Tuesday, December 4, 2018

ရှင်းလင်းလွယ်ကူ တိုင်းပြည်ထူ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ


အစိုးရအပိုင်းအနေနဲ့ ပြင်လို့ရတဲ့ အပိုင်းတွေကို ကမ္ဘာ့ဘဏ်နဲ့ ပေါင်းပြီး ပြင်ဆင်ထားတယ်။ အရင်ကတည်းက ပြင်ဆင်ပြီးဖြစ်ပေမယ့် ကမ္ဘာ့ဘဏ်မှာ မှတ်တမ်းမဖြစ်တာတွေကိုလည်း မှတ်တမ်းဝင်အောင် လုပ်တယ်။ အချက်အလက်တွေကို ပြင်ဆင်မှုတွေ လုပ်တယ်

(ဦးဇေယျသူရမွန်(အလုပ်အမှုဆောင်၊ ကုန်သည်/စက်မှုအသင်းချုပ်)
''ရှင်းလင်းလွယ်ကူ တိုင်းပြည်ထူ'' ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ အပိုင်း (၂) ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူး ထုတ်လွှင့် ခဲ့ရာ အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) အထွေထွေမန်နေဂျာ ဦးတင်အောင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အလုပ်အမှုဆောင် ဦးဇေယျသူရမွန်တို့က ပါဝင်ဆွေးနွေးကြသည်။
(ယမန်နေ့မှအဆက်)
ဒေါ်လှိုင်မော်ဦး ။ ။ တင်ပေးလာတဲ့ စနစ်အပေါ် မူတည် ပြီးတော့၊ စမ်းသပ်ပြီး တော့ ဘာတွေပြင်ဖို့ လိုသလဲ၊ ဘယ်လိုတွေ လုပ်မယ် ဆိုတာကို ပြင်ဆင်ပြီးတဲ့အခါမှာ risk based system နဲ့ ဆန်းစစ်ပေး မှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ကာလလတ် ကိုးလလောက် အတွင်းမှာ လုပ်ပေးရင် အမှတ်ရမယ်လို့ ပြောတာ က ဥပမာ ကွင်းဆင်းစစ်ဆေးတာမျိုးကို တစ်ဖွဲ့ချင်း သွားပြီး စစ်ဆေး တာမျိုး မဟုတ်ဘဲနဲ့ ဌာနပေါင်းစုံ စုပေါင်းပြီး ကွင်းဆင်းစစ်ဆေးပေးဖို့ ပြောပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်မတို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းထဲမှာရှိတဲ့ ဌာနတွေအကုန်လုံးကို တစ်စု တစ်စည်းတည်း ပေါင်းပြီးစစ်ဖို့ ဆောင်ရွက်နေပါ တယ်။ မီးသတ်နဲ့ကတော့ ညှိနှိုင်းနေပါတယ်။ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာပါ။
ကာလရှည်အနေနဲ့ လုပ်ဖို့အတွက် သူတို့က အွန်လိုင်းစနစ်နဲ့ သွားဖို့ပြောပါတယ်။ ကျွန်မတို့က ၂ဝ၁၈ ခုနှစ် မေလထဲမှာ IFC နဲ့ နိုင်ငံတကာမှာ သုံးနေတဲ့ စနစ်တစ်ခုကို ဆောင်ရွက်ဖို့ ကျွန်မတို့ ကမ္ဘာ့ဘဏ်နဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ process တစ်ခုကိုလည်း လုပ်ထားပြီးပါပြီ။ ဒီအပေါ်မှာ ကျွန်မတို့လုပ်တာ နည်းနည်း အကြမ်းဖျင်း ကျတယ် ဆိုပြီးတော့ ကမ္ဘာ့ဘဏ်က အသေးစိတ် ပြန်ပြီး proposal တင်တာလည်း ရှိပါတယ်။ ဒီဟာကို မူတည်ပြီးတော့ အွန်လိုင်း စနစ်မှာ risk မရှိတဲ့ building တွေဆိုရင် ၂ဝ၁၉ အစပိုင်းမှာ စနိုင်ဖို့ ဆောင်ရွက်နေပါတယ်။
ဒီလိုဆောင်ရွက်တဲ့အခါ ငွေပေးချေမှုကိုပါ အားလုံးဆောင်ရွက်နိုင်ဖို့ ကျွန်မတို့ဆီမှာ ရန်ကုန် မြို့တော် စည်ပင်ဘဏ်ရှိပါတယ်။ အဲဒီဘဏ် မှာ settlement ဘဏ်အနေနဲ့ ဆောင်ရွက်ပြီးတော့ ကျန်တဲ့ ဘဏ်တွေနဲ့ပါ တစ်ပေါင်းတည်း ဆောင်ရွက် နေပါတယ်။ နောက်ပိုင်း မှာ မိုဘိုင်းဘဏ်လုပ်ငန်း အနေနဲ့ပါ ပေးနိုင်အောင် ဆောင်ရွက်နေ ပါတယ်။ ကျန်တဲ့ high risk အထိ အကုန်လုံးကိုလည်း ၂ဝ၁၉ ခုနှစ် မှာ အွန်လိုင်းဆောင်ရွက်နိုင်ဖို့ စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။
လုပ်ထုံးလုပ်နည်းတွေနဲ့ process တိုင်းမှာ ဘာလို့ပါတဲ့ဆိုတဲ့ အချက် အလက်တွေကို လုပ်ငန်း ရှင်တွေက တိတိကျကျ မသိတဲ့အခါ၊ သိအောင် မပြောနိုင်တာ ကျွန်မတို့ဘက်က အားနည်းချက်ပါ။ ပွင့်လင်းမြင် သာမှုနဲ့ ဆက်သွယ်မှုအားနည်းတာ ရှိပါတယ်။ ဆိုလိုချင် တာက ကျွန်မတို့ဘက်က ဒီအချက်တွေနဲ့ ကိုက်ညီမှသာလျှင် တင်လို့ရတယ် ဆိုပေမယ့် မကိုက်ညီတဲ့ ပုံစံတွေ ရှိပါတယ်။
မကိုက်ညီတဲ့ ပုံစံတွေကို ပြန်ပြင်ပါပြောတဲ့အခါ လုပ်ငန်းရှင် အနေနဲ့က လာတင်ပြီး သွားကတည်း က တင်ပြီးပြီလို့ ထင်ကြတယ်။ တင်လိုက်ပြီးတော့ မူဘောင်နဲ့ မကိုက်တာကို ပြန်ပြင်ဖို့ကျ တစ်လနဲ့ မလာ၊ နှစ်လနဲ့ မလာတာရှိပါတယ်။ အရင်တုန်းက နှုတ်က ပြော တယ်၊ အခုတော့ မှတ်တမ်းဖြစ် အောင် စာနဲ့ ရေးပို့ပါတယ်။ ပြန်ပြင် ခိုင်းထားတာ ဘယ်လောက်ရှိပါပြီ၊ မလာသေးပါဘူးဆိုပြီး မှတ်တမ်း ထားပါတယ်။ ဒါပေမယ့် လုပ်ငန်းရှင်က ကျတော့ တင်ပြီးပြီလို့ပဲ ထင်ပြီး မှတ်သားထားပါ တယ်။ ဒါကြောင့် ကမ္ဘာ့ ဘဏ်က လက်ခံပါပြီဆိုတဲ့ အကြောင်း စာရွက်စာတမ်းထုတ်ပေးလိုက်ပြီး မှတ်သားတာလုပ်ရမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။ နိုင်ငံတကာ မှာလည်း ဒီလိုပဲလုပ်ကြပါတယ်။ လုပ်ငန်းရှင်တွေဘက်က အရိုးစွဲတာရှိပါတယ်၊ နည်းနည်းစောင့်လိုက်ရင် အဆင်ပြေမလား၊ ပြောရင်ရမလားဆိုပြီး စောင့်နေတာ မျိုးရှိပါတယ်။ ဒါက လက်တွေ့ပါ။ မူဘောင်နဲ့ညီရင် မြန်ပါတယ်။ မူဘောင်မဝင်တာ ဆိုရင်တော့ မူဘောင်ဝင်အောင် မလုပ်ရင် ကြာပါလိမ့်မယ်။ အွန်လိုင်းစနစ်နဲ့ သွားမယ်ဆိုရင်တော့ မူဘောင်မဝင်ရင် နဂို ကတည်းက ဖြတ်ချ လိုက်မှာ ဖြစ်ပါတယ်။ နောက် တစ်ခုကောင်းတာက အွန်လိုင်း စနစ်နဲ့က မူဘောင် နဲ့ ကိုက်ညီရင် mobile phone နဲ့ စစ်ဆေး တဲ့ စနစ်ပါ ပါမှာဖြစ်ပါတယ်။ ဒါကို ကျွန်မတို့ ၂ဝ၁၉ ခုနှစ်မှာ စပြီးဆောင်ရွက်ဖို့ လုပ်နေပါတယ်။
အရင်တုန်းကဆိုရင် Online application ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရုံး မြို့တော်ခန်းမမှာပဲ တင်လို့ရတယ်။ ပြီးခဲ့နှစ် တွေကတည်းက အွန်လိုင်းစနစ်ကို ဆောင်ရွက်ခဲ့ပါ တယ်။ ဆိုလိုတာက ရန်ကုန်မြို့တော် စည်ပင် သာယာနယ်နိမိတ်အတွင်းမှာ ၃၃ မြို့နယ်ရှိတယ်။ ကျန်တဲ့နေရာတွေမှာလည်း အွန်လိုင်းတင်လို့ ရပါ တယ်။ ဒါပေမယ့် ဘယ်သူမှ မတင်ခဲ့ပါဘူး။
ကမ္ဘာ့ဘဏ်နဲ့ လုပ်မယ့်အစီအစဉ်မှာတော့ ကျွန်မတို့ရဲ့ အွန်လိုင်း စနစ်ကို ပြန်ကြည့်ပါတယ်။ ကျွန်မတို့ အရင်က လုပ်တာက partially ပေါ့။ တင်တာသာ အွန်လိုင်းက တင်ရတယ်။ ငွေသွင်း တာကျတော့ လာသွင်းရတဲ့အတွက် မထူးဘဲ လူတွေနဲ့ ဆက်ဆံမှုလုပ်နေရသေး တယ်။ အခုတော့ နှစ်ပိုင်းလုပ်မှာ ဖြစ်ပါတယ်။ ပထမအပိုင်းက အွန်လိုင်းမှာ တင်ချင်လည်းတင်၊ မဟုတ်ရင်လည်း one stop service ပေါ့။ အခုလောလော ဆယ် မန္တလေးမှာကို SMS နဲ့ ပို့ပြီး construction permit အဆင့်တွေကိုapplication နဲ့ ပို့ပြီး ဆောင်ရွက်နေတာရှိပါတယ်။ ကျွန်မတို့နဲ့ မန္တလေးနဲ့ နေပြည်တော်နဲ့ရော ဆွေးနွေးမှုတွေ ရှိပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ Doing Businessက မြို့ကြီးတွေ အကုန်လုံး ညှိပြီးဆောင်ရွက်ရမယ့် အနေအထားရှိပါတယ်။ ဒီအခြေအနေကို ကမ္ဘာ့ဘဏ်ကို ပြောတဲ့အခါ ကမ္ဘာ့ဘဏ်က ကျွန်မတို့အနေနဲ့ ဒီလိုလုပ်ဖို့ မလို ပါဘူး။ ဒါကို track လုပ်လို့ရမှာပါလို့ ပြောပါ တယ်။ ဒီလိုတွေ မလုပ်နိုင်တဲ့ သူတွေအတွက်ကို one stop service မှာ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
ဒုတိယဝန်ကြီး ။ ။ ခုနက ဆွေးနွေးချက်တွေ ကို နားထောင်ကြည့်တဲ့ အခါ အချက်နှစ်ချက်ကို တွေ့ရပါတယ်။ တစ်ချက်က မြန်မာတွေရဲ့ ဓလေ့ထုံးစံပါ။ ပြီးတော့ တွေးခေါ်မှု တွေပါ။ အရိုးစွဲနေတာက ရုံးနဲ့ ပတ်သက်ရမှာ ကြောက်ကြတယ်။ ကြောက်တဲ့အခါ ပွဲစားတွေနဲ့ လုပ်တဲ့သဘော ရှိပါတယ်။ နောက်တစ်ချက်က နည်းပညာပြောင်း လဲတာပါ။ လူလူချင်း မထိတွေ့ ဘဲနဲ့ နည်းပညာနဲ့လုပ်တာ အကောင်း ဆုံးပါပဲ။ လူလူချင်း မထိတွေ့ရဘူးဆိုတာ ခုနကပြောတဲ့ အွန်လိုင်း စနစ်ကို ပြောတာပါ။ အွန်လိုင်းကနေ အကုန်လုံး လုပ်မယ်ဆိုရင် အဂတိလိုက်စားမှုလည်း မရှိတော့ဘူး။ နောက်ဆုံး solution က နိုင်ငံတော် အစိုးရက လုပ်နေတဲ့ e-Government ပါ။ e-Government က ဖြစ်နေတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်မှာပါ။ e-Government က Doing Business ကို ထိရောက်နိုင်မယ့် နည်းလမ်းတစ်ခုပါလို့ ပြောချင်ပါတယ်။
ဦးတင်အောင် ။ ။ လျှပ်စစ်မှာလည်း လျှောက် ထားတဲ့ အခါ အချိန်၊ ကုန်ကျစရိတ်၊ လုပ်ထုံးလုပ်နည်းတွေ သတ်မှတ်ထားတာ ရှိပါတယ်။ အဲဒီလို သတ်မှတ်ထားတာကိုလည်း မြို့နယ်တိုင်းမှာ ကြေညာထားပါတယ်။ အဲဒီမှာ အိမ်သုံးမီတာ လျှောက်ထားတယ်ဆိုရင် တစ်ရက် အတွင်း တပ်ဆင်ပေးမယ်၊ ပါဝါမီတာ လျှောက်ထား တယ်ဆိုရင် တစ်ပတ်အတွင်း အပြီးတပ်ဆင်ပေး ရမယ်။ ကိုယ်ပိုင် ထရန်စဖော်မာလျှောက်ထားတယ် ဆိုရင် တစ်လအတွင်း အပြီးတပ် ဆင်ပေးရမယ် ဆိုပြီး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို မြို့နယ် တိုင်းမှာ ပြည်သူတွေကို အသိပေးထားပါတယ်။
ဒါပေမယ့် နည်းနည်း အားနည်းချက်ဖြစ်နေ တာက တစ်လအတွင်း ဆိုပေမယ့် တစ်လကျော် သွားတာရှိပါတယ်။ အဲဒါကလည်း လျှောက်ထား သူက ပြည့်စုံမှ အချိန်မီရမှာပါ။ ကျွန်တော်တို့ စစ်ဆေးတဲ့အခါ ပါဝင်ရမယ့်အချက်အလက်တွေ ပြည့်စုံရင် သတ်မှတ်ရက် ပြီးပါတယ်။ မပြည့်စုံရင် တော့ သတ်မှတ်ရက် မဟုတ်ဘဲ ပြန်ပြီး စိစစ်ရတာ ကြောင့် ကြာနိုင်တယ်ဆိုတာ ပြည်သူကို အသိပေး ချင်ပါတယ်။ ပြည်သူကို လျှပ်စစ်ဓာတ်အား ရစေ ချင်တာက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရဲ့ ရည်ရွယ်ချက်ပါ။ မီးပြတ်တောက်မှု မရှိရေး၊ လျော့နည်းရေးကိုလည်း အစွမ်းကုန် ကြိုးစားနေ ပါတယ်။
အဲဒီလိုလုပ်တဲ့အခါ ကာလတို၊ ကာလလတ်၊ ကာလရှည် သတ်မှတ်လုပ်ဆောင်နေပါတယ်။ လုပ်တဲ့အခါမှာ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းအနေနဲ့လည်း မီးပြတ်တောက်မှု မရှိအောင် ဆောင်ရွက်တယ်။ ဒီလို မီးမပြတ်ဖို့က အရန်ဓာတ် အားလိုင်းက အရေးကြီးပါတယ်။
ဓာတ်အားလိုင်းက တစ်လိုင်းတည်းရှိတယ် ဆိုရင် အဲဒီဓာတ် အားလိုင်းက အကြောင်းတစ်ခုခု ကြောင့် မီးပြတ်သွားရင် နောက်ထပ် အရန်ဓာတ် အားလိုင်းမရှိရင် မီးပြတ်တောက်ချိန် ကြာသွား မှာပါ။ ဒါကြောင့်မို့ ရန်ကုန်မှာ အရန်ဓာတ်အား လိုင်းနဲ့ ပေးနိုင်ဖို့ ဆောင်ရွက်နေတယ်ဆိုတာ ပြည်သူကို သတင်းစကား ပါးချင်ပါတယ်။
နောက်တစ်ခုက ပြည်သူပါဝင်သော လျှပ်စစ် ဆိုတာဖြစ်အောင်ပါ။ မီးပြတ်ပြီဆိုတာနဲ့ မြို့နယ်ရုံး တွေ၊ call center တွေရဲ့ ဖုန်းနံ ပါတ်တွေ အသိပေး ကြေညာပြီးသားပါ။ မြို့နယ်တွေမှာလည်း ဗီနိုင်း တွေ ကပ်ထားပေးပါတယ်။ လျှပ်စစ်နဲ့ ပတ်သက်လို့ တစ်ခုခု ဆက်သွယ်ရင် ချက်ချင်း ဆောင်ရွက်ပေးပါ တယ်။ နောက်တစ်ခု ရန်ကုန်မြို့တော် လျှပ်စစ်မှာ အိုင်ကွန်ဖုန်းတွေ ပေးထားပါတယ်။ တစ်ယောက်က စကားပြောရင် အကုန်ကြားတဲ့အတွက် ချက်ချင်း responseယူပါတယ်။ quick response ယူပြီး မီးပြတ်ချိန်လျှော့ချနိုင်အောင် ဆောင်ရွက်နေ တယ် ဆိုတာကိုလည်း အသိပေးပြောကြား ချင် ပါတယ်။
ဦးဇေယျသူရမွန် ။ ။ ပြည်သူလူထုထဲမှာရှိတဲ့ စီးပွား ရေး လုပ်ငန်း ရှင်တွေ၊ ဒီစီးပွား ရေးလုပ်ငန်းထဲမှာပါဝင်တဲ့lawyer တွေ၊accounting firm တွေ၊advisory firm တွေ၊ ကိုယ်ပိုင်လုပ်ငန်းရှင်တွေ အားလုံးကို ပြောချင် တာက အစိုးရအပိုင်းအနေနဲ့ ပြင်လို့ရတဲ့ အပိုင်း တွေကို ကမ္ဘာ့ဘဏ်နဲ့ပေါင်းပြီး ပြင်ဆင်ထားတယ်။ အရင်ကတည်းက ပြင်ဆင်ပြီးဖြစ်ပေမယ့် ကမ္ဘာ့ ဘဏ်မှာ မှတ်တမ်းမဖြစ်တာတွေ ကိုလည်း မှတ်တမ်းဝင်အောင် လုပ်တယ်။ အချက်အလက် တွေကို ပြင်ဆင်မှုတွေ လုပ်တယ်။
လုပ်တဲ့အခါမှာ ကမ္ဘာ့ဘဏ်က ကျွန်တော်တို့ ဆီက အချက်အလက်ယူထားတယ်။ စစ်တမ်း မေးခွန်းဖြေဆိုသူတွေ ကမ္ဘာ့ဘဏ်က မေးတဲ့အခါ ကိုက်ညီမှုမရှိဘူး။ မကိုက်ညီတဲ့အခါ ကမ္ဘာ့ဘဏ်က ဘယ်ဟာကို အတည်ယူရမှန်းမသိဘဲ စောင့်ကြည့် မယ်ဆိုပြီး ဖြစ်သွားတယ်။ နောက်တစ်နှစ်မှာတော့ ဒီဟာတွေ ရှင်းလင်းသွားရင် အမှတ်ရမှာပါ။ ကမ္ဘာ့ ဘဏ်က မေးခွန်းတွေ မေးတဲ့အခါမှာလည်း သေချာမဖြေတာ၊ ပြီးအောင် မဖြေတာမျိုးတွေ ရှိတယ်။
မေးခွန်းဖြေတဲ့ business community ကလည်း အရေးကြီးပါတယ်။ မေးတဲ့အခါ ဟုတ်တယ်လို့ဖြေရင် နောက်ထပ်မေးခွန်းတွေ ဖြေရမှာ ဖြစ်ပါတယ်။ မဖြေရအောင် မဟုတ်ဘူးလို့ ဖြေလိုက်ရင် အမှတ်ကလျော့သွားမှာ ဖြစ်ပါတယ်။ မေးခွန်းတွေကို နားမလည် ရင်လည်း အခု call center တွေရှိနေပါပြီ။ indicator တိုင်းမှာ call center တွေရှိနေပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်း စုံစမ်းကြည့်ပြီး ပါပြီ။ သတင်းအချက်အလက် အမှန် ရပါတယ်။ တကယ် အလုပ်လုပ်နေပါပြီ။
တကယ်အလုပ် လုပ်၊ မလုပ်ကိုလည်း ဒုတိယ ဝန်ကြီး ကိုယ်တိုင်လည်း စစ်ဆေးပါတယ်။ သတင်း အချက်အလက်အမှန်ကို ဖြေပေးနိုင်ရင် နောင်နှစ် မှာဆိုရင် ဒီထက်ပိုကောင်းတဲ့ Ranking တစ်ခု ရောက်ရှိမှာ ဖြစ်ပါတယ်။ Ranking ကောင်းမှ ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ တန်ဖိုးတွေ တက်လာမှာ ဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော် တို့ မဆင်းရဲပါဘူးဆိုတဲ့အကြောင်းကို ကမ္ဘာကို သိအောင် လုပ်ရတာ ဖြစ်ပါတယ်။ ။
ရှင်မင်း
ဓာတ်ပုံ- အေးသန်း

No comments:

Post a Comment