Tuesday, January 29, 2019

မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၁) ကြိမ်မြောက် ဗဟိုကောင်စီ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကား ပြောကြား


နေပြည်တော် ဇန်နဝါရီ ၂၉
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည်  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဌာနချုပ် စုဝေးခန်းမ၌ ကျင်းပသော မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၁) ကြိမ်မြောက် ဗဟိုကောင်စီ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံကြက်ခြေနီ အသင်းအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် လည်းကောင်း၊ အသင်း၏ ဆောင်ရွက်မှုလုပ်ငန်းများ ယခု ထက်ပိုမို ထိရောက်လျင်မြန်စွာ၊ တုံ့ပြန်မှုအားကောင်း စွာဖြင့် ပီပြင်အောင်မြင်စေရန်အတွက် လည်းကောင်း၊ ပြောင်းလဲလာသည့် အခြေအနေ အချိန်အခါများနှင့် အညီ လုပ်ရိုးလုပ်စဉ်အတိုင်း မဟုတ်ဘဲ ဆန်းသစ်တီထွင်သော အတွေးအမြင်များဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခင်နှစ်များ အတွင်း ဆောင်ရွက်ခဲ့သော အတွေ့အကြုံများကို အခြေခံ၍ ရှေ့လာမည့်နှစ်များတွင် ပြောင်းလဲ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို မှန်းဆကာ အမှန်တကယ် တကယ် လက်တွေ့ ဆောင်ရွက်နိုင်မည့် မဟာဗျူဟာများ၊ ရှေ့လုပ်ငန်းစဉ်များ၊ စီမံချက်များ ရေးဆွဲ ချမှတ်ခြင်းနှင့် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊
ယခင်နှစ်များအတွင်းက အသင်း၏ ဆောင်ရွက်ခဲ့မှုများကို ပြန်လည် သုံးသပ်စိစစ် ခြင်းများလုပ်ဆောင်၍ လိုအပ်ချက်နှင့် အားနည်းချက်ရှိသည့် ကဏ္ဍများကို အားဖြည့် ဆောင်ရွက်ခြင်း၊ အချိန်ကာလနှင့်အညီ ပိုမိုဆောင်ရွက်သင့်သည်များကို ပိုမိုဆောင်ရွက်ခြင်းနှင့် လျော့ချသင့်သည်များကို လျော့ချခြင်း စသည်ဖြင့် မွမ်းမံပြင်ဆင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်တွေ့မြေပြင်တွင် လုပ်ငန်း ဆောင်ရွက်လျက်ရှိသူများ၏ အမြင်များနှင့် အကြံပြုချက်များကို အလေးထား ထည့်သွင်း စဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမြသူက အသင်း၏ ၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများနှင့် ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဗဟိုကောင်စီဝင် (၁၀) နှစ်ပြည့် ဂုဏ်ထူးဆောင် ဆုတံဆိပ်နှင့် ဂုဏ်ပြုလွှာများကို အချိန်ပြည့် ကောင်စီဝင်များ ဖြစ်ကြသည့် ဦးခင်မောင်လှ၊ ဦးမျိုးမင်းနောင်နှင့် ဦးဘုန်းကျော် တို့အား ပေးအပ်ခဲ့ပြီး ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က အလှူရှင်များဖြစ်သည့် Coca Cola Company နှင့် ဦးတင်မောင် (စန္ဒီပရဆေး) တို့ကို ဂုဏ်ပြုလွှာများ ချီးမြှင့်ပေးအပ်သည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (၈၁) ကြိမ်မြောက် ဗဟိုကောင်စီ အစည်းအဝေးကို နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment