ဆောင်းနံနက်ခင်းတစ်ခု။ လွန်ခဲ့သော ၁၄ နှစ်တာကာလ။ များပြား လှသည့် လူငယ် လေးများအားလုံး
စိတ်လှုပ်ရှားနေကြသည်။ ခရီးစဉ် တစ်ခုအတွက် အချိန်တော် တော်ကြာ ပြင်ဆင်ထား ခဲ့ပုံရသည်။
သူတို့ အားလုံး စုရပ်ဖြစ်သည့် အင်းစိန်မြို့နယ်မှ အိမ်ကလေးတစ်လုံး အရှေ့တွင် စုရုံးမိကြပြီ။
လှော်ကားပန်းခြံသို့ လေ့လာရေးခရီး ထွက် ကြ သည့် မသန်စွမ်းလူငယ်မောင်နှမများ၏ ခရီးစဉ်သည်
သတင်း ထောက်ဖြစ် ခါစ စာရေးသူအဖို့ အပျော်များကူးစက်ကာ ထာဝရ မမေ့နိုင်သည့် ပျော်ပွဲစားခရီးလေး
တစ်ခု ဖြစ်ခဲ့သည်။
သွားသည့်လမ်းတစ်လျှောက် ကားပေါ်တွင် ဂစ်တာသံ များကမစဲ။ ချိုင်းထောက်များကို တစ်နေရာတွင်
စုပုံကာ အချင်းချင်း နောက်ပြောင် ကျီစားရင်း၊ ပါလာသည့်စားသောက် ဖွယ်ရာများကိုဝေခြမ်းစား
သောက် ကြ ရင်း၊ တစ်ဦးကိုတစ်ဦး ဖေးမကူညီကြရင်း သူတို့ခရီးစဉ်လေး သည် နှစ်မည်မျှပင်
ကြာပါစေ အားလုံးမေ့နိုင်ကြတော့မည် မဟုတ် ပါ။ အကြောင်း ကြောင်းကြောင့် နောက်နှစ်များတွင်
သတင်းမယူဖြစ်တော့ အဆက် အသွယ်ပြတ်သွားခဲ့သည်။ ပြီးခဲ့သည့်နှစ် အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့
အခမ်းအနားကို ရောက်ရှိ သည့်အချိန်တွင် ဆယ်စုနှစ်ကျော် ဝေးကွာခဲ့ရသည့် မိတ် ဆွေ ကြီးများကို
ပြန်လည်တွေ့ဆုံဖြစ်သည်။ အချို့သည် အနာဂတ်၏ မျိုးဆက်သစ် များအတွက် ဆရာများ၊ လုပ်ငန်းနယ်ပယ်
အသီးသီးတွင် အောင်မြင်သည့် ထူးချွန် သူများအဖြစ် ရောက်ရှိနေကြသူ များကို မြင်တွေ့ရသည်။
မသန်သော်လည်း စွမ်းကြ ပေသည်။
အားလုံးနှင့်အတူ
၁၉၉၃ ခုနှစ် (၄၈)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေ ထွေညီလာခံကြီးမှ မသန် စွမ်းသူများအတွက်
စာနာထောက် ထားရေး၊ စိတ်ဓာတ်မြှင့်တင်ပေးရေးနှင့် ဂုဏ် သိက္ခာမြှင့်တင် ရေးတို့ကို ရှေးရှုကာ
နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့ကို အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် သတ်မှတ် ပေးခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ နေ့ကို ကျင်းပလာခဲ့သည်မှာ
ဆယ်စုနှစ် နှစ်ခု ကိုကျော်ဖြတ် ခဲ့ပြီဖြစ်သည်။ ကမ္ဘာပေါ်ရှိ လူဦးရေ၏ တစ်ဘီလီယံကျော်သည်
မသန် စွမ်းမှုတစ်မျိုးမျိုးကို ခံစားနေကြရပြီး မသန်စွမ်းသူများ သည် အခြားသူများထက် ပညာရေး၊
ကျန်းမာရေး၊ လူမှုရေး၊ အကြမ်းဖက်ခံရမှုများနှင့် ဥပဒေပိုင်းဆိုင်ရာ အထောက် အပံ့ကောင်းများရရှိမှု
အားနည်းနေကြသူများလည်း ဖြစ်သည်။ အသက် ဆုံးရှုံးမှုတွင်လည်း အခြားသူများထက် ပိုမိုမြင့်မားပြီး
ယနေ့တိုင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ် ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ
အတား အဆီးပေါင်း များစွာကို ရင်ဆိုင်နေကြရသည်။ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် မှုဆိုင်ရာ
ဖွံ့ဖြိုးတိုးတက်မှု လုပ် ငန်းစဉ်များတွင် အပြည့်အဝ ပါဝင်ဆောင်ရွက်ခွင့်လည်း နည်းပါးနေသေးသည့်
အနေအထားနှင့် ရင်ဆိုင်နေကြရသည်။
မသန်စွမ်းသူများအပေါ် ထားရှိသည့်စိတ်သဘော ထားများနှင့် ဖြေရှင်းမှုပုံစံများကို
ပြုပြင်ပြောင်း လဲနိုင်စေရန် အတွက် ၂ဝဝ၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် မသန်စွမ်း သူများ
၏ အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ချမှတ်ခဲ့သည်။ မြန်မာနိုင်ငံသည်လည်း
မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ
၇ ရက်တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ မသန်စွမ်းသူများ၏
အခွင့် အရေးများကို အခြေပြု သည့် တရားမျှတမှု၊ ကောင်းကျိုး စီးပွားရရှိမှုနှင့် လူ့အဖွဲ့အစည်းအတွင်း
လူတန်း စေ့ပါဝင် ဆောင်ရွက်နိုင်မှုတို့ ပြည့်ဝစွာရရှိရေးအတွက် ကြိုးပမ်းဆောင် ရွက်လျက်ရှိ
သည်ကို မြင်တွေ့ရသည်။
အကြောင်းကြောင်းကြောင့် မသန်စွမ်းဖြစ်ကြရသူတို့ အနက် ထိခိုက်ဒဏ်ရာရရှိမှု၊ ရောဂါတစ်ခုခုကို
ခံစားရင်း ကာယပိုင်းနှင့် စိတ်ပိုင်းချို့ယွင်းရမှုတို့သည် အများဆုံးဟု နိုင်ငံတကာစစ်တမ်းများအရ
သိရှိရသည်။ ထို့အပြင် မသန်စွမ်း သူများအနက်မှ ၈ဝ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ
ဖြစ်ကြပြီး မသန်စွမ်းသူများအားလုံး၏ ၃ဝ ရာခိုင်နှုန်း ကသာ မိသားစုဝင်များ၏ စနစ်တကျ ပြုစုစောင့်ရှောက်မှုကို
ခံစားကြရ ပါသည်။ ကျန်လူများမှာ မိသားစု၊ ပတ်ဝန်းကျင်၏ အသိပညာ နည်းပါးမှု၊ မသန်စွမ်းများ
အပေါ် နားလည်စာနာပေးမှုနှင့် သင်ကြားပြသပေးမှု အားနည်းကြသူများ ဖြစ်ကြသည်။ ထို့ကြောင့်ပင်
၂ဝဝ၆ ခုနှစ် ဒီဇင်ဘာ ၁၃ရက်တွင် (၆၁) ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အရ
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ သဘောတူ စာချုပ်ကို ချုပ်ဆိုပေး ခဲ့ကြပြီး နိုင်ငံပေါင်း
၁၃ဝ က လက်မှတ် ရေးထိုး အတည်ပြုကျင့်သုံးခဲ့ကြခြင်း ဖြစ်သည်။
ထို့အပြင် ၂ဝ၁၂ ခုနှစ် အင်ချွန်းမဟာဗျူဟာ ရည်မှန်းချက် ၁ဝ ချက်ကိုလည်း ချမှတ်
ထားခဲ့ပြီး မသန်စွမ်းသူများ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးနှင့် အလုပ်အကိုင်ရရှိရေး၊
နိုင်ငံရေး လုပ်ငန်းစဉ်များတွင် ပါဝင်ခွင့်ရရှိရေး၊ အများပြည်သူအသုံးပြုနိုင် သည့်နေရာ
များသို့ ဝင်ရောက်အသုံးပြုနိုင်ရေး၊ လူမှုအကာ အကွယ်များ ပိုမိုရရှိနိုင်ရေး၊ ပညာသင်ကြားခွင့်
ပိုမိုရရှိနိုင်ရေး၊ ကျား/မ တန်းတူအခွင့်အရေးရရှိနိုင်ရေး၊ သဘာဝဘေး အန္တရာယ် လျော့ချရာတွင်
ပါဝင်ဆောင်ရွက်နိုင်ရေး၊ သတင်းအချက်အလက် များ ပိုမိုရရှိနိုင်ရေး စသည်တို့ကို ကမ္ဘာလုံးဆိုင်ရာ
အနေအထား ဖြင့် ချမှတ်အကောင် အထည် ဖော်ခဲ့သည် မှာလည်း ယနေ့တိုင်ပင် ဖြစ်ပါသည်။
မသန်စွမ်းသူ နှစ်သန်းကျော်ရှိသည့်နိုင်ငံ
မြန်မာနိုင်ငံတွင် မသန်စွမ်းသူ ၂ ဒသမ ၃ သန်းရှိရာ နိုင်ငံ့ လူဦးရေ၏ ၄ ဒသမ ၆
ရာခိုင်နှုန်းကျော် ရှိသည့်အတွက် မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို
၂ဝ၁၇ ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး အခွင့် အရေးများ ဖော်ဆောင်ပေးလျက်ရှိပါသည်။
မသန်စွမ်းသူများ သည် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို အခြား နိုင်ငံသားများကဲ့သို့
တန်းတူညီမျှ ရရှိခံစားနိုင်ရေး အတွက် အခက်အခဲနှင့် စိန်ခေါ်မှုများစွာ ကျန်ရှိနေသေးသည်။
မသန်စွမ်း သူများ အတွက် အဆင်ပြေသင့်လျော်သည့် ပတ်ဝန်းကျင်(Reasonable
Accommodation) ဖန်တီးမှုဆိုင်ရာ အခြေခံအဆောက်အအုံများ ပြင်ဆင်မွမ်းမံခြင်း၊ အသစ် တည်
ဆောက်ခြင်း၊ စာသင်ခုံများကို ပြင်ဆင်ပြုပြင်ခြင်း၊ မသန် စွမ်းမှု အမျိုးအစားအလိုက် လိုအပ်သော
သင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ပေးခြင်းစသည့် ရုပ်ဝတ္ထုဆိုင်ရာ များ ဖြည့်ဆည်းပေးမှုသည်လည်း
အားနည်းလျက်ရှိသည်။ မျက်မမြင် လက်စမ်းစာနှင့် လက်သင်္ကေတပြ ဘာသာစကားတို့ တတ်မြောက်သည့်
ဆရာ ဆရာမများနှင့် မသန်စွမ်းသူ ဆရာ ဆရာမများ ပိုမိုပေါ်ထွက်လာရန်လည်း လိုအပ်နေပါသေးသည်။
အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေအားလုံး သိစေလို
၂ဝဝ၅ ခုနှစ် ဇွန် ၅ ရက်က မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေထွက်ပေါ်ခဲ့ပြီး ၂ဝ၁၇
ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးနည်း ဥပဒေများကို ထုတ်ပြန် နိုင်ခဲ့သည်။
ယင်းဥပဒေသည် မသန်စွမ်းသူများကို ပိုမိုကြည့်ရှု စောင့်ရှောက်ရန်၊ ကုလသမဂ္ဂမသန်စွမ်းသူများ၏
အခွင့်အရေး များဆိုင်ရာ ကွန်ဗင်း ရှင်းပါ ပြဋ္ဌာန်းချက်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်
ဆောင်ရွက်ရန်၊ နိုင်ငံသားများ ခံစားခွင့်ရှိ သည့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို
မသန်စွမ်း သူအားလုံး တန်းတူညီမျှ အပြည့်အဝရရှိရန်၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊
စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ရေးရာ စသည့်နယ်ပယ်အသီးသီး တွင် အခြားသူများနှင့်
တန်းတူ လူမှုအဖွဲ့အစည်းတွင် ပေါင်းစည်းပါဝင်ရန်၊ မသန်စွမ်း သူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့်
စွမ်းဆောင်နိုင်မှုများကို နိုင်ငံတော်နှင့် နိုင်ငံသား တို့က အသိအမှတ်ပြုနိုင်ရန်၊
မသန်စွမ်းသူများ၏ လူနေမှုဘဝ လုံခြုံစိတ်ချမှုရရှိပြီး ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊
မသန်စွမ်းသူများအား နယ်ပယ် အားလုံးတွင် နည်း မျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများ လျော့နည်းပပျောက်စေရန်နှင့်
ထိုသို့ခွဲခြား ဆက်ဆံမ များ မပြုစေရေးအတွက် ဥပဒေအရ အကာအကွယ်ပေး ရန်၊ မသန်စွမ်းသူများကို
နိုင်ထက် စီးနင်း အကြမ်းဖက်ခံရမှု၊ အိမ် တွင်းအကြမ်းဖက်မှုအမျိုးမျိုးအပါအဝင် အလွဲသုံးခံရမှု၊
ခေါင်းပုံ ဖြတ်ခံရမှုများမှ ကာကွယ်ပေးရန်နှင့် မသန်စွမ်းသူအမျိုးသမီးနှင့် ကလေး ငယ်များကို
အထူးကာကွယ် ပေးရန်၊ မိဘမဲ့နှင့် ခိုကိုးရာမဲ့ မသန်စွမ်းမှုတစ်ခုထက်ပို၍ ခံစားနေရသော
မသန်စွမ်းသူများကို မသန်စွမ်းမှု အမျိုးအစားအလိုက် နိုင်ငံတော်က အထူးစောင့်ရှောက်ကူညီရန်
စသည့်ရည်ရွယ်ချက်များဖြင့် ရေးဆွဲပြဋ္ဌာန်းခဲ့ခြင်းဖြစ် သည်။
ယင်းဥပဒေအရ မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ အခြေခံလူ့အခွင့်အရေးများကို
များစွာ အထောက်အကူဖြစ် စေနိုင်ပါသည်။ ထို့အပြင် ယင်းဥပဒေပါ အခန်း ၁၆ အရ မည်သူမျှ မသန်စွမ်းသူ
တစ်ဦးဦးက ကျောင်းဝင်ခွင့်လျှောက်ထားချက်ကို အဆိုပါကျောင်း သို့မဟုတ် ဌာနတစ်ခုခုမှ
ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ ကျောင်းဝင်ခွင့်ကို ငြင်းပယ်ခြင်းမပြုရ။ ကျောင်းဝင်ခွင့်ပြု
ထားသော မသန်စွမ်းသူ တစ်ဦးဦးကို ခိုင်လုံ သော အကြောင်းမရှိဘဲ အဆိုပါကျောင်း သို့မဟုတ်
ဌာနတစ်ခုခုမှ ထုတ်ပယ်ခြင်းမပြုရ ဟူသည့်အချက်လည်း ပါဝင်သည်။ ထို့အပြင် မည်သည့်အလုပ်
ရှင် မျှသင့်လျော်သော အလုပ်ကို လုပ်နိုင်စွမ်း ရှိသည့် မသန်စွမ်းသူကို သတ်မှတ်ထား သော
ဝေပုံကျနှုန်းထား အရေအတွက်အတိုင်း အလုပ်ခန့်ထားရန် ပျက်ကွက်ခြင်း မရှိစေရ။ ယင်းဥပဒေအရ
အလုပ်ခန့် ထားသော မသန်စွမ်းသူကို ခိုင်လုံသော အကြောင်းမရှိဘဲ အလုပ်ရပ်စဲခြင်း၊ အလုပ်ထုတ်ပယ်
ခြင်းနှင့် ပြောင်းရွှေ့တာဝန် ပေးအပ်ခြင်းများ မပြုလုပ်ရန် တားမြစ်ထားသည်။ ထို့အပြင်
အလုပ်ရှင်အားလုံး သည် ခန့်အပ် ထားသော အလုပ်သမားနှင့် ဝန်ထမ်းဦးရေ စာရင်းကိုလည်း ကောင်း၊
သတ် မှတ်ထား သော ဝေပုံကျနှုန်းထားအရေ အတွက်အရ အလုပ်ခန့်ထားရန် ကျန်ရှိသော အလုပ်နေရာ
အရေ အတွက်ကို လည်းကောင်း၊ သက်ဆိုင်ရာဦးစီးဌာနနှင့် သက်ဆိုင် ရာမြို့နယ် အလုပ်အကိုင်နှင့်
အလုပ်သမား ရှာဖွေ ရေးရုံးများသို့ ပေးပို့ရမည်ဖြစ် သည်။ မသန်စွမ်းသူများနှင့် မသန်စွမ်းသူများကို
ကူညီဆောင်ရွက်ပေးသူများအား သတ်မှတ်ထားသော ဝေပုံကျနှုန်းထား အရေအတွက်အရ အလုပ်ခန့် ထားရေး
အတွက် လူတွေ့စစ်ဆေးခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်းတို့အတွက် ကုန်ကျ စရိတ် ကို ယင်းတို့ထံက
တောင်းဆိုခြင်းကို တားမြစ်ထားသည်။
မသန်စွမ်းသူများအား မသန်စွမ်းမှုကို အကြောင်းပြု၍ သိလျက်နှင့် တမင်ခွဲခြား ဆက်
ဆံခြင်း၊ လျစ်လျူ ရှုခြင်း၊ နှိမ့်ချ ခြင်း၊ မသန်စွမ်းသူများအား နိုင်ထက်စီးနင်း အကြမ်း
ဖက်ခြင်း၊ တလွဲအသုံးပြုခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ တလွဲအသုံးပြု၍ မည်သည့် အကြောင်းနှင့်မျှ
ကိုယ်ကျိုးစီးပွားရှာဖွေ ခြင်း မပြုရကြောင်း ဥပဒေပုဒ်မ ၇၇ တွင် ပြဋ္ဌာန်းထားပြီး ယင်းပုဒ်မ
၇၇ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထိုသူကို
တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ် ၁၅ သိန်းထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ
ချမှတ်ရမည်ဟု ဖော်ပြထား သည်။
ပညာသင်ကြဖို့ကူညီပေးရန်လိုအပ်
ယခုအချိန်တွင် အဖွဲ့အစည်းအသီးသီးက မသန်စွမ်း သူများ ပညာသင်ကြားခွင့် အတွက် ကြိုးပမ်း
နေကြသည်ကို ဝမ်းမြောက် ဖွယ်မြင်တွေ့ရသည်။ သို့သော် မသန်စွမ်းသူများ ၏ ပညာသင်ယူ ခွင့်သည်
နည်းလမ်းအမျိုးမျိုးဖြင့် ငြင်းပယ် ခံနေရသေးသည်ကိုလည်း မြင်တွေ့ရသည်။ ''အားလုံးနဲ့
သိပ်မတူတော့ ကျောင်း ဆက်တက်ဖို့က အားငယ်တယ်။ သူများတွေကြားမှာ ကိုယ်က သင်းကွဲတာမျိုး
မဖြစ်ချင်ဘူး။ ဒါပေမယ့် ကဲ့ရဲ့သူ၊ နားမလည်သူရှိပေမယ့် အားပေးသူ၊ ဖေးကူသူ ကလည်း အမြဲရှိ
တယ်။ ဒီလိုနဲ့ပဲ ကြိုးစားရတယ်။ ကျွန်မက ကံကောင်း တယ်ပြောရ မလားပဲ။ အခြေခံပညာ ကျောင်း
သူဘဝမှာ ကျောင်းကို ကုန်းပိုးပြီး ပို့ပေးသူ၊ အားပေး တဲ့ ဆရာ ဆရာမတွေနဲ့ မိသားစုတွေကြောင့်
နေပျော်ခဲ့တယ်။ အမြဲတော့ မဟုတ်ဘူး ပေါ့။ ကြုံရတဲ့အခက်အခဲတွေဆိုတာ ကလည်း ရှိခဲ့တာပါပဲ''ဟု
မန္တလေးမြို့တွင် အထက်တန်း ရှေ့နေအဖြစ် အောင်မြင်စွာ ရပ်တည်နေနိုင်ခဲ့သူ မသန်စွမ်း ရှေ့နေ
အမျိုးသမီးတစ်ဦး၏ ဘဝအကြောင်း တွေ့ဆုံမေးမြန်း ခဲ့စဉ်က သိခဲ့ရဖူးသည်။ စစ် တမ်းများအရ
မသန်စွမ်းသူဦးရေ၏ ထက်ဝက်လူဦးရေ တစ်သန်းကျော်သည် ပညာ သင်ကြားခွင့် ဆုံးရှုံးနေပြီး
ဘွဲ့ရ သည့် မသန်စွမ်းသူဦးရေမှာ မသန်စွမ်းသူ ၁ဝဝ တွင် တစ်ဦးသာရှိကြောင်း သိရှိရသည်။
သို့သော် အားလုံး၏ ပံ့ပိုးကူညီမှုများကြောင့် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း
စာမေးပွဲ၌ မသန်စွမ်းသူ သုံးဘာသာဂုဏ်ထူးရှင် သုံးဦး၊ နှစ်ဘာ သာ ဂုဏ်ထူးရှင် တစ်ဦး
နှင့် တစ်ဘာ သာ ဂုဏ်ထူးရှင်တစ်ဦးတို့ ထွက်ပေါ်ခဲ့ပြီး များစွာသော မသန်စွမ်းသူများသည်
အောင်မြင် ခဲ့ကြသည်။ ထို့အပြင် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့တွင် အောက်တိုဘာလက
ကျင်းပခဲ့သည့် (၃) ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ
မသန်စွမ်း အားကစားသမားများ က ငွေတံဆိပ် လေးခု၊ ကြေးတံဆိပ်နှစ်ခု အထိ ဆွတ်ခူးကာ မြန်မာ့ဂုဏ်ကို
ဆောင် ပေးနိုင်ခဲ့သည်ကို လည်း ဝမ်းမြောက်ဖွယ် တွေ့ရှိရသည်။
ငြိမ်းချမ်းရေးတွဲလက်များ ဝှီးချဲလ်ရထား
ပြည်သူတွင်းမှ ပြည်သူများဖြစ်သည့် မသန်စွမ်းသူများ သည် မြန်မာနိုင်ငံတော်ကြီး၏
ငြိမ်းချမ်းရေး ခရီးစဉ်များ အတွင်းတွင်လည်း တက်ကြွစွာ၊ စိတ်အားလူအား ပင်ပန်းခံ ကာ ပါဝင်ကူညီခဲ့သည်
ကိုလည်း မြင်တွေ့ရသည်။ နိုင်ငံ သားကောင်းများပီသစွာဖြင့် စိတ်ဓာတ်စွမ်းအားမြင့်မားစွာ
တို့လိုချင်တဲ့ ငြိမ်းချမ်းရေး နှုတ်ကဖွင့်ဟပြောကြားပေး ဟူသည့် ငြိမ်းချမ်းရေးတွဲလက်များ
ဝှီးချဲလ် ရထားအဖွဲ့ ဝင်များသည် ငြိမ်းချမ်းရေး ခရီးစဉ်များကိုဖော်ဆောင်ကာ လှုပ်ရှားမှုများ၊
စုစည်းမှုများကို မြင်တွေ့ရသည်မှာ ဂုဏ်ယူ စရာပင်ဖြစ်သည်။ သူတို့သည် ငြိမ်းချမ်းရေးခရီးစဉ်များအပြင်
ရခိုင်ပြည် နယ်အတွင်း လူမှုရေးနှင့် ငြိမ်းချမ်းရေးလှုပ်ရှားမှု များကိုလည်း မြင်တွေ့ရသည်။ထို့ပြင်
လူငယ် အခမ်းအနားများ၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးလှုပ်ရှားမှုများ၊ ဘာသာရေးနှင့်
ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှား မှုများ၊ နိုင်ငံတကာအခမ်းအနား များတွင် ပူးပေါင်း ပါဝင်မှု
များအပြင် ပညာရေး၊ နည်းပညာ ဆိုင်ရာ လှုပ်ရှားမှုများကိုလည်း ခပ်စိပ်စိပ်မြင် တွေ့လာရသည်။
လက်ရှိတွင် မသန်စွမ်းသင်တန်းကျောင်း ရှစ်ကျောင်းမှ မသန်စွမ်းသူများ ပြန်လည်ထူ
ထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေပြီး အထူးစောင့်
ရှောက်ရန် လိုအပ်သည့် ဉာဏ်ရည်မသန်စွမ်းအပါအဝင် မသန်စွမ်းသူများအတွက် အထူးပညာရေးစနစ်များဖော်
ဆောင်ခြင်း၊ ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် အထူးပညာ ရေးစနစ်များ ဖော်ဆောင် ခြင်း၊ အတားအဆီး
ကင်းဝေးသည့် ပတ်ဝန်း ကျင်များ ဖန်တီးခြင်း၊ လူထုအား အသိပညာများ ဖြန့်ဝေခြင်းတို့ကို
ပိုမိုဆောင်ရွက်သွားရန်ရှိကြောင်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ
ဒုတိယ ဥက္ကဋ္ဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန် ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယမန်နှစ် ဒီဇင်ဘာ ၃ရက်က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့
အထိမ်းအမှတ် အခမ်းအနားအတွင်း ထည့်သွင်းပြောကြားထားခဲ့ ဖူးသည်။ ထို့အပြင် ယခုနှစ် ဇွန်လက
မသန်စွမ်းသူများအတွက် ပထမဆုံး အိုင်စီတီနှင့်နည်းပညာဆိုင်ရာ သင်တန်း ကျောင်း ကို ဝန်ကြီးဌာနနှင့်
ဂျပန်နိုင်ငံအခြေစိုက် နိပွန်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်ပေးခဲ့ပြီး သတင်းအချက်အလက်နှင့်
ဆက်သွယ်ရေး၊ နည်းပညာဆိုင်ရာ ကွန်ပျူ တာသိပ္ပံပညာရပ်များကို အသက်မွေးဝမ်းကျောင်းပြု အလုပ်အကိုင်
ရရှိနိုင်ရန်အတွက် ရည်ရွယ်သင်ကြားပေး လျက်ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းက ရန်ကုန်ပညာရေး တက္ကသိုလ်တွင် ကျင်းပသည့် ရန်ကုန်လူငယ်
ပွဲတော်နှင့် လူငယ် အဖွဲ့အစည်းများပြပွဲတွင် ချစ်စဖွယ်ကောင်းပြီး အရည်အသွေး ပြည့်မီသည့်
ပြခန်း တစ်ခုအား သတိထားမိသည်။ ပြခန်းအတွင်း တက်ကြွသည့် မျက်နှာများပေါ်တွင် အခြားအခြားသော
လူရွယ် များနှင့် တူညီသည့် မျှော်လင့်ချက်များ၊ အိပ်မက်များနှင့် အနာဂတ်ရည်မှန်းချက်များကို
မြင်တွေ့ရသည်။ ဉာဏ်ရည် မသန်စွမ်းသူများ ကိုယ့်အားကိုယ်ကိုးအဖွဲ့မှ လူငယ်ကလေးများ သည်
မိသားစုအတွက်၊ ရပ်ရွာအတွက်၊ နိုင်ငံအတွက် အသင့်ရှိ နေသည်ကို သူတို့ပြသ သည့် စွမ်းရည်များ
အရ သက်သေပြ နေသည်။ သူတို့၏ ဆောင်ပုဒ်ဖြစ်သည့် ''ကျွန်ုပ်တို့ ဥာဏ်ရည် မသန်စွမ်းသူများ
လည်း လူငယ်တွေဖြစ်ကြပါတယ်။ အများ နည်းတူပါဝင်နိုင်ပါတယ်'' ဟု သိရသည်။ အခြားသော အခြေ
အနေအမျိုးမျိုးကြောင့် မသန်သော်လည်း စွမ်းရည်ရှိကြ သူများအားလုံးကို ဂုဏ်ပြုရင်း ဒီဇင်ဘာ
၃ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုလိုက်ရပါသည်။
။
ခင်ရတနာ

No comments:
Post a Comment