Thursday, January 31, 2019

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ငွေကြေးရရှိစေနိုင်မှု ဆိုင်ရာများ ဆောင်ရွက်ရေး လုပ်ငန်းကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီးမှ လုပ်ငန်းရှင်များတွေ့ဆုံ


နေပြည်တော် ဇန်န၀ါရီ ၃၀
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးရရှိစေနိုင်မှုဆိုင်ရာများ ဆောင်ရွက်ရေးလုပ်ငန်းကော်မတီနှင့် တနင်္သာရီ တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားကို ဇန်န၀ါရီ ၂၄ ရက် မွန်းလွဲ ၃ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး စုပေါင်း ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ငွေကြေးရရှိစေနိုင်မှုဆိုင်ရာများ ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲ၌ ပုဂ္ဂလိကလုပ်ငန်းရှင်များက လုပ်ငန်း လုပ်ကိုင်ရာတွင် တွေ့ကြုံနေရသော အခက်အခဲများ ဖြေလျှော့ ပေးနိုင်ရေး၊ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ JICA တို့မှ ထုတ်ချေးပေးလျက်ရှိသော ချေးငွေများရရှိရေး၊ ပြည်ပသို့ ကုန်ကြမ်းများတင်ပို့ခြင်းအစား ကုန်ချောများ ထုတ်လုပ်တင်ပို့ နိုင်ရေးအတွက် လိုအပ်သည့် အသေးစား၊ အလတ်စားစက်ရုံများ တည်ဆောက်ရေး၊ ရေလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဘဏ်ချေးငွေရရှိရေးဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးခဲ့ကြသည်။
ဘဏ်ချေးငွေရရှိနိုင်ရေး ဆောင်ရွက်ရမှုများနှင့်စပ်လျဉ်း၍ ကင်းမွန်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး၊ SME အသင်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး၊ ခရီးသွားလုပ်ငန်း အသင်းနာယက၊ ဥယျာဉ်ခြံမြေလုပ်ငန်းရှင်အသင်းနှင့် ရော်ဘာ နှင့် အခြားစိုက်ပျိုးသီးနှံအသင်းတို့မှ တာဝန်ရှိသူများ၏ တင်ပြ ဆွေးနွေးမှုများကို ငွေကြေးရရှိစေနိုင်မှုဆိုင်ရာများ ဆောင်ရွက် ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းနှင့် သက်ဆိုင်ရာကဏ္ဍ အလိုက် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment