Tuesday, December 4, 2018

(၁၃) ကြိမ်မြောက် ပြင်ဦးလွင် ပန်းပွဲတော်တွင် အပင်ပေါင်း သုံးသိန်းကျော် စိုက်ပျိုးပြသမည်


မန္တလေး ဒီဇင်ဘာ ၃
ယခုနှစ် ကျင်းပမည့် ပြင်ဦးလွင်ပန်းပွဲတော်တွင် ပန်းအပင်ပေါင်း သုံးသိန်းကျော် စိုက်ပျိုးပြသသွားမည်ဖြစ်ကြောင်း အမျိုးသား ကန်တော်ကြီး ဥယျာဉ်မှ လက်ထောက် အထွေထွေမန်နေဂျာ ဦးဝေမျိုးအောင်က ပြောသည်။

ယခုနှစ်တွင် ပန်းအမျိုး အစားပေါင်း ၆၉ မျိုးပါဝင်ပြီး အပင်ပေါင်း သုံးသိန်းကျော်ကို စိုက်ပျိုးပြသသွားမည်ဖြစ်သည်။
''အရင်ဆိုအပင်အရေအတွက် တစ်သိန်းခွဲ ၊ နှစ်သိန်း စိုက်ပျိုးပြ သတယ်။ ဒီနှစ်မှာ အပင်အရေအတွက် သုံးသိန်းကျော် စိုက်ပျိုး ထားပါတယ်'' ဟု ဦးဝေမျိုးအောင်က ပြောသည်။ အပင်ပေါင်း သုံးသိန်းကျော်တွင် ပြည်တွင်းမျိုး ၇ဝဝဝဝ ကျော် ၊ ဂျပန်၊ တရုတ်၊ ထိုင်းနိုင်ငံတို့မှ ပြည်ပမျိုး ၂၄ဝဝဝဝ ပါဝင်ပြသမည်ဖြစ်သည်။ ယခုနှစ်ပန်းပွဲတော် တွင် ချင်းမိုင်မှ Garden and Friends ကုမ္ပဏီ ပူးပေါင်း ပါဝင်ကာ ပန်းပွဲတော် ဒီဇိုင်းထုတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
ပြင်ဦးလွင်ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၅ ရက်မှ ဇန်နဝါရီ ၁၅ ရက်အထိ တစ်လ တိတိ ပြုလုပ်သွားမည်ဖြစ်ပြီး ဖျော်ဖြေပွဲ၊ ဈေးရောင်းပွဲ၊ သစ်ခွ အလှပြိုင်ပွဲ၊ ပန်းအလှထိုးပြိုင်ပွဲနှင့် ဓာတ်ပုံပြိုင်ပွဲများကို ထည့်သွင်း ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်

No comments:

Post a Comment