Tuesday, January 29, 2019

မြန်မာနိုင်ငံ ကာကွယ်ဆေးထိုး လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး ဆွေးနွေး



နေပြည်တော် ဇန်နဝါရီ ၂၉
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယမန်နေ့ နံနက်ပိုင်းက Gavi, The Vaccine Alliance အဖွဲ့မှ အမှုဆောင် အရာရှိချုပ် Dr. Seth Berkley ၊ Senior Country Manager Mr. Dirk Gehl တို့အား နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် ကလေးငယ်များ ရောဂါဘယကင်းဝေးပြီး ကျန်းမာဖွံ့ဖြိုးစေရန်အတွက် ကာကွယ်ဆေးများနှင့် ကာကွယ်ဆေးအသစ်များ ထည့်သွင်း ထိုးနှံခြင်းနှင့် အစုလိုက် ကာကွယ်ဆေးထိုး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက် Gavi အဖွဲ့မှ ထောက်ပံ့ ကူညီပေးမှုများ၊ ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုမှု စနစ် (Vaccine Preventable Disease Surveillance) ကို အားဖြည့် ဆောင်ရွက်နေမှုနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုကို ပိုမိုမြင့်မား ကောင်းမွန် လာစေရန် တိုင်းရင်းသား ဒေသများတွင် အထူးဦးစားပေး ဆောင်ရွက်သွားရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ရှိ Park Royal Hotel ၌ ပြုလုပ်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အဖွဲ့တို့အကြား ကာကွယ်ဆေးများ စဉ်ဆက်မပြတ်ရရှိရေး ကိုယ်ထူကိုယ်ထစနစ် (Vaccine independence initiative - VII) ဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုးပွဲသို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (Unicef) (ရုံးချုပ်) မှ အမှုဆောင် ညွှန်ကြားရေးမှူး Ms. Henrietta Fore တို့သည် ကာကွယ်ဆေးများ စဉ်ဆက်မပြတ် ရရှိရေး ကိုယ်ထူကိုယ်ထ စနစ်ဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment