Monday, December 3, 2018

ရှင်းလင်းလွယ်ကူ တိုင်းပြည်ထူ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ






နိုင်ငံတိုင်းက ချမှတ်ပေးထားတဲ့ ရည်မှန်းချက်အတိုင်း ၂ဝ၂ဝ ပြည့်နှစ်အတွင်းမှာ အဆင့် ၁ဝဝ အောက်ကိုကျဖို့ဆိုတဲ့ ရည်မှန်းချက်ကို မမှိတ်မသုန်နဲ့ ဆက်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ (ဒုတိယဝန်ကြီး ဦးအောင်ထူး)


(ယမန်နေ့မှအဆက်)

''ရှင်းလင်းလွယ်ကူ တိုင်းပြည်ထူ'' ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ အပိုင်း(၂) ကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့ရာ အဆိုပါစကားဝိုင်း ဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေအာင်ထူး၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) အထွေထွေမန်နေဂျာ ဦးတင်အောင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အလုပ်အမှုဆောင် ဦးဇေယျသူရမွန်တို့က ပါဝင်ဆွေးနွေးကြသည်။

အစီအစဉ်မှူး။ ။ ဒါနဲ့ဆက်စပ်ပြီး ၂ဝ၁၉ ခုနှစ် အတွက် အညွှန်းကိန်း က ဘယ် တော့လောက် ထွက်လာမလဲ၊ မြန်မာနိုင်ငံရဲ့ အညွှန်း ကိန်း တိုးတက်ဖို့ရော မျှော်လင့်နိုင်ပါသလား။

ဒုတိယဝန်ကြီး။ ။ ၂ဝ၁၉ ခုနှစ်ရဲ့ အညွှန်းကိန်းက အောက်တိုဘာလ ၃၁ ရက်နေ့ မှာ ထွက်ရှိမှာဖြစ်ပါတယ်။ ထွက်ရှိလာတယ်ဆိုရင် အများပြည်သူတွေ သိရှိအောင် ထုတ်ပြန်သွားဖို့ ရှိပါတယ်။ မြန်မာနိုင်ငံကုန်သည်နဲ့ စက်မှုလုပ်ငန်း ရှင်များအသင်းမှာလည်း ဖြေကြားတဲ့သူတွေရော၊ စက်မှုလုပ်ငန်းလုပ်တဲ့သူတွေရော သိသာအောင် ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်သွားမှာဖြစ် ပါတယ်။ အညွှန်းကိန်း တက်လာမလားဆိုတဲ့ မျှော်မှန်းချက်နဲ့ မဖြေခင်မှာ ဘာလုပ်နေလဲဆိုတဲ့ ဟာကို ဆက်ပြီးတော့ ပြောချင်ပါတယ်။

ကျွန်တော်တို့ ကမ္ဘာ့ဘဏ်နဲ့ပေါင်းပြီးအခါကျတော့ မြန်မာနိုင်ငံမှာ အညွှန်းကိန်း တက်အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ဘာတွေရှိနိုင်သလဲဆိုပြီး Reform Memo မှာ ကာလတိုမှာ ဘယ်လိုလုပ်လို့ရမယ်၊ ကာလလတ်မှာ ဘယ်လိုလုပ်လို့ရမယ်၊ ကာလရှည်မှာ ဘယ်လိုလုပ်လို့ရမယ်ဆိုတာ ထုတ်ပြန်ဖို့ရှိပါ တယ်။ ကမ္ဘာ့ဘဏ်မှာ အညွှန်းကိန်းတွက်တဲ့ ကျွမ်းကျင်တဲ့သူက လာပြီးတော့ ကျွန်တော်တို့ရဲ့ အထောက်အကူပြုတဲ့အဖွဲ့နဲ့ ထိတွေ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရှေ့လျှောက်ဘာတွေလုပ် သွားလို့ ရသလဲဆိုတဲ့ဟာကို အကြံပြုတာရှိပါတယ်။

အကြံပြုချက်တွေနဲ့ Reform Memo က အကြံပြုချက်တွေနဲ့ ပေါင်းပြီးတော့ လုပ်ငန်း အစီအစဉ်ကို ဘယ်လိုအကောင်အထည်ဖော်မလဲ၊ အညွှန်းကိန်းတစ်ခုစီမှာ ဘယ်လိုအကောင်အထည် ဖော်မလဲဆို တာတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ အညွှန်းကိန်းရဲ့ သဘောကတော့ ဘယ်အချိန်မှာ စာရင်းပိတ်လဲ ဆိုရင် ၂ဝ၁၉ ခုနှစ်အတွက်ဆိုရင် ၂ဝ၁၈ ခုနှစ် မေလမှာ စာရင်းပိတ်ပါတယ်။

တွက်ချက်မှု တွေလုပ်တယ်၊ သက်ဆိုင်ရာ အညွှန်းကိန်းတွက်တဲ့ နိုင်ငံတွေနဲ့လည်း ထိတွေ့မှု တွေလုပ်ပါတယ်။ လုပ်တဲ့အခါမှာ အချက်အလက် တွေမှန်တယ်၊ မှားနေတယ်ဆိုတာတွေကို စိန်ခေါ်မှု လုပ်ဖို့အတွက် အချက်အလက် စိန်ခေါ်မှုတွေ လုပ်ခဲ့ပါတယ်။

သူတို့ဘက်က အသိအမှတ်ပြုတာတွေရှိပါတယ်။ ဥပမာ လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်လို့ အသိ အမှတ်ပြုတယ်။ ဆောက်လုပ်ရေးပါမစ်နဲ့ ပတ်သက်ပြီး ဒါဟာ တိုးတက်မှုတွေရှိတယ်။ ဒီနှစ် စုစုပေါင်း ရတဲ့အမှတ်က ၄၄ မှတ်ထက်တော့ အများကြီး တက်လာမယ်လို့တော့ ယူဆပါတယ်။

နိုင်ငံတွေက အပြိုင်အဆိုင်တွေလုပ်နေတဲ့ အခါကျတော့ ၂ဝ၁၈ ခုနှစ်မှာဆိုရင် စင်ကာပူက ဒုတိယရတယ်။ တကယ်တမ်းကျတော့ ၂ဝ၁၇ ခုနှစ်က အဆင့်တစ်နေရာမှာ ရှိတယ်။ နိုင်ငံအချင်း ချင်းက အပြိုင်လုပ်နေတဲ့အခါကျတော့ ကျွန်တော် တို့အနေနဲ့ အဆင့်မြင့်လာလိမ့်မယ်လို့ မျှော်မှန်း ပါတယ်။ သေချာတဲ့အချက်နဲ့ ရမှတ်ကတော့ လက်ရှိ ၄၄ မှတ်ထက် အများကြီးတက်လာလိမ့်မယ်လို့ ထင်ပါ တယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံတိုင်းက ချမှတ် ပေးထားတဲ့ ရည်မှန်းချက်အတိုင်း ၂ဝ၂ဝ ပြည့်နှစ် အတွင်း မှာ အဆင့် ၁ဝဝ အောက်ကို ကျဖို့ဆိုတဲ့ ရည်မှန်းချက်ကို မမှိတ်မသုန်နဲ့ ဆက်ပြီးတော့ အကောင် အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒေါ်လှိုင်မော်ဦး။ ။ ကျွန်မတို့အနေနဲ့က နှစ်ပိုင်းရှိပါတယ်။ ပထမအပိုင်းက ကျွန်မတို့ဘက်က ဘာပြင်ဖို့ လိုသလဲဆိုတာပေါ့။ ဒုတိယတစ်ခုကကမ္ဘာ့ဘဏ်ဘက်ကမသိလို့ သိအောင်ဘာလုပ်ပေးရမလဲ ဆိုတာ ကို နှစ်ပိုင်းရှိပါ တယ်။ ဆောက်လုပ်ရေးခွင့်ပြုမိန့်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ်ရဲ့ Ranking မှာတက်ဖို့ တစ်ဖက်က ကြည့်နေသလိုပဲ တစ်ဖက်ကလည်း တကယ့် တကယ်ကို ပြည်သူတွေက ပိုပြီးတော့ လွယ်ကူပါတယ်ဆိုတာကို သိလာအောင်၊ ခံစားရအောင် ဆောင်ရွက်နေတာ ရှိပါတယ်။

အဲဒီတော့ ကမ္ဘာ့ဘဏ်က ဆောက်လုပ်ရေးခွင့် ပြုမိန့်နဲ့ ပတ်သက်ပြီး ပြောတဲ့ကိစ္စတွေကို ပြောပြချင် ပါတယ်။ ကျွန်မတို့ ကာလတိုမှာ ဆောင်ရွက်လို့ ရနိုင်တဲ့၊ ဆောင်ရွက်လိုက်ရင် အမှတ်တက်မယ့် ကိစ္စတွေကို ပထမဆုံး ပြောပြ ချင်ပါတယ်။ ကမ္ဘာ့ဘဏ်က ပြောလာတဲ့ အချက် ငါးချက်ရှိပါတယ်။


ပထမတစ်ချက်က ကျွန်မတို့အနေနဲ့ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ ပါမစ်တွေအတွက် ဝက်ဘ်ဆိုက် တွေမှာ ကြေညာပေးရမယ်။ တင်တာက ဘယ်လောက်ရှိတယ်၊ pass ဖြစ်သွားတာ ဘယ်လောက် ရှိတယ်၊ ကျန်တာက ဘယ်လောက်ရှိတယ်ဆိုတာ ပြည်သူသိအောင် ကြေညာပေးရမယ်။ ဒါကလုပ် လို့ အင်မတန်လွယ်ကူတယ်၊ ကျွန်မတို့မှာလည်း နဂိုကတည်းက ပုံမှန်စိစစ်နေတာရှိတဲ့အတွက် ဝက်ဘ်ဆိုက်ပေါ်မှာ တင်ပေးလိုက်ပါတယ်။ အဲဒီ အတွက် အမှတ်ရလား၊ မရဘူးလားဆိုတာတော့ ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါက ပထမတစ်ခုဖြစ် ပါတယ်။

ဒုတိယတစ်ခုက risk နဲ့ ပတ်သက်ပြီး ပြောခဲ့ တာရှိပါတယ်။ risk နဲ့ ပတ်သက်ပြီး တစ်သားတည်း ပဲ လုပ်တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။ ဒါကို ကျွန်မတိုChallenge ပြန်လုပ်ပါတယ်။ နဂို ကတည်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ အဆောက်အအုံကို အထပ်အပေါ်မှာ မူတည်ပြီးတော့ ခွဲပါတယ်။ သုံးထပ်အထိ စိစစ်တာ က တစ်မျိုး၊ လေးထပ်ကနေ ရှစ်ထပ်ကို တစ်မျိုး၊ ကိုးထပ်ကနေ ၁၃ ထပ်ကို တစ်မျိုး၊ ၁၄ ထပ်က တစ်မျိုး အဲဒီလိုမျိုး risk ကို ခွဲပါတယ်။ အဲဒီလို ပြောတော့ ကမ္ဘာ့ဘဏ်က အထပ်အမြင့်နဲ့ သာမက ဘူး၊ ကျန်တဲ့ အပိုင်းတွေအနေနဲ့ပါ risk base လုပ်ဖို့လိုမယ်လို့ ပြောပါတယ်။

ဒီလိုမျိုး ကျွန်မတို့က သုံးထပ်အောက်ကို လွယ်လွယ်ကူကူလုပ်ပေးနေတာရှိတယ် ဆိုတာကို လည်း အသိအမှတ်ပြုပါတယ်။ နောက်တစ်ခု သူတို့ကို ကျွန်မတို့က ပြန်ပြီးစိန်ခေါ်မှု လုပ်တာက လုံခြုံမှုနဲ့ ပတ်သက်ပြီးတော့ အမှတ်ပေးတာ လေး မှတ်ရှိပါတယ်။ လေးမှတ်မှာ Professional တွေ ဘယ်လောက်အထိ involve လုပ်တယ်ဆိုတာ လေးမှတ်ထဲမှာ နှစ်မှတ်ရပါတယ်။ နှစ်မှတ်ဘာလို့ ရသလဲဆိုတော့ ဒါနဲ့ ပတ်သက်ပြီးတော့ စစ်ဆေး တယ်၊ သက်ဆိုင်ရာ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တွေ ကနေပြီးတော့ လက်မှတ်ထိုးတယ်၊ သေချာလုပ်တဲ့ အတွက် အဲဒီအတွက် နှစ်မှတ်ရပါတယ်။

ကျန်တဲ့နှစ်မှတ် ဘာလို့မရသလဲဆိုတော့ လက်မှတ်ထိုးပေးတဲ့ ပုဂ္ဂိုလ်တွေဟာ Professional Body တွေမှာ မှတ်ပုံတင်ထားတဲ့သူတွေဖြစ် ရမယ်။ အဲဒီ Professional Body ဆိုတာ ဥပမာအားဖြင့် မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီတို့ကနေ အသိ အမှတ်ပြုထားတဲ့ လက်မှတ်ရတဲ့သူဖြစ်ရမယ်။ အဲဒီကောင်စီတွေရဲ့ ဥပဒေတွေအထဲမှာလည်း ဘာပါရမလဲဆိုတော့ ဘွဲ့ရဖို့အတွက် ဘယ်နှနှစ် ပညာသင်ခဲ့ရတယ်၊ အတွေ့အကြုံ ဘယ်လောက်ရှိ ရမယ်ဆိုတာ ပါရမယ်ဆိုတာ ပြောပါတယ်။ ဒါတွေ ကို ပြည်သူလူထုကလည်း သိရမယ်လို့ ပြောပါ တယ်။ ပြန်ပြောခဲ့ပါတယ်။ ဒါကိုပီပီပြင်ပြင်ပြန် ရေးပေးရင် ဒီနှစ်မမီရင်တောင် နောင်နှစ်မှာ နှစ်မှတ်တိုးမယ်လို့ ပြောပါတယ်။

ကျွန်မတို့ကလည်း ပြန်ပြောပါတယ်။ ကျွန်မတို့မှာ မြန်မာနိုင်ငံဗိသုကာကောင်စီရှိတယ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရှိတယ်၊ အဲဒီ ဥပဒေကို ထုတ်ပြပါတယ်။ အဲဒီဥပဒေတွေအထဲမှာ ဒီလိုမျိုး သူတို့ အနေနဲ့ အသိအမှတ်ပြုတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာဖို့ဆိုရင် ပညာရေးအနေနဲ့က ဘယ်လိုရှိ တယ်၊ ဘယ်လို ဘွဲ့မျိုးရရမယ်၊ အတွေ့အကြုံ အနေနဲ့ ဘယ်လောက်အထိရှိမှ ဒါကို သတ်မှတ် တယ်ဆိုတာကို ကျွန်မတို့က ထုတ်ပြတော့ အဲဒီ တစ်ခုကို လက်ခံသွားပါတယ်။ အဲဒီတော့ ဘာပြန် ပြောလဲဆိုတော့ ကျွန်မတို့ဆီက ဟာတွေက မပီပြင်ဘူးလို့ ပြောပါတယ်။

ဒါနဲ့ ပတ်သက်ပြီးတော့ ၂ဝ၁၈ ခုနှစ် မတ် ၁၅ ရက်ကစပြီး ကြေညာပြီးတော့ ဧပြီ ၁ ရက်က စပြီးတော့ အဲဒီက အသိအမှတ်ပြုတဲ့ ပုဂ္ဂိုလ်တွေကသာလျှင် ပုံစံတွေ တင်ရမယ်ဆိုတာ သတင်းစာထဲကနေ ကြေညာခဲ့ပါတယ်။ အဲဒီလို ကြေညာတဲ့ အချိန်မှာ အရင်တုန်းက ရန်ကုန်မြို့တော်စည်ပင်မှာ LS ခေါ်တာကို မှတ်ပုံတင်ရပါတယ်။ အဲဒီလို မှတ်ပုံတင်တဲ့ အချိန်မှာ အရင်က Professional Body တွေလည်း မရှိတော့ Professional Body မှာ ဝင်ရမယ်ဆိုတာ မရှိခဲ့ပါဘူး။ အခုဒီလိုမျိုး သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ ပေါ်လာတဲ့အချိန်ကစပြီး ကျွန်မတို့ဆီမှာ သီးခြားမှတ်ပုံတင်ဖို့မလိုဘဲ အဲဒီသက်ဆိုင်ရာကောင်စီတွေက အသိအမှတ်ပြုထားတဲ့ ပုဂ္ဂိုလ်တွေကိုသာလျှင် ကျွန်မတို့က လက်ခံတယ်ဆိုတာကို ဧပြီ ၁ ရက်မှာ လုပ်ခဲ့ပါတယ်။

အဲဒီဟာတွေက ဝက်ဘ်ဆိုက်မှာ မရှိဘူးလို့ ယူဆတဲ့အတွက်ကြောင့် ၊ ဒါပေမယ့် ဝက်ဘ်ဆိုက် တင်ပေးသလားဆိုတော့ တင်ပေးပါတယ်။ ဒါပေမယ့် ပုဂ္ဂလိကကို သွားမေးတဲ့အခါ အပြောင်းအလဲ ရှိသလားဆိုတော့ မရှိဘူးလို့ ဖြေတဲ့အတွက် အမှတ်မပေးပါဘူးလို့ ပြောပါတယ်။ အဲဒီအတွက် ပိုပြီး တော့ ရှင်းလင်းအောင် ဧပြီ ၁ ရက်က စပြီးတော့ အဲဒီသက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေမှာ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တွေကသာလျှင် တင်ခွင့်ရှိ ပါတယ်။

အရင်တုန်းက LS တွေကတော့ ဟုတ်ပါ တယ်။ တချို့ LS တွေက Professional Body မှာ မပါခဲ့ပေမယ့် ကျွန်မတို့ သီးခြား LS မခေါ်တော့ ပါဘူး။ အသိအမှတ်ပြုတဲ့ ပုဂ္ဂိုလ်တွေကိုသာလျှင် ကျွန်မတို့ လက်ခံပါတယ်လို့ ပြန်ပြောခဲ့ပါတယ်။ ဒါကို ပီပီပြင်ပြင် ပြန်ရေးပေးရင် ဒီနှစ်မမီရင်တောင် နောင်နှစ်မှာ နှစ်မှတ်တိုးမယ်လို့ ပြောပါတယ်။

ဒါက ကာလတိုမှာ ပြင်ရမယ့်အထဲမှာ Professional တွေရဲ့ အရည်အသွေးတွေ၊ အရည် အချင်း တွေကို ဝက်ဘ်ဆိုက်ပေါ်မှာ တင်ပေးရမယ် ဆိုတော့ ကျွန်မတို့ link တွေ တင်ပေးလိုက်ပါ တယ်။ အခြေအနေတွေကိုလည်း ကျွန်မတို့ ရှင်းပြ လိုက်ပါတယ်။ ဒါကတော့ ဒီနှစ် အမှတ်မတိုးလည်း နောင်နှစ် နှစ်မှတ်လောက် ရနိုင်မယ့် အနေအထား ရှိပါတယ်။ နောက်တစ်ခုက သူတို့အနေနဲ့ လျှောက်လွှာတင်သွင်းရာမှာ လိုအပ်တဲ့ အချက်အလက်တွေ၊ စာရွက်စာတမ်းတွေ၊ ငွေကြေးတွေ အကုန်လုံးကို ဝက်ဘ်ဆိုက်မှာ တင်ပေးပါလို့ ပြောပါတယ်။

ကျွန်မတို့ဆီမှာ နဂိုကတည်းက လျှောက်လွှာ ပုံစံတွေက ပါပါတယ်။ ဒါပေမယ့် ဒုတိယဝန်ကြီး ပြောသလိုပါပဲ၊ standard operating procedure နဲ့ ပတ်သက်ပြီးတော့ တိတိကျကျ အရင် တုန်းက မတင်ပေးခဲ့တဲ့ အနေအထားကနေ အခု တင်ပေးပါတယ်။ ကျွန်မတို့ ဝက်ဘ်ဆိုက်မှာလည်း တင်သလို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝက်ဘ်ဆိုက်မှာလည်း တင်ပါတယ်။ DICA ကိုလည်း ကျွန်မတို့ ပို့ပါတယ်။ ပို့ပြီးတဲ့အပြင်မှာ ငွေကြေးအနေနဲ့ ဘယ်လောက်ပိုပြီးတော့ ကုန်ကျမယ်ဆိုတာကို တိတိ ကျကျပြပေးပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ရဲ့ လက်ကမ်းစာစောင် တွေမှာလည်း ကြေညာပေးပါ တယ်။ ထပ်ပြီးလိုတဲ့ အချက်တွေကိုလည်း ဆောင်ရွက်ပေးပါတယ်။

နောက်တစ်ခု ပြောတာလည်း ရှိပါတယ်။ ဥပမာအားဖြင့် ကျွန်မတို့မှာ ဇုန်တွေ ဘာတွေ တိတိကျကျ မရှိသေးဘူး။ လုပ်တော့လုပ်နေပါ တယ်။ လုပ်နေတဲ့ အနေအထားမှာ ပတ်ဝန်းကျင် ထောက်ခံချက်တို့၊ အဲဒီလိုမျိုး သူတို့ မလိုဘူးလို့ထင်တဲ့ ကိစ္စတွေကို ဖြုတ်ပြီးတော့ စီစဉ်ပေးပါဆို တဲ့ အနေ အထားမှာ သူတို့အမှတ်ပေးတဲ့ ware house မှာ နဂိုကတည်းက ပတ်ဝန်းကျင် ထောက်ခံချက်၊ စက်မှု ဇုန်ထဲမှာ လုပ်ရင်မလိုပါဘူး။ ဒါပေမယ့် နားလည်မှုလွဲတာပေါ့၊ ရပ်ကွက်ထဲမှာ လုပ်တယ်ဆိုရင်တော့ ဘေးပတ်ပတ်လည်က ဒီစက်မှုလုပ်ငန်းအတွက် လိုတယ်ဆိုတဲ့ ထောက်ခံ ချက် လိုတယ်လို့ ကျွန်မ တို့က ဖြည့်ထားမိပါတယ်။နောက်မှ သူတို့ကို မေးတော့ သူတို့ ပြောတာက ရပ်ကွက်ထဲမှာမဟုတ်ဘူး၊ စက်မှုဇုန်ထဲမှာ ပြော တာဆိုတော့ နဂိုကတည်းက ထောက်ခံချက်မလို ဘူး။ ဒါပေမယ့် သူတို့ အမှတ် ပေးတာမဟုတ်ဘဲနဲ့ ကျွန်မတို့မှာလည်း သတ်မှတ်ထားတဲ့ set back ပေါ့၊ သုံးပေရှိတဲ့ဟာဆိုရင် ဘေးထောက်ခံချက် မလိုဘူး။ set back က သုံးပေထက် ပိုပြီးတော့ ကပ်သွားတယ်၊ အိမ်နီးချင်းကို အနှောင့်အယှက် ပေးနိုင်တဲ့ဟာမျိုးဆိုရင် ဘေးအိမ်နီးချင်းအနေနဲ့က သိပါတယ်ဆိုတာမျိုး တောင်းဆို တာရှိပါတယ်။

နောက်တစ်ခုအနေနဲ့ မီးဘေးနဲ့ပတ်သက်ပြီး ပြောတာရှိပါတယ်။ မီးဘေးအ္တရာယ် ကင်းရှင်းဖို့ မီးသတ် ကထောက်ခံချက်တောင်းတာရှိပါတယ်။ အဲဒီမီးသတ် ထောက်ခံချက်တောင်းတဲ့ ကိစ္စကို ဘေး အန္တရာယ်လည်း မဖြစ်တဲ့နည်းနဲ့ ညှိဖို့ပြောပါ တယ်။ ဒါလည်း ညှိနှိုင်းနေပါတယ်။ ဒါပေမယ့် Low risk building ဆိုရင် ဘယ်လိုဟာမျိုးကို ထောက်ခံချက်မပါဘဲ ခွင့်ပြုပေးမယ်ဆိုတဲ့ အပိုင်း မျိုးတွေကို ကျွန်မတို့ ကြည့်ပေးတာရှိပါတယ်။ သုံးလအတွင်းလောက်မှာ အပြောင်းအလဲ လုပ်ပေး နိုင်တာက ကာလတိုပါ။ သူတို့ပြောတဲ့ ငါးချက်ထဲ မှာ မီးသတ်နဲ့ ညှိရမယ့် အချက်ကလွဲရင် ကျန်တာ က ပြင်ဆင် ပြီးပါပြီ။

ကာလလတ်မှာ အမှတ်နဲ့ ပတ်သက်ပြီး နောက်တစ်ခု ပြောတာက building code ကို ပြန်လည် ဆန်းစစ်ပြီးတော့ risk based system ကို စနစ်တကျလုပ်ပေးဖို့ ပြောပါတယ်။ အဲဒီလို လုပ်တဲ့ဟာနဲ့ ပတ်သက်ပြီးတော့ online မှာ တင်လို့ရအောင် စီစဉ်နေတာရှိပါတယ်။ အဲဒီမှာ risk based system တစ်ခုကို တည်ဆောက်နိုင်ဖို့ ဆိုပြီး သူတို့ပဲ အကူအညီတောင်းပြီးတဲ့အခါ Consultant တစ်ယောက် ရောက်နေပါပြီ။

နိုင်ငံတကာမှာrisk based system နဲ့ ပတ်သက်ပြီးလုပ်နေတဲ့ နည်းလမ်းတွေကိုလည်း ကျွန်မတို့ကို ပြောပါတယ်။ လောလောဆယ်မှာ ကျွန်မတို့မှာရှိတဲ့ Myanmar national building code ပေါ်မှာ မူတည်ပြီးတော့ risk based system တစ်ခုကို ဆောင်ရွက်ထားတဲ့ အကြမ်းဖျင်းကို ပြမယ်လို့ ပြောပါတယ်။

သတင်း-ရှင်မင်း၊ ဓာတ်ပုံ-အေးသန်း

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment