နေပြည်တော် ဇန်နဝါရီ ၂၁
မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ (Myanmar Coast Guard) ဖွဲ့စည်း
ဆောင်ရွက်နိုင်ရေး အတွက် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲ တွင်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အဖွင့်အမှာ စကားပြောကြားရာတွင် မြန်မာနိုင်ငံ အနေဖြင့် ကမ်းရိုးတန်းအရှည် မိုင်ပေါင်း ၁၃၀၀ ကျော် ရှည်လျားသည့် နိုင်ငံဖြစ်သည်နှင့်အညီ မိမိကမ်းရိုးတန်းနှင့် ရေပြင်နယ်နိမိတ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ပင်လယ်ရေကြောင်း အန္တရာယ် ကင်းရှင်း ရေးနှင့် ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေး စသည့် Traditional Security Measures များအပြင် ကမ်းလွန်တူးဖော်ရေးလုပ်ငန်းများ၊ တိုးချဲ့တည်ဆောက်လာသော ရေနက်ဆိပ်ကမ်းများနှင့် သဘာဝ ပတ်ဝန်းကျင်၊ သယံဇာတများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်၊ ခေတ်ကာလအလိုက် တိုးတက်ဖြစ်ပေါ်လာသော စိန်ခေါ်မှု များဖြစ်သည့် ရေကြောင်းမတော်တဆမှုများ၊ သဘာဝ ဘေးအန္တရာယ် များကို ရင်ဆိုင်ဖြေရှင်း ရန်နှင့် ရေထုညစ်ညမ်းမှု ကာကွယ် တားဆီးရေးနှင့် တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် Non-Traditional Maritime Security Threats များ ဖြစ်သည့် လူကုန်ကူးခြင်း၊ တရားမဝင် ဝင်ရောက်ခြင်း၊ မှောင်ခို လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း များ အပြင်IUU (Illegal, Unlawful, Unregulated Fishing) တရားမဝင် ငါးဖမ်းခြင်းစသည့် ဥပဒေမဲ့ လုပ်ရပ်များကို ထိရောက်စွာ ကာကွယ်တားဆီးရန် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်း ဆောင်ရွက်နိုင်ရေး အတွက် ညှိနှိုင်း အစည်းအဝေးခေါ်ယူရခြင်း ဖြစ်ပါ ကြောင်း၊ ထိုသို့ဖွဲ့စည်းဆောင်ရွက် ရာတွင် မည်သည့် နည်းလမ်းက အသင့်တော်ဆုံး ဖြစ်မည်၊ မည်သည့်အဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းစေ သင့်သည်၊ မည်သို့ဖွဲ့စည်းသင့်သည်၊ မည်သည့် ဥပဒေအရ စီမံကွပ်ကဲရမည် စသောအချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ဌာန အသီးသီးမှ ကိုယ်စားလှယ်များက ဆွေးနွေးနိုင် ရန်နှင့် ၎င်းတို့၏ အားနည်းချက်၊ အားသာချက်၊ စိန်ခေါ်မှုများနှင့် ရရှိ နိုင်မည့် အခွင့်အလမ်းများ စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ခြင်းများ ပြုလုပ်ပြီး အရေအတွက်နှင့် အရည်အသွေးအရ ဆန်းစစ်ခြင်း များပြုလုပ်ရန် လိုအပ်ကြောင်း၊ အဆိုပါ ရရှိလာသော အကဲဖြတ် ချက် ရလဒ်များအပေါ်အခြေခံ၍ ဆောင်ရွက်သင့်မှုကို နိုင်ငံတော် သမ္မတ ရုံးသို့ ပြန်လည်တင်ပြသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရေကြောင်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေးဆိုင်ရာ အချက်အလက်များနှင့် နိုင်ငံတကာ တွင် ကမ်းခြေစောင့် တပ်ဖွဲ့ ဖွဲ့စည်းပုံ၊ နည်းလမ်းများကို ဆွေးနွေး တင်ပြသည်။
ထို့နောက် တက်ရောက်လာကြသော ဝန်ကြီးဌာနအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:
Post a Comment