Monday, December 3, 2018

ဧရာဝတီတိုင်းဒေသကြီးရှိ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် ပတ်သက်၍ သဘောထားအမြင်များ


 
 ဧရာဝတီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ မြှင့်တင်ပေးရန်နှင့် ပြည်တွင်းစီးပွား ရေးလုပ်ငန်းရှင်များအား အလားအလာရှိသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်ဆောင် ရွက်နိုင်ရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲကို နိုဝင်ဘာ ၃ဝ ရက်တွင် ငွေဆောင် ကမ်းခြေရှိ ယမုံနာဦးဟိုတယ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။



အဆိုပါပြပွဲသည် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ ပိုမို သိရှိနားလည်စေရန်နှင့် တိုင်းဒေသကြီးအတွက် ရင်းနှီး မြှုပ်နှံမှုများ ကို ဆွဲဆောင်နိုင်မည့် အထောက်အပံ့တစ်ခုဖြစ်စေရန် ရည်ရွယ်၍ ကျင်းပ ခြင်းဖြစ်ရာ တိုင်းဒေသကြီးအတွင်း ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ လုပ်ငန်းများနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှု အခြေအနေများ၊ လက်ရှိဆောင်ရွက်နေမှုများနှင့် အနာဂတ်စီမံကိန်း များအပေါ် သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့် စီးပွား ရေးလုပ်ငန်းရှင်များ၏ သဘောထားအမြင်များကို မေးမြန်း၍ ဖော်ပြလိုက်ပါသည်။

ဦးလှမိုးအောင်(ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်)

ကျွန်တော်တို့နိုင်ငံအနေနဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကို အလိုရှိနေပါတယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ ဝင်လာမှ နိုင်ငံခြားဝင်ငွေရမယ်။ အဲဒီအတွက် နိုင်ငံတော်ကလည်း ကြိုးစားနေသလို တိုင်းဒေသ ကြီးအနေနဲ့ ကျွန်တော်တို့လည်း ကြိုးစားဆောင်ရွက်နေပါတယ်။ လာပြီးရင်းနှီးမြှုပ်နှံ နိုင်ဖို့အတွက် ကျွန်တော်တို့က ကိုယ့်ဒေသမှာ ဘယ်လိုအခြေခံအဆောက်အအုံတွေ ရှိတယ်။ ရင်းနှီးမြှုပ်နှံဖို့အတွက် အရင်းအမြစ်တွေ၊ ကမ်းရိုး တန်းတွေရှိတယ် အစရှိသဖြင့် ရင်းနှီးမြှုပ်နှံနိုင်ဖို့ အတွက် အလားအလာ တွေကို ပိုမိုသိရှိလာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ ပြည်တွင်းက ရင်းနှီး မြှုပ်နှံမှုတွေ များပြားလာဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ပွဲကျင်းပရခြင်းဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ပြဋ္ဌာန်းပြီးတဲ့၊ အချိန်မှာ ဧရာဝတီတိုင်းဒေသကြီးမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု က ခြောက်ခုလောက်ရှိပါတယ်။ ဒီနေ့အထိ ရင်းနှီးမြှုပ်နှံမှုပေါင်း ၁၆ ခုလောက် ရှိပါတယ်။ တော်တော် အလားအလာကောင်းတဲ့ အနေအထားမှာရှိပါတယ်။ ဒါပေမယ့် အားရ ကျေနပ်မှုတော့ မရှိသေးပါဘူး။ ကျွန်တော်တို့ရဲ့ ကမ်းရိုးတန်းမိုင်က ၂၇၂ မိုင်ရှိတဲ့အတွက် အပန်း ဖြေကမ်းခြေ လုပ်နိုင်ခွင့်တွေ အများကြီးရှိတယ်။

ရင်းနှီးမြှုပ်နှံမှုနေရာတွေ အများကြီးရှိတဲ့၊ မဟာဗျူဟာကျတဲ့ ကမ်းရိုးတန်းကြီးရှိပြီးတော့ ဒီကနေ ရေနက်ဆိပ်ကမ်းတစ်ခုလို ထွက်ပေါက်ရှိ မယ်ဆိုရင် သူနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေ အများဆုံးဝင် လာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များလာမယ်။ ကျွန်တော်တို့ဒေသမှာ ကျွမ်းကျင်အလုပ် သမားတွေ၊ နိုင်ငံရဲ့ ပညာရှင်တွေ၊ နိုင်ငံတကာက လူတွေနဲ့ ပူးပေါင်းလုပ်ကိုင်ခြင်းအားဖြင့် အလုပ် အကိုင်အခွင့် အလမ်းတွေရမယ်။ နိုင်ငံတော် အတွက်လည်း အခွန်အခတွေရမယ်။ အဲဒီလို ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုအတွက် အခြေ အနေကောင်းတွေ အများကြီးရှိပါတယ်။

ဒေါက်တာအောင်မိုးညို(မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်)

ဒီမှာပြခန်းတွေကို ကြည့်လိုက်ခြင်းအားဖြင့် ရေနံနဲ့ ဓာတ်ငွေ့သိုက်ရှာတဲ့ကိစ္စ၊ အပန်းဖြေတဲ့ နေရာတို့၊ ခရီးသွားလုပ်ငန်း အဆင့်မြှင့်တင်မယ့် ကိစ္စတွေအတွက် အများကြီး အလားအလာ ကောင်းတဲ့အတွက် အားကျပါတယ်။ သို့သော်လည်း ကျွန်တော်တို့တိုင်းဒေသကြီးမှာကတော့ ဒါမျိုးတွေ လုပ်လို့ မရပါဘူး။ လုပ်လို့ရတာတွေတော့ လုပ်နေပါတယ်။ ထိုင်းကုမ္ပဏီတစ်ခုနဲ့ သရက်မြို့ မှာ ကုန်းတွင်းရေနံ ရှာဖွေ စမ်းသပ်တူးဖော်မှုတွေ လုပ်သွားမယ်။ ရခိုင်နဲ့ ဧရာဝတီတိုင်းဒေသကြီး တို့လို ဓာတ်ငွေ့သိုက်တွေ့ဖို့ အလားအလာတော့ မသိသေးပါဘူး။ JICA အနေနဲ့လည်း နှမ်းနက်ဆီမွှေး စက်ရုံတည်ဖို့ လေ့လာနေ ပါတယ်။ ရင်းနှီးမြှုပ်နှံ မှုအနေနဲ့ ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်း မှာတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး တတ်နိုင်သမျှ လာအောင်လုပ်နေပါတယ်။

ဦးအောင်နိုင်ဦး (ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး)

ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ရင် ၂ဝ၃ဝ ခုနှစ် အထိ စီမံကိန်းဆွဲထားတာရှိပါတယ်။ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းဆိုပြီး အဲဒီ စီမံကိန်းကို အခြေခံပြီး တစ်ဆင့်ပြီးတစ်ဆင့် ကျွန်တော်တို့ အကောင်အထည်ဖော် ဆောင်ရွက် နေတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုပြီးတော့ တိုးတက်လာ လိမ့်မယ် လို့ မျှော်မှန်းထားပါတယ်။ ဧရာဝတီတိုင်းဒေသကြီးကတော့ လက်ရှိအနေ အထားအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ရင် ထိပ်ဆုံးရောက်နေတဲ့ အထဲမှာတော့ မပါသေး ပါဘူး။ သို့သော်လည်း အခုကျင်းပတဲ့ ပြပွဲကြီးရဲ့ ရလဒ်၊ တိုင်းဒေသကြီးရဲ့ အနေအထား အခြေအနေ တွေကြောင့် နောင်နှစ် တွေမှာတော့ ဒီထက်ရင်းနှီး မြှုပ်နှံမှုတွေ ဝင်လာလိမ့်မယ်လို့ သုံးသပ်ပါတယ်။ ဧရာဝတီတိုင်း ဒေသကြီးအတွင်း အနာဂတ်အစီ အစဉ်အနေနဲ့ ရန်ကုန်မြို့နဲ့ ချိတ်ဆက်နိုင်မယ့် စင်္ကြံလမ်းတွေ ပေါ်ပေါက်လာဖို့ရှိတယ်။ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားတွေကိုလည်း ဖြည့်ဖို့ စီမံကိန်း တွေကိုလည်း မကြာခင် စတင်အကောင်အထည် ဖော်ဖို့ ရှိတယ်။ တိုင်းဒေသကြီးအစီအစဉ်နဲ့ အကောင်အထည် ဖော်မယ်။ စက်မှုဇုန်တွေလည်း ရှိတယ်။ ဒါကြောင့် တိုင်းဒေသကြီးအတွက် အနာဂတ်လုပ်မယ့် စီမံကိန်းတွေဟာ တိုင်းဒေသ ကြီး ဖွံ့ဖြိုးတိုးတက်မှုတင်မက တစ်နိုင်ငံလုံးအတွက် အကျိုးရှိမယ်လို့ မြင်ပါတယ်။

ဦးညီညီထွန်း(ဆောက်လုပ်ရေးလုပ်ငန်းရှင်)

ဒီပွဲဟာ ကျွန်တော်တို့ ဧရာဝတီတိုင်း ဒေသကြီးအတွက် အခွင့်အရေး၊ အခွင့်အလမ်း တစ်ခုပါပဲ။ ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်း မှာ လက်ရှိ တင်ပြနေတဲ့ လုပ်ငန်းတွေ အများကြီး ရှိပါတယ်။ စက်မှုဇုန်စီမံကိန်းတွေ၊ အိမ်ရာ စီမံကိန်းတွေ ရှိတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသာ ဝင်လာမယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ အများကြီးရရှိလာနိုင်မှာ ဖြစ်ပါတယ်။

ဦးဝင်းမြင့်လှိုင်(ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ)

ဒီပွဲကို ကျွန်တော်တို့ စောင့်စားမျှော်လင့် ခဲ့တာ ကြာပါပြီ။ ဧရာဝတီတိုင်းဒေသကြီးဟာ ရင်းနှီးမြှုပ်နှံမှု တွေ လုပ်ဖို့အတွက် အရင်းအမြစ် တွေ ကြွယ်ဝတဲ့ တိုင်းဒေသကြီးပါ။ ဒေသခံတွေ အနေနဲ့သာ ဖော် ဆောင်ရင် အချိန်တွေ အများကြီးကြာမှာပါ။ ဒါကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့အတူ ဂျပန်နိုင်ငံ က အဖွဲ့အစည်း တွေက ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင် ဆောင်ရွက်နေတာပါ။ ဒီလိုလုပ် ဆောင်ခြင်း အားဖြင့် နိုင်ငံတကာက ကျွန်တော်တို့ တိုင်း ဒေသကြီးရဲ့ အချက်အလက်တွေကို သိရှိ သွား မယ်။ သူတို့အနေနဲ့ စိတ်ဝင်စားပြီးတော့ ရင်းနှီး မြှုပ်နှံမှုတွေ ဝင်ရောက်လာမယ်လို့ မျှော်လင့် ထားပါတယ်။ အခုဆိုရင် ပြည်တွင်းရင်းနှီးမြှုပ်နှံ မှုအနေနဲ့ ပုသိမ်စက်မှုဇုန်ကိုလည်း ဆောင်ရွက် နေပါပြီ။ ရင်းနှီးမြှုပ်နှံမှုတွေလည်း စတင်ပြီး ဝင်လာနေပါပြီ။ ပြည်ပအနေနဲ့ကတော့ နည်းနေပါ သေးတယ်။ ။

တွေ့ဆုံမေးမြန်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

No comments:

Post a Comment