နေပြည်တော်
ဇန်န၀ါရီ ၂၂
ဒုတိယအကြိမ်
ပြည်သူ့လွှတ်တော်(၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင်
နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီတွင်
ကော်မတီဥက္ကဋ္ဌအဖြစ် ပုဇွန်တောင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ အတွင်းရေးမှူးအဖြစ် ရွှေကျင်
မဲဆန္ဒနယ်မှ ဦးစောသလေးစော နှင့် အဖွဲ့ဝင် ၁၆ ဦး တို့၏ အမည်စာရင်းကိုလည်းကောင်း၊ ကော်မတီ၏
တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကို လည်းကောင်း ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်
ရယူပြီး တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ
ကော်မတီ ဖွဲ့စည်းကြောင်း ကြေညာသည်။
ထို့နောက်
ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေး၏ ပျော်ဘွယ်မြို့ အနောက်ဘက် နတ်မောက်မြို့နယ် နယ်စပ်ရှိ
တိုက်နယ်ဆေးရုံနှင့် ကျေးရွာများ လျှပ်စစ်မီးရရှိနိုင်ရန် သဖန်းချောင်း 33/11 KV
3MVA ဓာတ်အားခွဲရုံမှ တဲကြီးကုန်းကျေးရွာအုပ်စု၊ သီးပင်ကျေးရွာအထိ 33KV ဓာတ်အားလိုင်း (၁၄)မိုင်နှင့် 33/11 KV 3MVA ဓာတ်အား ခွဲရုံ တစ်ရုံ
တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်
ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ပျော်ဘွယ်မြို့ အနောက်ဘက် ရန်အောင်မြို့နယ်ရှိ
တိုက်နယ်ဆေးရုံနှင့် ကျေးရွာ (၂၀)ဓာတ်အား ရရှိရေးအတွက် ၃၃ ကေဗွီ ပျော်ဘွယ်-သဖန်းချောင်း
ဓာတ်အားလိုင်းမှ ၃၃ ကေဗွီ လိုင်း ၂၁ မိုင်၊ သီးပင်ကျေးရွာအနီး ၃၃/၁၁ ကေဗွီ (၃) အမ်ဗွီအေ
ဓာတ်အားခွဲရုံ (၁)ရုံ တည်ဆောက်ခြင်းနှင့် ၁၁ ကေဗွီ လိုင်း ဖီဒါ (၃) ခုအတွက် စုစုပေါင်း
၁၉ မိုင် တည်ဆောက်ပေးရန် မန္တလေး လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းမှ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။
အဆိုပါ
၃၃ ကေဗွီ သီးပင်ဓာတ်အားခွဲ တည်ဆောက်ခြင်း လုပ်ငန်းနှင့်
၃၃ကေဗွီ နှင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်ခြင်း လုပ်ငန်းများအား မန္တလေးတိုင်း
ဒေသကြီး လွှတ်တော်၊ စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာ ကော်မတီတို့ ပူးပေါင်းပြီး ဘဏ္ဍာရေးနှစ်အလိုက်
ဘတ်ဂျက်ရန်ပုံငွေ လျာထားပြီး ရန်ပုံငွေရရှိမှု အပေါ်တွင် ဆောင်ရွက်ပေးမည်သွားမည်ဖြစ်ပါကြောင်း
မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။
တောင်တွင်းကြီး
မဲဆန္ဒနယ်မှ ဦးမင်းသိန်း၏ ပဲခူးရိုးမကိုဖြတ်၍
ဖောက်လုပ်ထားသော ကတ္တရာ ကားလမ်းမကြီးများ၏ လမ်းဘေးဝဲယာတွင် ကျေးရွာချင်းဆက်လမ်း မဟုတ်သော
မြေသားတစ်ကြောင်း ထိုးလမ်းများ ဖောက်လုပ်ထားခြင်း၊ ဖောက်လုပ်နေ ခြင်းများကို တားဆီးရန်
မည်သို့စီစဉ်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးကျော်လင်းက ဆောက်လုပ်ရေး ၀န်ကြီးဌာနအနေဖြင့်
ဝန်ကြီးဌာနပိုင် လမ်းများ ပျက်စီးမှု မဖြစ်ပေါ်စေရန်အတွက်
လမ်းနယ် နိမိတ်အတွင်း ၀န်ကြီးဌာနမှ ခွင့်ပြုချက်မရှိဘဲ တစ်ကြောင်းထိုး မြေသားလမ်းများ
ဖောက်လုပ်သွားလာခြင်း၊ လမ်းမကြီးများ၏ ၀ဲ/ယာ လမ်းနယ်နိမိတ် အတွင်း၌ လမ်းမကြီးများကို
ထိခိုက်ပျက်စီးစေသော ကိစ္စရပ်များ ဖြစ်ပေါ်လာလျှင် ကျူးလွန်သူ မည်သူမဆို အတည်ပြု ရေးဆွဲထားသည့်
လမ်းမကြီးများ ဥပဒေ အခန်း(၅) ပုဒ်မ(၇)၊ (၈)၊ (၉) တို့ပါ တားမြစ်ချက်များအရ ဥပဒေနှင့် အညီ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း
ရှင်းလင်းဖြေကြးသည်။
ဆက်လက်၍
ပွင့်ဖြူ မဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊ ဒဂုံမြို့သစ် (တောင်းပိုင်း) မဲဆန္ဒနယ်မှ ဦးအေးနိုင်၊
ဘားအံ မဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်နှင့် ကော့သောင်း မဲဆန္ဒနယ်မှ ဦးခင်ဇော်တို့၏
မေးခွန်းများနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်နှင့်
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းတို့က ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် သထုံ မဲဆန္ဒနယ်မှ ဒေါ်မာမာခိုင် တင်သွင်းသည့် နိုင်ငံတွင် တစ်နေ့တခြား လူဦးရေ ထူထပ်များပြားလာခြင်းကြောင့်
နေထိုင်ရန် နေရာအခက်အခဲကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ စာကျက်မြေများ၊
မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ပြန်လည် စိစစ်ဖော်ထုတ်၍ မြို့ရွာစီမံချက်ကို စနစ်တကျအမြန်ဆုံး
ချမှတ်ဆောင်ရွက်ပေးပါရန် အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ်များက
ဆွေးနွေးကြသည်။
မကွေး
မဲဆန္ဒနယ်မှ ဦးမြင့်ဦးက တစ်နိုင်ငံလုံး၏ စားကျက်မြေစုစုပေါင်း ဧက ၇ သိန်း ကျော် ရှိပါကြောင်း၊
မြေလွတ်၊ မြေလပ် ဧကပေါင်း (၄၉)သန်းကျော် ရှိပါကြောင်း၊ နေထိုင်ရန် အခက်အခဲ ဖြစ်နေသည့်
အိုးမဲ့အိမ်မဲ့များကို ဒေသများတွင်ရှိသည့် မြေလွတ် မြေလပ်မြေရိုင်းများတွင် နေရာချထားပေးနိုင်ရန်
လိုအပ်နေပါကြောင်း၊ အမှန်တကယ် လိုအပ်နေသည့် အိမ်ယာမဲ့ ပြည်သူများကို မျှမျှတတ မှန်မှန်ကန်ကန်
ဖြေရှင်းပေးနိုင် ရေးအတွက် တန်းတူညီမျှမှု၊ တရားမျှတမှု ဖြစ်ထွန်းစေပြီး ဆင်းရဲချမ်းသာကွာဟမှုနှင့်
လူတန်းစားခွဲခြားမှုများ ဖယ်ရှားနိုင်စေရန် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သား
ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦးက နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်
ပြည်ထောင်စုဥပဒေပြု စာရင်းတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍအောက်၌ မြေယာ စီမံခန့်ခွဲမှု၊
မြေလွတ်မြေလပ်နှင့် မြေရိုင်းများ ဖော်ထုတ်ခြင်း ပါရှိသကဲ့သို့ စီမံခန့်ခွဲရေး ကဏ္ဍအောက်တွင်
ရွာမြေ၊ မြို့မြေ စီမံခန့်ခွဲရေးများ ပြုလုပ်ပိုင် ခွင့်ရှိကြောင်း ဖော်ပြထားပါကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ဥပဒေ၏ သတ်မှတ်ချက်အတိုင်း
တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် အသိပေးတင်ပြ လိုပါကြောင်း၊ မြို့မြေ၊ ရွာမြေများကို
ပြန်လည် စိစစ် ဖော်ထုတ်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်နိုင်သော နေရာများ၊
ရေရရှိ နိုင်သောနေရာ၊ ၀င်ငွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်သော နေရာများဖြစ်ရန်
သတိချပ်စေလိုပါကြောင်း။
နောင်အနာဂတ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီးပွားရေးစီမံကိန်း
နေရာများ၊ စက်မှုစီမံကိန်းနေရာများ၊ လယ်ယာစိုက်ပျိုးရေး စီမံကိန်းနေရာများနှင့် စီးပွားရေးအရ
အချက်အခြာ ကျသော၊ ဖွံ့ဖြိုးတိုးတက်လာနိုင်သော နေရာများတွင် မြို့ရွာစီမံကိန်များ ဖော်ထုတ်သင့်ကြောင်းကို အကြံပြုဆွေးနွေးလိုပါကြောင်း၊
စားကျက် မြေများကို တည်ဆဲဥပဒေများနှင့်အညီ ဆက်လက် ထားရှိသင့်ပါကြောင်း၊ လက်တွေ့ မြေယာစီမံခန့်ခွဲနေသူများသည် နိုင်ငံပိုင်မြေနှင့်
အစိုးရစီမံခန့်ခွဲ ပိုင်ခွင့်ရှိသည့် မြေများကို ခွဲခြားသိရှိထားရန် လိုအပ်ပြီး မှန်ကန်သော
မြေယာစီမံခန့်ခွဲမှု ဆောင်ရွက်နိုင်မှသာလျှင် ပြည်သူလူထု၏ လိုလားချက်နှင့် နိုင်ငံတော်၏
လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည့် အပြင် နိုင်ငံ၏ တိုးတက်မှုနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို
အထောက်အကူပြု နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးသည်။
ဆက်လက်၍
ညောင်ရွှေ မဲဆန္ဒနယ်မှ ဦးဝင်းမြင့်ဦး(ခ)ဦးနေမျိုး၊ ပေါင် မဲဆန္ဒနယ် မှ ဒေါ်မိကွန်ချမ်း၊
ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၊ ပွင့်ဖြူ မဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊ မင်းဘူး
မဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊ ကသာ မဲဆန္ဒနယ်မှ ဦးမြင့်ကြည်၊ ရှားတော မဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်း၊
ဖာပွန် မဲဆန္ဒနယ်မှ ဦးစောထွန်း မြအောင်၊ လင်းခေး မဲဆန္ဒနယ်မှ ဦးစိုင်းဘသိန်း၊ မိုးညို
မဲဆန္ဒနယ်မှ ဦးကျော်မျိုးမင်း၊ မော်လိုက် မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်း၊ ငါန်းဇွန်း မဲဆန္ဒနယ်မှ
ဦးမင်းသိန်း၊ ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးဥာဏ်လင်း၊ မုံရွာ မဲဆန္ဒနယ်မှ ဦးညွန့်အောင်၊
ဒီပဲယင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင် နှင့် လက်ပံတန်း မဲဆန္ဒနယ်မှ ဦးကျော်မင်းတို့က
ဆွေးနွေးကြသည်။
ယင်းအဆိုနှင့်
စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေများကို အခြားနည်းအသုံး
ပြုရန်ဖြစ်သော်လည်း စက်မှုဇုန်၊ ကျောင်း၊ ဆေးရုံ၊
လူနေအိမ်ရာ တို့အဖြစ် ပြောင်းလဲခြင်းများသည် မြို့ပြဖွံ့ဖြိုးမှုနှင့် သက်ဆိုင်သည့်အတွက်
လူဦးရေ တိုးတက်မှုနှုန်း၊ ဖွံ့ဖြိုးမှုအလား အလာများကို အခြေပြု ဆန်းစစ်ပြီးမှသာ မြို့ရွာဖွံ့ဖြိုးရေး
စီမံချက်များအား ရေးဆွဲဆောင်ရွက်သွားရမည့် လုပ်ငန်းရပ်များ ဖြစ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီး
ဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့
သည် မြို့၊ရွာ ပြင်ဆင်တိုးချဲ့ခြင်းများ ဆောင်ရွက်လိုပါက ဒေသခံပြည်သူများ၏ သဘောဆန္ဒများကို
ရယူ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များမှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၄နှင့် အညီ ဆောင်ရွက်သွား
ရမည်ဖြစ်ပါကြောင်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနသည် သစ်တောမြေ
အဖြစ်မှ လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့် ပယ်ဖျက်ပေးလျက်ရှိရာ ကျေးရွာများ အတွက် လယ်မြေ၊
ယာမြေ၊ သာသနာ၊ အများပိုင် မြေဧကများအား သစ်တော မြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း။
စားကျက်မြေ၊
မြေလွတ်၊ မြေရိုင်းများကို မြို့ပြဖွံ့ဖြိုးမှုအတွက် စနစ်တကျ သတ်မှတ်ရေးဆွဲထားပြီး မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း
အကောင် အထည်ဖော်ခြင်း အားဖြင့် တရားမ၀င် ကျူးကျော်ဝင်ရောက် နေထိုင်မှုများနှင့် ကိုယ်ကျိုးရှာ
စီးပွားရေးသမားများက လယ်မြေများကို ၀ယ်ယူ၍ ပြန်လည် ရောင်းချခြင်းများ လျော့နည်း ပပျောက်သွားနိုင်ပြီး
ကျေးရွာများသည်လည်း စနစ်တကျဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်သည့် အတွက် အဆိုအား မိမိဝန်ကြီးဌာနမှ
ထောက်ခံပါကြောင်းနှင့် အဆိုအား အတည်ပြု ပေးပါရန် ပြောကြားသည်။
ထို့နောက်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က အတည်ပြု ပေးပါရန် ပြောကြားသည်။
ယင်းနောက်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန် လွှတ်တော် ၏ သဘောထား ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း
ကြေညာသည်။
ဒုတိယအကြိမ်
ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ဇန်န၀ါရီ ၂၃ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း
သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:
Post a Comment