Tuesday, January 29, 2019

“သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော် စတုတ္ထနေ့ဆက်လက်ကျင်းပ၊ တိုင်းရင်းသားအလှမယ်ရွေးချယ်ပွဲနောက်ဆုံးပြိုင်ပွဲကို ဇန်န၀ါရီ ၂၉ ရက် ညပိုင်းတွင်ဆက်လက်ကျင်းပမည်


ရန်ကုန် ဇန်န၀ါရီ ၂၈
မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းကကြီးမှူး၍ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုပြပွဲနှင့် ခရီးသွား လုပ်ငန်းမြှင့်တင်ရေးပွဲတော်အဖြစ် “သွေးချင်းတို့ ရဲ့ပွဲတော်ဆီ” ပွဲတော်၏ စတုတ္ထနေ့ကို ဆက်လက်ကျင်းပလျက်ရှိပြီး Miss Ethnic Myanmar ၏ နောက်ဆုံးပြိုင်ပွဲဖြစ်သည့် တိုင်းရင်းသား အလှမယ်ရွေးချယ်ပွဲကို ပွဲတော်ပဉ္စမနေ့ညပိုင်းတွင် ကျင်းပ သွားမည်ဖြစ်ကြောင်းပွဲတော် သတင်းပြန်ကြားရေးအဖွဲ့မှ သိရသည်။

ယနေ့ကျင်းပသည့် စတုတ္ထနေ့ပွဲတော်တွင် ခရီးသွားလုပ်ငန်းရှင်များ၏ ပြခန်းများနှင့် ဒေသအလိုက် သဘာဝတန်ဖိုးမြှင့် ထုတ်ကုန်များ၊ တိုင်းနှင့်ပြည်နယ်များမှ တိုင်းရင်း သားတို့၏ဒေသအလိုက် ခရီးသွား လုပ်ငန်းများ၊စီးပွားရေးလုပ်ငန်းများ၊ ခရီးသွား ဒေသများနှင့် အထင်ကရနေရာများ၊ ဒေသထွက်ကုန် အမှတ်တရလက်ဆောင် ပစ္စည်း အရောင်းပြခန်းများ၊ တိုင်းရင်းသားရိုးရာ စားသောက်ကုန် အရောင်းဆိုင်ခန်းများသို့ လာရောက်ကြည့်ရှု အားပေးကြသူများနှင့် စည်ကားလျက် ရှိသည်။
“သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်တွင် မြန်မာပြည်ဒေသ အနှံ့အပြားမှ မြန်မာ တိုင်းရင်းသား ၁၃၅ မျိုးတို့၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့၊ အ၀တ်အထည်နှင့်စားသောက် ကုန်များ၊ စာပေ၊ ဂီတတူရိယာ များ၊ ရိုးရာဓလေ့ လုပ်ငန်းသုံးပစ္စည်းများ၊ တိုင်းရင်းဆေးများ၊ တိုင်းရင်းသားလူမျိုးအလိုက်သမိုင်း၊ လွတ်လပ်ရေးအတူကြိုးပမ်းရယူခဲ့ကြ သည့် သမိုင်းများ၊ စာအုပ်စာပေများ၊ စီးပွားရေးလုပ်ငန်းများ၊ ဒေသ ထွက်ကုန်များကို ခင်းကျင်းပြသထားသည်။
“သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်ကို မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းကကြီးမှူး၍ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်း၌ နံနက် ၁၁ နာရီခွဲမှ ည ၁၀ နာရီကျော် အထိကျင်းပလျက်ရှိရာ ဇန်န၀ါရီ ၃၀ ရက်အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
သန့်ဇင်ဝင်း၊ ဓာတ်ပုံ-ဇော်မင်းလတ်

No comments:

Post a Comment