Tuesday, December 4, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပသည့် Gavi Board Meeting သို့ တက်ရောက်



နေပြည်တော်   ဒီဇင်ဘာ ၎

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ Gavi ဌာနချုပ်ရှိ Global Health Campus တွင် နိုဝင်ဘာ (၂၈) ရက်မှ (၂၉) ရက်အထိကျင်းပသည့် Gavi Board အဖွဲ့ဝင်များ အစည်းအဝေးသို့ Gavi Board အဖွဲ့ဝင်အနေဖြင့် တက်ရောက်ခဲ့ပြီး ဒီဇင်ဘာ (၂) ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ သည်။

ယင်းအစည်းအဝေး၌ Gavi အဖွဲ့မှထောက်ပံ့ပေးသည့်နိုင်ငံများတွင် လုပ်ငန်းဆောင်ရွက်ချက် ပီပြင်မှု ရှိ/မရှိ၊ ဘဏ္ဍာငွေ အကျိုးရှိစွာ အသုံးချမှု ရှိ/မရှိ၊ Gavi အဖွဲ့၏ ထောက်ပံ့မှုများ အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်ပံ့ပိုးမှုများကို အသေးစိတ် လေ့လာသုံးသပ်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက Gavi အဖွဲ့မှ ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးကို ကူညီထောက်ပံ့ပေးမည့် အချက်မှာ အလွန်အကျိုးရှိပြီး မည်သည့်အခန်းကဏ္ဍမှ ဝင်ရောက်ကူညီမည်ကို ရှင်းရှင်းလင်းလင်းပြောကြားရန် လိုအပ် ပါကြောင်း၊
ကမ္ဘာ့နိုင်ငံများ၌ ဝက်သက်ရောဂါသည် ကပ်ရောဂါအငယ်စားအသွင်ဖြင့် မကြာခဏ ဖြစ်ပွားလျက်ရှိနေသေးသဖြင့် Gavi အဖွဲ့ ဝင်နိုင်ငံအချို့တွင် အောင်မြင်စွာ လက်တွေ့ ထိန်းချုပ်နိုင်ခဲ့သည့်အတွေ့အကြုံများကို နိုင်ငံအချင်းချင်း ဝေမျှ၍လည်းကောင်း၊ WHO, UNICEF အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်ခဲ့မှုများအပေါ် အခြေခံ၍လည်းကောင်း၊ အကြံပြုချက်၊ လမ်းညွှန် ချက်များကို မျှဝေ၍ ဝက်သက်ရောဂါ ပပျောက်ရေးကို ဆောင်ရွက်သင့်ပါကြောင်း၊
Gavi အဖွဲ့မှ ထောက်ပံ့ပေးနေသည့်နိုင်ငံများ၌ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများကို နှိမ်နှင်းရာတွင် ဆောင် ရွက်ပံ့ပိုးပေးသည့် အဖွဲ့အစည်းတစ်ခုတည်းဘက်မှ လုပ်ငန်းများဆောင်ရွက်ပေးနေခြင်း မဟုတ်ဘဲ ကာကွယ်ဆေးတိုက်ကျွေး ထိုးနှံခြင်းကို လက်ခံရရှိသူ ပြည်သူများဘက်မှလည်း ကာကွယ်ဆေးတိုက်ကျွေး ထိုးနှံခြင်း၏ အကျိုးအာနိသင်များကို သိရှိရန်လို အပ်ပါကြောင်း၊
မြန်မာနိုင်ငံ၌ ပြည်သူများကို ကျန်းမာရေးစာတတ်မြောက်မှု အသိပညာပေးလုပ်ငန်းများကို Mobile Tablet Phone များကို အသုံးပြု၍ အခြေခံကျန်းမာရေး ဝန်ထမ်းများမှ စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အထူးသဖြင့် ဝေးလံခက်ခဲသော ဒေသများတွင်နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစုများ ကျန်းမာရေး အသိပညာ မြင့်မားတိုးတက်လာ စေရေးအတွက် အဓိကရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ပါကြောင်း၊
Gavi အဖွဲ့မှ အဆိုပါ  Mobile Tablet Phone များ ဖြန့်ဝေနိုင်ရန် အဓိကပံ့ပိုး ကူညီခဲ့သည့်အတွက်လည်း ကျေးဇူးတင်ရှိ ပါကြောင်း၊ Gavi ရန်ပုံငွေကို အသုံးပြုပြီး ကျန်းမာရေးစနစ် တောင့်တင်းခိုင်မာရေးနှင့် လက်တွေ့ အသုံးချသုတေသန (Implementation Research) ကိုလည်း ဆောင်ရွက်လျက် ရှိပါသဖြင့် ကျေးဇူးတင်ရှိ ပါကြောင်း၊
၎င်းအစည်းအဝေး၌ လိုအပ်သည့်နိုင်ငံများကို ပိုမိုထိရောက်စွာ ပံ့ပိုးနိုင်ရန်အတွက် Gavi အဖွဲ့၏ရှေ့လုပ်ငန်းစဉ် မဟာဗျူဟာ၊ နည်းဗျူဟာများ (Shaping Gavi's Future Strategy) နှင့် Gavi အဖွဲ့မှ ရင်းနှီးမြှုပ်နှံ ပံ့ပိုးပေးသင့်သည့်ကဏ္ဍများ (Shaping Gavi's Investment) ကိုလည်း ပြည်ထောင်စုဝန်ကြီးက အသေးစိတ်အကြံပြု ဆွေးနွေးသည်။
Gavi အဖွဲ့အနေဖြင့် မြန်မာနိုင်ငံကို ကာကွယ်ဆေးများနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများအတွက် (၂၀၁၂) ခုနှစ်မှစတင် ပံ့ပိုး လျက်ရှိရာ (၂၀၁၇) ခုနှစ်ထိ အမေရိကန် ဒေါ်လာ (၁၁၇) သန်းအထိ ပံ့ပိုးပေးခဲ့ပြီး ဆက်လက်၍ (၂၀၁၈) ခုနှစ်မှ (၂၀၂၀) ခုနှစ် အထိ အမေရိကန်ဒေါ်လာ (၁၂၃) သန်း ထောက်ပံ့မည်ဖြစ်ပါသည်။ (၂၀၂၀) ခုနှစ်မှစတင်၍ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများအတွက် ထပ်မံပံ့ပိုးပေး သွားမည်ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Bern မြို့၊ Inselspital ဆေးရုံမှ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် အထူးကု ဆရာဝန်ကြီး များ၊ အရေးပေါ်ကုသမှု ဆရာဝန်ကြီးများ၊ ဆွစ်ဇာလန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ တွင် ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံမှ ခွဲစိတ်ဆရာဝန်၊ မေ့ဆေး ဆရာဝန်၊ သူနာပြုနှင့် ကျွမ်းကျင်ဝန်ထမ်းများကို လွန်ခဲ့သော (၆) နှစ်မှစ၍ လက်ခံလေ့ကျင့် သင်ကြားပေးလျက်ရှိသည့်အပြင် စက်ကိရိယာနှင့် မိုက်ခရိုစကုတ်များ ပေးအပ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ထပ်မံ၍ သင်တန်းသားများ ဆက် လက်စေလွှတ်ရန် သဘောတူညီချက်များရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment