နေပြည်တော်
ဇန်န၀ါရီ ၂၂
ဒုတိယအကြိမ်
အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀နာရီတွင်
နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်
ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးစောစိန်ထွန်း ၏ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆီးလီဒုန်းကျေးရွာ အခြေခံပညာ မူလတန်း ကျောင်းကို
အခြေခံပညာမူလတန်း (လွန်) ကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ
မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း က ကယားပြည်နယ်၊
ဒီးမော့ဆိုမြို့နယ်၊ ဆီးလီဒုန်း- အခြေခံ ပညာမူလ တန်းကျောင်းတွင် မူဆင့်သင် ကျောင်းသား၊
ကျောင်းသူ (၁၁၃) ဦးရှိပြီး အနီးဆုံး အလယ်တန်းဆင့်သင်ကျောင်း ဖြစ်သော သေးဆူလဲ- အခြေခံပညာအထက်
တန်းကျောင်း (ခွဲ)နှင့် (၁ ဒသမ ၅) မိုင်သာ ကွာဝေးသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့်
ဒီးမော့ဆိုမြို့နယ်၊ ဆီးလီဒုန်း -အခြေခံပညာမူလတန်း ကျောင်းကို အခြေခံပညာ မူလတန်းလွန်
ကျောင်းအဖြစ် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် အဆင့် တိုးမြှင့်ပေးရန် ဦးစားပေး သတ်မှတ်ထားခြင်း
မရှိပါကြောင်း ဖြေကြားသည်။
ပဲခူးတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးဝင်းကြိုင် ၏ ပဲခူးတိုင်းဒေသကြီး၊
သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းကျေးရွာအုပ်စု၊ ဖိုးခေါင်စု အခြေခံ ပညာ
အထက်တန်းကျောင်း (ခွဲ) အား အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန်
အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း က ပဲခူးတိုင်းဒေသကြီး၊
လက်ပံတန်းမြို့နယ်၊ ဖိုးခေါင်စု - အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)တွင် အထက်တန်းဆင့်သင်
ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကျော်ရှိပါကြောင်း၊ အနီးဆုံး အထက်တန်းဆင့်သင်ကျောင်းဖြစ်သော
လက်ပံတန်းမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့်လည်း (၁၀) မိုင်ခန့် ကွာဝေးသည်ကို
စိစစ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လက်ပံတန်းမြို့နယ်၊ ဖိုးခေါင်စု - အခြေခံပညာ အထက်တန်းကျောင်း
(ခွဲ)ကို ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းအဆင့်တိုးမြှင့်ခြင်းများ အမှုတွဲ တင်ပြ၍
စိစစ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
အလားတူ
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုင်းစံအောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ
ဦးနိုင်သီဟနှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း တို့၏ မေးခွန်းများနှင့်
စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက်
မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်း ဥပဒေကြမ်းနှင့်
စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မန္တလေးတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၆) မှ ဒေါက်တာဦးကြွယ်ကြွယ် က အဆိုပါ ဥပဒေကြမ်းအား ပြင်ဆင်ချက်အဆို တင်သွင်းရခြင်း
ရည်ရွယ်ချက်မှာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအား ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်၊ ဈေးကွက်စီးပွားရေးစနစ်နှင့်
လိုက်လျောညီထွေစွာ အလျင်အမြန် ပြုပြင်ပြောင်းလဲစေရန် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်၊
ဈေးကွက်စီးပွားရေး စနစ်နှင့် လိုက်လျောညီထွေသည့် စီးပွားရေး လုပ်ငန်းများသည် ပုဂ္ဂလိကပိုင်
စီးပွားရေးလုပ်ငန်းများသာ ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများသည်သာ နိုင်ငံတစ်နိုင်ငံ၏
စီးပွားရေး အဓိက မောင်းနှင်အား ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးသည်
ပုဂ္ဂလိကကဏ္ဍကို အဓိကထား မဏ္ဍိုင်ပြုရမည် ဖြစ်ပါကြောင်း။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို
အစုရှယ်ရာ တန်ဖိုးသတ်မှတ် ရောင်းချလိုက်ခြင်းဖြင့် မူလအဆိုပြု ဥပဒေကြမ်းပါ ရည်ရွယ်ချက်များအားလုံး
ပြည့်မီပြီးမြောက်သွားမည် ဖြစ်ပါကြောင်း၊ အစုရှယ်ရာ ရောင်းချရသည့် ငွေကြေးများသည်လည်း
နိုင်ငံတော်ဘဏ္ဍာအတွင်း ၀င်ရောက်လာပြီး လိုငွေပြ နေသည့် နိုင်ငံတော်ဘတ်ဂျက်ကိုလည်း တစ်နည်းတစ်လမ်း
ဖြည့်သွင်းနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံသားများ၏ ငြိမ်သက်နေသည့် စုဆောင်းငွေများသည်လည်း
ဆက်သွယ်ရေးလုပ်ငန်း အစုရှယ်ရာ ၀ယ်ယူခြင်း၊ ရောင်းချခြင်း၊ အမြတ်ငွေများ ရရှိခြင်းဖြင့်လည်း
တိုင်းပြည်၏ စီးပွားရေးသည် သွက်လက် မြန်ဆန်ရှင်သန် ဖွံ့ဖြိုးလာမည် ဖြစ်ပါကြောင်း။
ထို့ကြောင့်
စီးပွားရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို အမှန်တကယ် အကောင်အထည်ဖော်နိုင်မည့် စံပြဥပဒေတစ်ခု
ဖြစ်လာရန်အတွက် မိမိ၏ ပြင်ဆင်ချက်များကို ဥပမာ အနေဖြင့် တင်ပြရခြင်း ဖြစ်ပါကြောင်း၊
လွှတ်တော်အနေဖြင့်လည်း အစိုးရအဖွဲ့မှ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ မြန်မြန်ဆန်ဆန်
ရဲရဲဝံ့ဝံ့ ပြုလုပ်ရန် အကြံပြု တိုက်တွန်းစေလိုပါကြောင်း ဆွေးနွေးသည်။
ယင်းဥပဒေကြမ်းနှင့်
စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး (ခ) သန်းစိုး (ဘောဂဗေဒ)နှင့်
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး သိန်းလွင်ဌေး တို့က ဆက်လက် ဆွေးနွေးကြသည်။
ဒုတိယအကြိမ်
အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ဇန်န၀ါရီ ၂၃ရက်တွင်
ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်

No comments:
Post a Comment