Monday, January 28, 2019

''သွေးချင်းတို့ရဲ့ ပွဲတော်ဆီ'' ပွဲတော် တတိယနေ့ စည်ကား သိုက်မြိုက်စွာ ကျင်းပ



ရန်ကုန် ဇန်နဝါရီ ၂၇
မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပ သည့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ပြပွဲနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးပွဲတော် ''သွေးချင်း တို့ရဲ့ ပွဲတော်ဆီ''ပွဲတော် တတိယနေ့ ကို ယနေ့နံနက် ပိုင်းတွင် ကျိုက္ကဆံအားကစားကွင်း၌ ဆက်လက် ကျင်းပရာ ပွဲတော်သို့ လာရောက်သူများဖြင့် စည်ကားလျက်ရှိ သည်။

ကချင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ''သွေးချင်းတို့ရဲ့ ပွဲတော်ကို မြန်မာနိုင်ငံ သမိုင်းမှာ ပထမဦးဆုံး ကျင်းပတာဖြစ်တဲ့အတွက် အခက် အခဲတွေရှိပေမယ့် ပြည်ထောင်စု အစိုးရ၊ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရနဲ့ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များ အဖွဲ့ကပါ ကူညီဆောင်ရွက်ပေးတဲ့အတွက် အောင်မြင်တဲ့ပွဲ ဖြစ်ပါတယ်။ နိုင်ငံတော်ကို တိုင်းရင်းသားတွေ အထောက် အကူပြုနိုင်ဖို့ဆိုရင် ဒီလိုပွဲမျိုးတွေ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားရင် အမှန်တကယ်ရည်ရွယ်တဲ့အတိုင်း အောင်မြင်လာမယ်လို့ ယုံကြည်ပါတယ်''ဟု ပြောသည်။
''သွေးချင်းတို့ရဲ့ ပွဲတော်ဆီ'' ” ပွဲတော်တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေး မှုပြခန်းများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် တအာင်း(ပလောင်)၊ ကိုးကန့် ၊ ဓနု၊ ပအိုဝ်း၊''ဝ''တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းတို့တွင် လည်း တိုင်းရင်းသားလူမျိုးပေါင်းစုံသာမက မြန်မာ-ဂျပန် ချစ်ကြည်ရေးအထိမ်းအမှတ် ချယ်ရီပန်းပင်စိုက်ပွဲတော် သို့ လာရောက်ကြသည့် ဂျပန်နိုင်ငံသားများ၊ ပြည်ပခရီးသွား ဧည့်သည်များဖြင့် အထူးစည်ကားလျက်ရှိသည်။
ပွဲတော်သို့ လာရောက်သည့် ရန်ကင်းမြို့နယ်နေ ဦးထွန်းထွန်းက “''ရန်ကုန်မှာ ဒီလို ပွဲတော်လုပ်ပေးတဲ့ အတွက် ကိုယ့်တိုင်းရင်းသား ညီအစ်ကိုတွေရဲ့ ယဉ်ကျေးမှု ရိုးရာဓလေ့တွေကို တစ်နေရာတည်း မှာလေ့လာခွင့်ရတယ်။ တချို့တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ဝတ်စုံတွေ ဆို အခုမှမြင်ဖူးတယ်။ တိုင်းရင်းသားရိုးရာ အစား အစာတွေ ဆိုလည်း အခုမှပဲ အစုံစားဖူးတယ်။ တကယ်ကို ထူးထူး ခြားခြား ကြုံတွေ့ခွင့်ရတဲ့ပွဲပါ''ဟု ပြောသည်။
ညနေပိုင်းတွင် ပွဲတော်ကျင်းပရာ မနောကွင်း၌ ကချင်မနောအက ဆင်နွှဲရာ တိုင်းရင်းသားပေါင်းစုံနှင့်အတူ ပွဲတော်သို့ လာရောက်ကြ သူများကလည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ကချင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင် ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ညနေပိုင်းမှာ ''မနောကွင်းမှာ စီးပွားရေး တိုးတက်ခြင်း၊ စည်းလုံး ညီညွတ်ခြင်း ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မနောအက ကပါတယ်။ ဆွတ်မနောဆိုတဲ့ စီးပွားရေး တိုးတက်ဖို့၊ သာယာဝပြောဖို့၊ ညီညွတ်ဖို၊့ ငြိမ်းချမ်းရေးကို အထောက်အကူပြုဖို့ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ကတာဖြစ်ပါ တယ်''ဟု ပြောသည်။
ဇန်နဝါရီ ၃ဝ ရက်အထိ ခြောက်ရက်တိုင် ကျင်းပမည့် ''သွေးချင်းတို့ရဲ့ ပွဲတော်ဆီ'' ပွဲတော်တွင် တိုင်းရင်းသား ပေါင်းစုံတို့၏ ရိုးရာအက အလှများ၊ တိုင်းရင်းသားလူမျိုးစု တစ်စုချင်းစီ၏ ယဉ်ကျေးမှုရိုးရာ ဓလေ့ နေထိုင်မှုပုံစံများ နှင့် ရိုးရာအသုံးအဆောင် ပစ္စည်းများကို တစုတစည်းတည်း လေ့လာမြင်တွေ့ရမည်ဖြစ်ပြီး တိုင်းရင်း သားပေါင်းစုံ တို့၏ ရိုးရာအဝတ်အထည်များ၊ အစားအစာများ၊ ဒေသထွက် ပစ္စည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဖွင့်လှစ်ရောင်း ချနေသည့် ကုန်ပစ္စည်းများကိုလည်း တစုတဝေး တည်း၊ တစ်နေရာတည်းတွင် ဝယ်ယူနိုင်မည်ဖြစ်သည်။
သတင်း-သီသီမင်း
ဓာတ်ပုံ-ဇော်မင်းလတ်



No comments:

Post a Comment