Thursday, January 31, 2019

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ်အား ဂုဏ်ပြုကြိုဆို


နေပြည်တော် ဇန်န၀ါရီ ၃၀
ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ ချစ်ကြည်ရေး ခရီးရောက်ရှိနေသော ထိုင်းဘုရင့် တပ်မတော်ကြည်းတပ်ဦးစီးချုပ် General Apirat Kongsompong အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည့် အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ထိုင်းဘုရင့်တပ်မတော်ကြည်းတပ်ဦးစီးချုပ် General Apirat Kongsompong တို့သည် ဂုဏ်ပြုတပ်ဖွဲ့ ၏ အလေးပြုခြင်းကို ခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။
ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့် ထိုင်းဘုရင့် တပ်မတော်ကြည်းတပ်ဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်း ကို ခံယူပြီး အခမ်းအနားသို့ တက်ရောက် လာကြသည့် နှစ်နိုင်ငံတပ်မတော် အရာရှိကြီးများအား အပြန်အလှန် မိတ်ဆက်ပေးကြသည်။
ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ဇေယျာသီရိဗိမာန် ဧည့်ခန်းမ ဆောင်၌ တွေ့ဆုံဆွေးနွေးသည်။
ထိုသို့တွေ့ဆုံရာတွင် ကြာရှည်စွာ ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှုများကို စဉ်ဆက်မပြတ် ပိုမိုတိုးတက်ခိုင်မာအောင် ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တစ်လျှောက်တွင် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးများ ပြုလုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ တားဆီး နှိမ်နင်းနိုင်ရေးအတွက် သတင်းအချက် အလက်များ ဖလှယ်ရေး၊ လူကုန်ကူးမှုများ အား ပူးပေါင်းတားဆီး ဆောင်ရွက်နိုင်ရေး၊ တပ်မတော်နှစ်ရပ်ကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရေးတို့အား ရင်းရင်းနှီးနှီး ဆွေးနွေးကြသည်။
ညပိုင်းတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်းဘုရင့် တပ်မတော်ကြည်းတပ်ဦးစီးချုပ်နှင့်အဖွဲ့အား နေပြည်တော်ရှိ Aureum Palace Hotel ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment