Tuesday, January 29, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်၏ အထူး ကိုယ်စားလှယ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ငုယင် ကွတ်ဇွန်းနှင့် အဖွဲ့အား တွေ့ဆုံ

 
နေပြည်တော် ဇန်နဝါရီ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ငုယင် ကွတ်ဇွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာအစိုးရမှ ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် အတွင်းရှိ အသိုက်အဝန်းအားလုံးအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး၊ ဒေသဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်နေသည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ဗီယက်နမ်ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရခိုင်ပြည်နယ် တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီအဖြစ် ဗီယက်နမ်အစိုးရမှ ရခိုင်ပြည်နယ်တွင်း လူသာချင်းစာနာမှု အကူအညီထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်းသို့ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၁၀၀,၀၀၀) ကိုပေးအပ်လှူဒါန်းရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။
တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး ဒေါက်တာ လူသွေယောင်းနှင့် ဗီယက်နမ်ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဗီယက်နမ်ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်သည် ယနေ့မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား အာဆီယံ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုပူးပေါင်းဆောင်ရွက် သွားရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment