Thursday, January 31, 2019

လန်ချန်း - မဲခေါင် ဒေသတွင်းရှိ အနုပညာရှင်လူငယ်များ မန္တလေးရတနာမော(လ်) ကျောက်မျက်အရောင်းဆိုင်သို့ လေ့လာ




မန္တလေး ဇန်န၀ါရီ ၃၁

မန္တလေးမြို့တွင် ဇန်န၀ါရီ ၂၇ ရက်မှ ၃၁ ရက်အထိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး)မှ ကျင်းပပြုလုပ်သည့် လန်ချန်း - မဲခေါင် ဒေသတွင်းရှိ အနုပညာရှင် လူငယ်များတွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံ ခြောက်နိုင်ငံမှ အနုပညာရှင်လူငယ်များသည်  ယနေ့ မန္တလေးရတနာမော(လ်) ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်သို့ လေ့လာကြသည်။


အဆိုပါ အနုပညာရှင်လူငယ်များအဖွဲ့သည် ချမ်းအေးသာစံမြို့နယ်ရှိ ရတနာပုံ စူပါစင်တာ ဒုတိယထပ်တွင် ဖွင့်လှစ်ထားသည့် မန္တလေး ရတနာမော(လ်) ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင်၌ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကျောက်မျက် အမျိုးအစားများနှင့် အရည်သွေးများကိုလေ့လာကြပြီး မွန်းလွဲပိုင်းတွင် နိုင်ငံ အသီးသီးသို့ ပြန်လည်ထွက်ခွာသွားကြသည်။

'' မြန်မာနိုင်ငံမှာ သူငယ်ချင်းအသစ်တွေ၊ ဗဟုသုတအသစ်တွေ ရရှိခဲ့ပါတယ်။ မြန်မာလူမျိုးတွေရဲ့ နွေးထွေးကြင်နာမှုကိုလည်း အများကြီးကျေနပ်ပါတယ်။ နောက်ဆုံးနေ့မှာ ကျောက်မျက်ရတနာဆိုင်တွေကို လေ့လာ ခွင့်ရတာ အရမ်းစိတ်ဝင် စားမိလို့ နောက်ထပ် တစ်နာရီ လေ့လာခွင့်ရဖို့ တောင်းဆိုခဲ့ပါတယ်။ ကျွန်မအနေနဲ့ ဒီလို အစီ အစဉ်တွေ နောက်ထပ်ပေါ်ပေါက်လာဖို့ မျှော်လင့်နေမှာပါ''ဟု တရုတ်နိုင်ငံမှ အနုပညာ ရှင်လူငယ်အဖွဲ့ဝင် တစ်ဦးကပြောသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဒေါ်ခင်ကြည်ပြာက ''ဒီတွေ့ဆုံပွဲ ကနေ ဒေသတွင်း ခြောက်နိုင်ငံကြားမှာ တိုင်းတာလို့မရတဲ့ ရင်းနှီးချစ်ခင်မှုတွေနဲ့ အတွေ့အကြုံတွေ အများကြီးရရှိခဲ့ပါတယ်။ အစီအစဉ်မှာ ပါဝင်တဲ့ လေ့လာရေး ခရီးစဉ်တွေမှာလည်း စုပေါင်း ပန်းချီရေးဆွဲကြ၊ သီချင်း စပ်ဆိုကခုန်ကြတဲ့အတွက် အားလုံး ပျော်ရွှင်နေကြတာကို တွေ့ရလို့ ကျေနပ်အားရ မိပါတယ်'' ဟု ပြောသည်။

မန္တလေးမြို့တွင် ကျင်းပခဲ့သည့် လန်ချန်း - မဲခေါင် ဒေသတွင်းရှိ အနုပညာရှင် လူငယ်များတွေ့ဆုံပွဲတွင် အဖွဲ့ဝင် ခြောက်နိုင်ငံမှ ရိုးရာယဉ်ကျေးမှု ပန်းချီ၊ ပန်းပု၊ အဆို၊ အကများ တင်ဆက်ပြသခြင်း၊ အနုပညာဆိုင်ရာ ပြခန်းများဖွင့်လှစ်ခြင်း၊ နိုင်ငံအလိုက် ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာတမ်းများ ဖတ်ကြားခြင်း၊ ပန်းချီ၊ ပန်းပု၊ အနုပညာ လက်ရာများ ဖန်တီး ဖလှယ်ခြင်း၊ လူငယ်သင်တန်းကျောင်းမှ ပြုလုပ်သော လက်မှုပစ္စည်းများ ရောင်းချခြင်းနှင့် သက်ဆိုင်ရာ နိုင်ငံအလိုက် အနုပညာရပ်ဆိုင်ရာ ပစ္စည်းများ ခင်းကျင်းပြသရောင်းချခြင်း အစီအစဉ်များ ဆောင်ရွက်ကြသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ - အောင်ဖြိုးကျော်

No comments:

Post a Comment