Wednesday, January 30, 2019

မဟာဘွဲ့နှင်းသဘင် အခမ်းအနား ဖေဖော်ဝါရီ ၁၅ ရက်တွင် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပမည်

ရန်ကုန် ဇန်န၀ါရီ ၂၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၁၈ ခုနှစ် ပရိယတ္တိစာမေးပွဲများတွင် ဓမ္မာစရိယသုံးကျမ်းပြီး စာအောင်ဘွဲ့ရ ၉၃၆ ပါး၊ ပါဠိဂုဏ်ထူးအောင် တစ်ပါး၊ မြန်မာ ဂုဏ်ထူးအောင် ခြောက်ပါး၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန် အထူးအောင် အပါး ၂၀၊ နိကာယ်စာမေးပွဲတွင် အထူးအောင်အပါး ၂၀၊ အဘိဓမ္မာနှင့် ၀ိသုဒ်္ဓိမဂ်စာမေးပွဲတွင် တစ်နိုင်ငံလုံး၌ (ပထမ၊ ဒုတိယ၊ တတိယ)ရရှိသူ ကိုးဦးတို့အား ဘွဲ့တံဆိပ်တော်များနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းမည့် မဟာဘွဲ့နှင်း သဘင်အခမ်းအနားကို ၁၃၈၀ ပြည့်နှစ် တပို့တွဲလဆန်း ၁၁ ရက် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် (သောကြာနေ့) မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါ မဟာဘွဲ့နှင်းသဘင်အခမ်းအနားသို့ အချိန်မီကြွရောက်ရန် သက်ဆိုင်ရာ စာအောင်ပုဂ်္ဂိုလ်များနှင့် ပင့်သံဃာ တော်များကို ပင့်စာများပေးပို့ ဆက်ကပ်ပြီးဖြစ်ကြောင်း၊ ပင့်စာများကို အချိန်မီ မရရှိပါကလည်း ကြွရောက်တော်မူကြပါရန်နှင့် ဖေဖော်ဝါရီ ၁၂ ရက်မှစ၍ ရုံးချိန်အတွင်း ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ပုဗ္ဗ၀ိဒေဟကျောင်းဆောင် စာမေးပွဲဌာနခွဲ၊ ဌာနစု(၁၄)သို့ ဆက်သွယ်သတင်းပေးပို့ကြပါရန် သာသနာရေး ဦးစီးဌာနက ပင့်လျှောက်အပ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment