်မ
တို့လိုချင်တဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်နိုင်မှာပါ။
"ကျွန်မ
မကြာခဏပြောပါတယ်။ အစိုးရ ဆိုတာဟာ ပြည်သူ့အတွက်ဖြစ်တယ်။ ပြည်သူက အစိုးရအတွက် မဟုတ်ဘူး။
အစိုးရဆိုတာ ပြည်သူက ရွေးကောက်ထားလို့ ပြည်သူထဲက ထွက်ပေါ်လာတာပဲ။ အစိုးရ အဖွဲ့ဝင်တွေထဲမှာ
ပါတဲ့သူတွေကလည်း ပြည်သူပြည်သားတွေ နည်းတူ ဒီနိုင်ငံရဲ့ နိုင်ငံသူနိုင်ငံသားတွေ လူသားတွေပဲဖြစ်ပါတယ်။
ဒါကြောင့် အစိုးရမို့လို့ ပြည်သူတွေ ထက်သာတယ်ဆိုတာဟာ လုံးဝမဟုတ်နိုင်ပါဘူး။ အထူးသဖြင့်
ဒီမိုကရေစီစနစ်က ပြည်သူတွေရဲ့ အင်အားအပေါ်မှာ အခြေခံတာမို့လို့ အစိုးရဆိုတာ ပြည်သူ တင်မြှောက်မှ
အစိုးရဖြစ်နိုင်တာပါ။ ပြည်သူ့ရဲ့ ဆန္ဒမပါဘဲနဲ့ အုပ်ချုပ်တဲ့အစိုးရ ဆိုတာဟာ ဒီမိုကရေစီအစိုးရ
မဖြစ်နိုင်ပါဘူး။ ပြည်သူ့ရဲ့ ဆန္ဒအရ အုပ်ချုပ်ရေးတာဝန်ကို ယူထားတဲ့အစိုးရဆိုတာဟာ ပြည်သူတွေရဲ့
လိုအပ်ချက်တွေကို အကောင်းဆုံး အဖြစ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့ တာဝန်ဟာ အဓိကဖြစ်ပါတယ်။
"ဒါကြောင့်
ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့ လိုအပ်ချက်တွေ ဆန္ဒတွေဟာ ဘာလဲဆိုတာကိုလည်း သိနိုင်အောင်
ကျွန်မတို့ အမြဲကြိုးစားပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့
အခွင့်အရေးကြုံတုန်း ဒီမှာရောက်နေတဲ့ ရွာသူရွာသားများထဲကများ တင်ပြချင်တာ၊ မေးမြန်းချင်တာရှိရင်
မေးမြန်းပါ၊ တင်ပြပါလို့ ကျွန်မအနေနဲ့ဆော်သြ ချင်ပါတယ်။ အဲဒီအတွက်လည်း မေးစရာရှိတဲ့
ပုဂ္ဂိုလ်များ၊ တင်ပြစရာရှိတဲ့ပုဂ္ဂိုလ်များ မေးမြန်းတင်ပြကြပါလို့ ကျွန်မဖိတ်ခေါ်ပါတယ်"
ဟုပြောသည်။
ဆက်လက်၍
တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ဒေသ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို
တင်ပြကြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည် ရှင်းလင်းဖြေကြားပြီး ဟားခါးလေးမြောက်ကျေးရွာနှင့်
ဟားခါးလေးတောင်ကျေးရွာများရှိ ဒေသခံ ပြည်သူများအတွက် ဆန်နှင့် ဆီ တို့ကို ထောက်ပံ့ပေးအပ်၍
တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် ဟားခါးလေးမြောက် ကျေးရွာမှ
ဟားခါးလေးတောင်ကျေးရွာသို့ မော်တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့်ရှုကြပြီး ဟားခါးလေးတောင်ရွာသို့
ရောက်ရှိစဉ် ဒေသခံပြည်သူများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ရိုးရာဓလေ့တေးသီချင်းဖြင့်
ဂုဏ်ပြု သီဆိုကြိုဆိုကြသည်။
ယင်းနောက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တပ်မတော်ရဟတ်ယာဉ်ဖြင့် စစ်ကိုင်း တိုင်းဒေသကြီး
ကလေးမြို့သို့ ရောက်ရှိပြီး မြို့တော်ခန်းမ၌ ကျင်းပသည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့
တက်ရောက်သည်။
တွေ့ဆုံပွဲတွင်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကလေးမြို့ဟာဆိုရင် ကျွန်မတို့နိုင်ငံရဲ့
တောင်တန်းတွေနဲ့ မြေပြန့်တွေ ဆက်နေတဲ့နေရာလို့ ပြောရင်လည်း မမှားပါဘူး။ ကျွန်မတို့နိုင်ငံက
အင်မတန်ကျယ်ပြန့်တဲ့နိုင်ငံ ဖြစ်သလို ပထ၀ီအနေအထား အရလည်း တစ်နေရာနဲ့ တစ်နေရာ မတူပါဘူး။
တိုင်းရင်းသားများ၊ ယဉ်ကျေးမှုများ၊ ကိုးကွယ်တဲ့ဘာသာများ၊ ပြောဆိုတဲ့ ဘာသာစကားများက
လည်းမတူပါဘူး။ ကျွန်မတို့နိုင်ငံက နေရာတိုင်း နေရာတိုင်းမှာ သူ့အလှနဲ့သူ တင့်တယ်ပါတယ်။
ကိုယ့်ဒေသရဲ့ အလှ ပိုပြီးတင့်တယ် အောင် ပြည်သူပြည်သားများက လုပ်ဖို့ တာဝန်ရှိပါတယ်။ အုပ်ချုပ်တဲ့၊ တာဝန်ယူထားတဲ့ အစိုးရမှာလည်း တာဝန်ရှိသလို
နိုင်ငံသူ နိုင်ငံသားများဟာလည်း နိုင်ငံသူ နိုင်ငံသားများရဲ့ တာဝန်ရှိပါတယ်။ ကျွန်မဘယ်သွားသွား
တာဝန်ကို သတိပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူရဲ့ဘယ်လောက် တာဝန်ကျေပွန်မှုရှိလဲ၊
စွမ်းအားရှိလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။
“နိုင်ငံသူ နိုင်ငံသား တစ်ဦးချင်း တစ်ဦးချင်းကို
တန်ဖိုးရှိစေချင်ပါတယ်။ တွေ့ဆုံပွဲတွေ လုပ်တဲ့အခါမှာ ကလေးတွေ လူငယ်တွေကို ဖိတ်ရတဲ့အကြောင်းရင်းက
ငယ်ငယ်က တည်းက ကိုယ့်နိုင်ငံရဲ့အရေးက ကိုယ်နဲ့ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်မွေးပေးချင်လို့ပါ။
ဒီနိုင်ငံရဲ့ ရှေ့ရေးက အထူးသဖြင့် လူငယ်တွေနဲ့ဆိုင်တယ်။ လူငယ်တွေက အကြာ ကြီးနေသွားရမှာ။
လူကြီးတွေက ကြာလေကြာလေ သက်တမ်းက တိုလာလေ၊ နေရမယ့်အချိန်က တိုလာလေပါပဲ။ ကျွန်မတို့ထက်ပိုပြီး
အရေးကြီးတာက လူငယ်တွေရဲ့ အနာဂတ်ပဲဖြစ်တယ်။ လူငယ်တွေကို လူကြီးတွေက အများကြီး ဖြည့်ဆည်းပေးနိုင်ဖို့လိုတယ်။
လူငယ်တွေက တစ်ခါ ပြန်ပြီး လူကြီးတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုတယ်။ လူကြီးနဲ့ လူငယ်တွေကြားမှာ
လူငယ်တွေက နားလည်မှု တည်ဆောက်ပေးနိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ တချို့လူငယ်တွေက လူကြီးနဲ့
လူငယ် မတူဘူးလို့ ထင်တတ်ကြတယ်။ လူငယ်တွေက တစ်နေ့လူကြီး ဖြစ်လာမယ်။ ရှောင်လို့ မရပါဘူး။
တစ်နေ့ ဒီလမ်းကို သွားရမှာပဲ။ လူကြီးတွေကလည်း တချိန်တခါတုန်းက လူငယ်တွေ ဖြစ်ခဲ့တာပဲ။
အဲဒီဘ၀ကိုမမေ့ဖို့ အင်မတန် အရေးကြီးပါတယ်။
“တစ်ယောက်နဲ့တစ်ယောက် ကိုယ်ချင်းစာနာမှုရှိမှ တကယ့်နားလည်မှုကို
တည်ဆောက် နိုင်မယ်။ ကျွန်မတို့ တိုင်းရင်းသားတွေ ကြားထဲမှာလည်း ဒီအတိုင်းပဲ ရှိစေချင်တယ်။ ချင်းပြည်နယ်ဟာ စစ်ကိုင်းတိုင်းနဲ့စာရင် ပထ၀ီအနေအထားအရ
အင်မ တန်ကြမ်းတမ်းတယ်။ အင်မတန် ခက်ခက်ခဲခဲနဲ့ နေထိုင်စားသောက်လှုပ်ရှား သွားလာရ ကြရတယ်။
ဒါပေမယ့် ချင်းတိုင်းရင်းသား ပြည်သူများဟာ မြေပြန့်နဲ့မခြား အလားတူပဲ လူ့သိက္ခာနဲ့ ကိုက်ညီအောင် နေထိုင်ကြတယ်။
“လူတိုင်းလူတိုင်းဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် လူ့သိက္ခာနဲ့
ကိုက်ညီစွာ ချမ်းချမ်းသာသာ ကျန်းကျန်းမာမာနဲ့ နေနေကြတယ်။ ဒါကြောင့် ကျွန်မက ကျန်းမာပါစေ၊
ချမ်းသာပါစေလို့ နှုတ်ဆက်လိုက်တဲ့အခါ အားလုံး ပြည့်စုံသွားတယ်။ ဆုပေးချင်တယ်ဆိုရင်တော့
ကျွန်မက နှလုံးစိတ်ဝမ်း အေးချမ်းပါစေလို့ ပြောတယ်။ ကိုယ်စိတ်ချမ်းသာမှု မရှိဘူးဆိုရင်
နှလုံးစိတ်ဝမ်းမအေးချမ်းနိုင်ဘူး။ ကလေးတွေက ကလေးအတိုင်းအတာနဲ့၊ လူကြီးတွေက လူကြီး အတိုင်းအတာနဲ့
ပူပင်ရတာတွေ၊ စိုးရိမ်ရတာတွေရှိပါတယ်။ လူကြီးက ပိုပြီးပူပင်ရတယ်လို့ ပြောပေမယ့် ကလေးတွေ
စာမေးပွဲအတွက် စိုးရိမ်ရတာက ကလေးအတွက် အင်မတန်မှကြီးတဲ့ ပြဿနာ ဖြစ်ပါတယ်။ ပညာရေးစနစ်ကိုလည်း
အခုဆိုရင် ကျွန်မတို့နိုင်ငံအတွက် အကျိုးဖြစ်မယ့်ပညာရေးစနစ် သာမက ကျွန်မတို့လူငယ်တွေနဲ့ ကိုက်ညီတဲ့ပညာရေး စနစ်ကို
ဦးတည်ပါတယ်။ လူငယ်တွေရဲ့ခေတ်နဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်။ ဘယ်လို ပညာရေးစနစ်လဲဆိုရင်
လူတစ်ယောက်ကို ဘက်စုံပြည့်ဝဖွံ့ဖြိုးတဲ့ လူလိုဖြစ်အောင် ဆောင်ရွက်ပေးနိုင်တဲ့ ပညာရေးစနစ်ပါ။
အဲဒီလိုအပ်ချက်နဲ့ ကိုက်ညီအောင် ကျွန်မတို့က ပညာရေးစနစ်ကို ထူထောင်ရမယ်။
“ကျွန်မတို့ ချင်းပြည်နယ်ကို လှည့်လည်သွားတဲ့အခါ
တချို့နေရာတွေမှာ ရေရှားပါးမှုရှိတယ်။ ရေဆိုတာက အဓိက လိုအပ်ချက်ပဲ။ ရေရှားပါးတဲ့နေရာမှာဆိုရင်
ရေမရှိခြင်းရဲ့ဒုက္ခက အင်မတန် ကြီးမားပါတယ်။ ဒုတိယက လမ်းပန်းဆက်သွယ်ရေးပါ။ ရွာတိုင်းရွာတိုင်းက
ဆေးခန်း လိုချင်တယ်၊ ကျောင်းလိုချင်တယ်။
“ဘာဖြစ်လို့ ဒီလောက်လိုအပ်နေလဲဆိုရင် လမ်းပန်း ဆက်သွယ်ရေး
ဆိုးလို့ပါ။ လမ်းပန်းဆက်သွယ်ရေး ကောင်းတယ်ဆိုရင် တစ်ရွာကနေပြီး နောက်တစ်ရွာမှာရှိတဲ့
ကျောင်းကို သွားဖို့လွယ်တယ်။ ဆေးခန်းလည်း ထိုနည်းလည်းကောင်းပဲ။ ဆေးခန်းက နီးတယ်ဆိုရင်
ကိုယ့်ရွာမှာရှိတာ မရှိတာ အဓိက မဟုတ်တော့ဘူး။ သွားရလာရ လွယ်တယ်။ လမ်းပန်း ဆက်သွယ်ရေးဆိုးတဲ့
အခါကျတော့ ကျောင်းသွားရတာလည်း ခက်တယ်၊ အရေးအကြောင်းဆို လူနာကို ဆေးခန်းကို အချိန်မှီပို့ရတာလည်း
ခက်တယ်။ ဒီတော့ ကိုယ့်ဆေးခန်းကိုယ် လိုချင်တယ်။ ကိုယ့်ကျောင်း ကိုယ်လိုချင်တဲ့ ဆန္ဒတွေပေါ်လာတယ်။
“အဲဒီတော့ ဆက်သွယ်ရေးကအဓိကပဲ ကျွန်မတို့ အချင်းချင်း
ဆက်သွယ်လို့ရအောင် လမ်းတွေဖောက်ရမယ်။ အချင်းချင်း ဆက်သွယ်နိုင်တဲ့ စိတ်ဓာတ်တွေဖြစ်အောင်လို့လည်း
ပညာရေးအရ၊ စိတ်ဓာတ်ရေးရာအရ ကျွန်မတို့ တည်ဆောက်ပေးဖို့လိုတယ်။ ကျွန်မတို့ နိုင်ငံက
ပြည်ထောင်စုပါ။ ပြည်ထောင်စုဆိုပေမယ့် လိုလား တောင့်တ နေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတော့
အပြည့်အ၀ မဖြစ်သေးဘူး။ အဲဒါဖြစ်ဖို့ အားလုံးဝိုင်းပြီး ကြိုးစားရမယ်။
“ဒါက နိုင်ငံရေး ကိစ္စသက်သက်သာ မဟုတ်ပါဘူး။ လူမှုရေးကိစ္စလည်း
ဖြစ်ပါတယ်။ စီးပွားရေးကိစ္စလည်း ဖြစ်ပါတယ်။ ကလေးမြို့ဟာ တောင်တန်းနဲ့ မြေပြန့်ကို ဆက်သွယ်ထားတဲ့
ဒေသတစ်ခုပါ။ တောင်တန်းက ကျွန်မတို့ တိုင်းရင်းသားတွေရဲ့ အခြေအနေတွေ ကိုလည်းသိနိုင်တယ်။
မြေပြန့်က ကျွန်မတို့ နိုင်ငံသူနိုင်ငံသား တွေရဲ့ အခြေအနေကို လည်းသိနိုင်တယ်။ အဲဒီလိုနေရာမျိုးမှာရှိတဲ့
ပြည်သူ ပြည်သားတွေရဲ့ ကဏ္ဍဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဆက်သွယ်ပေးတဲ့ ပေါင်းကူးတံတားအနေနဲ့
ကျွန်မတို့ ကလေးမြို့ကို ဖြစ်စေချင်ပါတယ်။ ကျွန်မတို့ နိုင်ငံရဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို
အဓိကမွေးမြူပြီးတော့ ဖွံ့ဖြိုးအောင် လုပ်ပေးတဲ့ နေရာတစ်နေရာ ဖြစ်စေချင်ပါတယ်။ အဲဒီလိုလုပ်ဖို့ဆိုတာ
ကလေးတွေကနေစရပါမယ်။ လူငယ်တွေကနေ စရပါမယ်။ လူငယ်တွေက ငယ်ငယ်ကတည်းက အများအတွက် စိတ်ထားတွေကို
ပြုစုပျိုးထောင်ရမယ်။ ကိုယ်တစ်ယောက်ထဲ ကောင်းအောင်နေလို့ ကိုယ့်ပတ်ဝန်းကျင်က မကောင်းရင်
ကိုယ်တစ်ယောက်ထဲ ဘယ်လိုမှ ဆက်ပြီးကောင်းမှာ မဟုတ်ပါဘူး။
“ဒါ့ကြောင့် အခု ရှေ့မှာထိုင်နေတဲ့ ကလေးများ သေသေချာချာစဉ်းစားပါ။
ကိုယ့်ကိုယ် ကိုယ်တခြားလူတွေ အတွက် တန်ဖိုးရှိတဲ့လူတစ် ယောက်ဖြစ်အောင် ဘယ်လို နေမလဲ
ဆိုတာ စဉ်းစားစေချင်တယ်။ ကိုယ့်အတွက်ပဲ တန်ဖိုးရှိတယ်ဆိုရင် တကယ်တန်ဖိုး ရှိတဲ့သူမဟုတ်ပါဘူး။
သူ များတွေအတွက် တန်ဖိုးရှိမှ တန်ဖိုးရှိတယ်လို့ ပြောနိုင်မှာပါ။ ဒီလိုစိတ်ဓာတ်တွေကို ပြုစု ပျိုးထောင်မှသာ နောင်ကြရင် ဒီနိုင်ငံကြီးကို အကျိုးပြုနိုင်မယ့်
လူကြီးတွေဖြစ်လာမှာပါ။
“ပြည်နယ်နဲ့ တိုင်းတွေမှာ အရေးကြီးတာကတော့ ပြည်နယ်/တိုင်း
အစိုးရတွေ ကဏ္ဍ ဖြစ်ပါတယ်။ ပြည်နယ်/တိုင်းအစိုးရတွေဟာ ပြည်ထောင်စုအစိုးရနဲ့စာရင် ဒေသခံတွေနဲ့
ထိတွေ့မှု အင်မတန်မှ များပါတယ်။ ပြည်နယ်/တိုင်းတွေ တိုးတက်မှုနဲ့ ပတ်သက်ပြီးတော့ ပြည်နယ်/တိုင်း
အစိုးရတွေက ပြည်ထောင်စုအစိုးရ တွေထက် ပိုပြီးထိထိရောက်ရောက် လုပ်နိုင်မယ်လို့ ပြောရင်
မမှားပါဘူး။ ကိုယ်နဲ့ နိစ္စဓူဝထိတွေ့နေရတဲ့ ပြည်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဖို့
တာဝန်ဆိုတာ ပြည်နယ်/တိုင်းအစိုးရတွေအပေါ်မှာ အင်မတန်မှ ကြီးကြီးမားမားရှိနေတာ ဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ပြည်သူပြည်သားတွေကလည်း ပြည်နယ်/တိုင်းအစိုးရတွေကို ကိုယ့်ရဲ့ မိသားစုသဖွယ်
စိတ်ထားပြီးတော့ လိုအပ်တာတွေကို တောင်းဆိုပါ။ မလိုအပ်ဘဲနဲ့တော့ မတောင်းဆိုပါနဲ့။ အဲဒါဟာ
ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။
“နောက်ပြီးတော့လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။
ဆွေးနွေးစရာရှိရင် ဟိုဘက် ဒီဘက် မျှမျှတတ ဖြစ်အောင် ဆွေးနွေးပြီးတော့မှ အဖြေရှာကြပါလို့
ကျွန်မတိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။
ဆက်လက်၍
ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြရာ နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ဆွေးနွေး ဖြေကြားပြီး ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး
နှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကလေးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး
ဦးစီးဌာန ဧည့်ရိပ်သာ၌ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များကို
တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးမှာကြားသည်။
ထို့နောက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် ကလေးမြို့မှ အထူး လေယာဉ်ဖြင့်
ထွက်ခွာကြရာ နေပြည်တော်သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိကြသည်။
(သတင်းစဉ်)


No comments:
Post a Comment