ရန်ကုန် ဒီဇင်ဘာ ၃
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန
စာပေဗိမာန်က စီစဉ်ထုတ်ဝေသည့် မြန်မာဂန္ထ၀င်အတွဲ(၁၀၀)စာစဉ်၊ ၀တ္ထုရှည်အတွဲ(၁၊၂၊၃) စာအုပ် ထုတ်ဝေခြင်း
မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဆူးလေ
ရှန်ဂရီလာဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင်
ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က အဖွင့်အမှာစကား ပြောကြားရာ၌
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ စာပေဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံတွင်
စာအုပ်စာပေဖတ်ရှုသူများ တိုးပွားလာစေ ရေး၊ မြန်မာနိုင်ငံသားတို့ အသိပညာ
ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်ပြီး စာတမ်းဖတ်ပွဲ ၊ စာအုပ်ဈေးရောင်းပွဲများပါဝင်သည့်
စာပေပွဲတော်များ ကျင်းပလျက်ရှိ ပါကြောင်း၊ အမြို့မြို့အနယ်နယ်ရှိ
စာကြည့်တိုက်များတွင် စာဖတ်ဝိုင်း (Book Club) များထူထောင်ပြီး စာအုပ်စာပေကို
လေးလေးနက်နက်ဖတ်ရှုသူများ၏ စာပေဆွေးနွေး ၀ိုင်းများအပြင် စာတွေ့လက်တွေ့ အသိရှိသူ၊
ဗဟုသုတရှိသူများ ၀ိုင်းဖွဲ့ဆွေးနွေးသည့် ပြည်သူ့စကားဝိုင်းများ
ထွန်းကားပြန့်ပွားရန် ဆောင်ရွက်လျက် ရှိပါကြောင်း။
နိုင်ငံအနှံ့အပြားတွင် ကျင်းပသည့်
ကလေးစာပေပွဲတော်များနှင့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်များတွင် စာရေးသူများ
ဦးဆောင်သည့် စာပေဆွေးနွေးဝိုင်းများ အမြဲ ထည့်သွင်းလျက်ရှိပါကြောင်း၊ စာပေသမား
တစ်ဦးလည်းဖြစ်သည့် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်လည်း
လူငယ်များနှင့် ရသ စာပေဆွေးနွေးဝိုင်းများတွင် ဦးဆောင် ပါဝင်ခဲ့သည်ကို
အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ဒီဇင်ဘာလ
ကုန်ပိုင်းအတွင်း စာဖတ် သူတိုင်းစာဖတ်ရေး စည်းရုံးဆော်သြမည့်
စာပေပွဲတော်အစီအစဉ်တစ်ရပ်ကို နေပြည် တော်တွင်ကျင်းပရန် စီစဉ်လျက်ရှိပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ယခုလို ပွဲများ၊ အစီအစဉ်များကို ကျင်းပပြု လုပ်နေသော်လည်း
မိမိတို့ ချည်းသာဆိုလျှင် ယခုလောက် မအောင်မြင်နိုင်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊
သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန အပါအ၀င် အခြား သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊
ရန်ကုန်တိုင်းဒေသကြီး အစိုးရအပါအ၀င် တိုင်းဒေသကြီး အစိုးရ၊ ပြည်နယ်အစိုးရတို့မှ
ဝိုင်းဝန်းဆောင်ရွက်ကြသည့်အတွက် စာပေပွဲတော်များ စည်ကားသိုက်မြိုက်ခြင်း၊
ကျင်းပရသည့် ရည်ရွယ်ချက်များ ထမြောက်အောင်မြင်ခြင်း ဖြစ်သည်ဟု ဤနေရာတွင် အလျဉ်းသင့်သဖြင့်
ကျေးဇူးတင်စကားဆိုချင်ပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်
စာပေဆိုင်ရာအစီအစဉ်များကို ဆောင်ရွက် ရာတွင် ယခင်အစဉ်အဆက် ပုဂ္ဂိုလ်ကြီးများ
ဆောင်ရွက်ခဲ့သည့် လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်ခြင်းများ ရှိသကဲ့သို့
မိမိတို့လက်ထက် စိတ်ကူးကြံဆပြီး အသစ် ဆောင်ရွက် ခြင်းများလည်း ရှိပါကြောင်း။
နမူနာအနေဖြင့် စာပေဗိမာန် က ဆောင်ရွက်နေသည့် အစီအစဉ်
နှစ်ခုကို တင်ပြ လိုပါကြောင်း၊
စာပေဗိမာန်သည် အမှောင်ခွင်း၍ အလင်းဆောင်အံ့ဆိုသည့် ဆောင် ပုဒ်နှင့်အညီ
ပြည်သူလူထုကို အလင်းရောင်ပေးနိုင်ရန်အတွက် မြန်မာ့စွယ်စုံ ကျမ်း၊ လူထုသိပ္ပံ
ကျမ်းစသည့် ရည်ညွှန်းကျမ်းကြီးများအပါအ၀င်
စာအုပ်စာတမ်းများစွာ ပြုစု ထုတ်ဝေပေးခဲ့ပါကြောင်း၊ ၁၉၅၀-၆၀ ကျော်ကာလ စာပေဗိမာန်၏ ဆောင်ရွက် နိုင်မှု စွမ်းရည်သည်
ကြီးမားခဲ့ပါကြောင်း၊ စာပေဗိမာန်၏ ကနဦးကာလ ဆောင်ရွက်ချက်များ ထဲမှ တစ်ခုဖြစ်သည့်
မြန်မာ့စွယ်စုံကျမ်းကြီးကို ပြန်လည်တည်း ဖြတ်ပြင်ဆင်ဖြည့် စွက်
ပုံနှိပ်ထုတ်ဝေနိုင်ရန် မိမိတို့ကြိုးပမ်းလျက်ရှိပါကြောင်း။
မြန်မာ့စွယ်စုံကျမ်းကြီးသည် ၁၉၅၀
ကျော်နှစ်များတွင် စတင်ပြုစုခဲ့ပြီး ၁၉၆၀-၁၉၇၀ ကျော်နှစ်များအတွင်း
ပုံနှိပ်ထုတ်ဝေပြီးစီးခဲ့ပါကြောင်း၊ ဤစွယ်စုံကျမ်းကြီးသည် မြန်မာတို့အတွက်
ဂုဏ်ယူဖွယ်ရာဖြစ်သလို ယနေ့ အထိလည်း ရည်ညွှန်းကိုးကားရ ဆဲဖြစ်ပါကြောင်း၊ သို့သော်
သက်တမ်းအားဖြင့် နှစ်ပေါင်း ၅၀၊ ၆၀ ကြာမြင့်ခဲ့ပြီဖြစ် သောကြောင့် အကြောင်းအရာ
အချက်အလက် များ ပြောင်းလဲကာ အသစ်ဖြစ်ထွန်း ပေါ်ပေါက်သည်များကို ဖြည့်စွက်ရန်
လိုအပ်နေပါကြောင်း၊ ယင်းလိုအပ်ချက်ကို ဖြည့် ဆည်းရန် မိမိတို့ကို
ကူညီဆောင်ရွက်ပေးဖို့ စာပေ စေတနာပြည့်ဝစွာ ကမ်းလှမ်းလာ သည့်
ထွန်းဖောင်ဒေးရှင်းနှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်
စာတည်းအဖွဲ့ တို့ပူးပေါင်းပြီး ခေတ်မီ မြန်မာ့စွယ်စုံကျမ်းသစ်ကြီး
ပြုစုသည့်လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ များမကြာမီ မြန်မာ့စွယ်စုံကျမ်း
ပထမတွဲကို ယခုကဲ့သို့ မိတ်ဆက်ဖြန့်ချိနိုင်ရန် မိမိတို့ မျှော်လင့်ထားပါကြောင်း။
စာပေဗိမာန်အနေဖြင့် ယခင် မဆောင်ရွက်ဖူးသေးသည့်
အစီအစဉ်တစ်ခု ယခု အခါ စတင်ဆောင်ရွက် လိုက်သည်မှာ ယနေ့ မိတ်ဆက်ပွဲပြုလုပ်သည့်
မြန်မာဂန္ထ၀င် အတွဲ ၁၀၀ စာစဉ်ဖြစ်ပါကြောင်း။
ဤစာစဉ်တွင်မြန်မာစာပေပေါ်ဦးစမှ ခရစ်နှစ် ၂၀၀၀
ပြည့်နှစ်အထိ ကာလ အတွင်း ပေါ်ထွန်းခဲ့သည့် မြန်မာစာပေလက်ရာများစွာထဲမှ အထူးခြား
အပြောင်မြောက် ဆုံး လက်ရာများ၊ ခေတ်အဆက်ဆက် မြန်မာစာပေလောကသားများ ဖတ်ရှုမှတ်သား
ခဲ့ရသည့် စာအုပ်စာတမ်းများ၊ ခေတ်အသီးသီးတွင် ကြီးကြီး မားမား လွှမ်း
မိုးတွင်ကျယ်ခဲ့ သလို ယနေ့ခေတ်စာပေလေ့လာသူများလည်း ဖတ်ရှုနေဆဲ စာပေများ ၊ ယင်းတို့
ကို ရွေးချယ်စုစည်းပေးရန် ဖြစ်ပါကြောင်း။
မိမိတို့ ဤစာစဉ်ပြုစုထုတ်ဝေရသည့်ရည်ရွယ်ချက်မှာ မြန်မာစာပေ သမိုင်း တစ်လျှောက်
ပေါ်ပေါက်ခဲ့သည့် စာအုပ်စာပေများစွာထဲမှ အထူးခြားဆုံး၊ အကောင်းဆုံး လက်ရာများကို
ရွေးချယ်စုစည်းပေးခြင်းအားဖြင့် နောင်လာမည့် အဆက်ဆက်သော မျိုးဆက်သစ်များအနေဖြင့်
မြန်မာစာကောင်းပေမွန်များကို အလွယ်တကူ ထိတွေ့ ခွင့်ရပြီး ယင်းစာပေများမှ ပေးသည့်
သုတ၊ ရသများကို ခံစားရရှိခြင်းနှင့်အတူ မြန်မာစာ မြန်မာမှုတို့ အပေါ်
နှစ်သက်မြတ်နိုးစိတ်များလည်း ၎င်းတို့မှာ ကိန်းအောင်းဖြစ်ပေါ် စေရန်နှင့် ရှေးအစဉ် အဆက် ရှိခဲ့သည့် မြန်မာတို့၏
ဘ၀အတွေ့အကြုံ အသိပညာ၊ ဗဟုသုတ၊ မြန်မာ့ဥာဏ်၊ မြန်မာ့အတွေးအခေါ်၊ မြန်မာတို့၏ စိတ်နေစိတ်ထား
စဉ်လာ လက္ခဏာ၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ထုံးဓလေ့စဉ်လာများ ၊ မြန်မာဘာသာ စကားနှင့်
မြန်မာစာပေအဆင့်အတန်းများကို လေ့လာအကဲခတ်လိုသည့် နိုင်ငံတကာ သုတေသီ များအတွက်
လေ့လာစရာ ပစ္စည်းများအဖြစ် အသင့်ပြင်ဆင်ပေးရန် ဆိုသည့် ရည်ရွယ်
ချက်တို့ဖြစ်ပါကြောင်း။
သို့သော် ယင်းရည်ရွယ်ချက်နှစ်ရပ် ဖြစ်မြောက်စေမည့်
စာစဉ်တစ်ရပ် ပြုစု ရန်မှာ
စိတ်ကူးရလွယ်သော်လည်း တကယ့်လက်တွေ့အကောင်အထည်ဖော်ရာတွင်
အများဝိုင်းဝန်းပြီး အားထုတ်ကြိုးပမ်းရပါကြောင်း၊ စာပေ ဗိမာန် တစ်ခုတည်း ၊
ပြန်ကြား ရေးဝန်ကြီးဌာန တစ်ခုတည်း လုပ်၍ မရပါကြောင်း၊ ထို့ကြောင့် ဆရာကြီး ဦးသော် ကောင်း ဥက္ကဋ္ဌအဖြစ်
ဆောင်ရွက်သည့် မြန်မာဂန္ထ၀င် ၁၀၀ စာစဉ် ထုတ်ဝေရေး ကော်မတီကို ထိုစာစဉ်ကိစ္စအား
စိတ်ပါဝင်စားသည့် စိတ်အားထက်သန်စွာ ဦးစီးဆောင် ရွက်ပေးမည့် စာပေပညာရှင်များ၊
ကျွမ်းကျင်သူများနှင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ၀တ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ ပြဇာတ်
စသည်ဖြင့် ကဏ္ဍအသီးသီးမှ ဂန္ထ၀င် လက်ရာမွန်များ
ရှာဖွေ စိစစ်ရွေးချယ်ပေးမည့် ပညာရှင်များအား ဖိတ်ခေါ်ပြီး ကဏ္ဍအလိုက်
ဖွဲ့စည်းခဲ့ ပါကြောင်း။
ယင်းဂန္ထ၀င်စာစဉ် ပီပီသသဖြစ်ပေါ်စေရေး ၊ အပြစ်အနာအဆာ
အနည်းဆုံး ၊ တတ်နိုင်သမျှ အကောင်းဆုံး စာစဉ်ဖြစ်စေရေးတို့အတွက် စာပေစိတ်စေတနာ
ပြည့်ဝစွာ ကူညီဆောင်ရွက်ပေးကြသည့်
ပုဂ္ဂိုလ်များ အားလုံးကို ကျေးဇူးတင် ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း။
ဤဂန္ထ၀င်စာစဉ်သည် ယခုမှ စတင်ခြင်းဖြစ်သည့်အတွက်
ရှေ့ဆက်ပြီး ဆောင် ရွက်ရန် အများကြီးရှိပါ
သေးကြောင်း၊ ဒီစာစဉ်ပြီးမြောက်အောင်မြင်ရေးနှင့် ပြည့်စုံ ကောင်းမွန်ရေးသည်
စာပေပညာရှင်ကြီးများ၏ အကြံပြုလမ်းညွှန်မှုနှင့် မိမိ ဆောင်ရွက်ပေး နိုင်သောကဏ္ဍမှ
ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ပေးမှုများ အပေါ် တွင် အဓိက
မူတည်နေခြင်းဖြစ်သည့်အတွက် ဆက်လက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ကြရန်
မေတ္တာရပ်ခံပန်ကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာဂန္ထ၀င်အတွဲ(၁၀၀) စာစဉ်ထုတ်ဝေရေး
ကော်မတီ ဒုတိယ ဥက္ကဌ ဒေါက်တာခင်အေး
(မောင်ခင်မင်-ဓနုဖြူ) က ၀တ္ထုရှည်သုံးတွဲအတွက် စာစဉ် မိတ်ဆက် စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က
မြန်မာဂန္ထ၀င် အတွဲ(၁၀၀) စာစဉ် မိတ်ဆက်နိဒါန်းရေး ပေးခဲ့ကြသည့်
ပညာရှင်ကြီးများနှင့် တည်းဖြတ်ပေးခဲ့ကြ သော
ပညာရှင်ကြီးများအတွက် မေတ္တာလက်ဆောင် စာစဉ်တစ်စုံကို ပေးအပ်ရာ ပညာရှင်များ
ကိုယ်စား ဆရာဦးအေးချို (မဟာဝိဇ္ဇာ )က
လက်ခံသည်။
ဆက်လက်၍
ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က စာအုပ်သုံးအုပ်တွင်ပါဝင်သည့် စာရေးဆရာကြီးများ၏
မိသားစုများကို မူပိုင်ခွင့် ဉာဏ်ပူဇော်ခများချီးမြှင့်ရာ မောင်ရင်မောင်၊ မမယ်မ
စာအုပ်ရေးသားသူ ဆရာကြီး ဂျိမ်းစ်လှကျော်၏ မူပိုင်ခွင့်ဆက်ခံသူ ဆရာ
ဦးအေးထွန်းမိသားစု ကိုယ်စား ဦးမောင်ဝင်း ညွှန်ကြားရေးမှူး(ငြိမ်း) အား လည်းကောင်း၊
စာစဉ်အတွဲ(၂)တွင်ပါဝင်သည့် ရွှေပြည်စိုး စာအုပ်နှင့် အတွဲ(၃)တွင်ပါဝင်သည့် တနန်းပျော်
ရင်သွေးတော်စာအုပ်ရေးသားသူ ဆရာကြီး ဦးလတ်၏ မူပိုင်ခွင့် ဆက်ခံသူ ဆရာ
ဦးကိုကိုနိုင်အားလည်းကောင်း၊ ရတနာပုံ စာအုပ်ရေးသားသူ ဆရာကြီး ရွှေဥဒေါင်း ၏
စာပေမူပိုင် ခွင့်ထိန်းသိမ်းရေးကော်မတီဝင် ဦးငြိမ်းချမ်း (ဆရာညီပုလေး) အားလည်း
ကောင်း၊ မှာတော်ပုံစာ အုပ်ရေးသားသူ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ မူပိုင်ခွင့်
ဆက်ခံသူ ဆရာမ ဒေါ်မြမြအေး မိသားစုအား လည်းကောင်း ပေးအပ် ချီးမြှင့်သည်။
ထို့နောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန
ညွှန်ကြားရေးမှုးချုပ် ဦးအောင် မျိုးမြင့်က
မြန်မာဂန္ထ၀င် အတွဲ(၁၀၀) စာစဉ် ထုတ်ဝေရေးကော်မတီအတွက် မေတ္တာ လက်ဆောင် စာအုပ်များကို ကော်မတီဝင်များ
ကိုယ်စား ဆရာ ဦးကြည်ဝင်း (လောက အမွန်) ထံ
ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် စုပေါင်း ၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ
တာဝန်ရှိသူများ၊ မြန်မာဂန္တ၀င် အတွဲ (၁၀၀) စာစဉ်ထုတ်ဝေရေး ကော်မတီဝင်များ၊
စာစဉ်မိတ်ဆက် နိဒါန်းရေးပေးခဲ့ကြသော ပညာရှင်ကြီးများနှင့် တည်းဖြတ်ပေးခဲ့သော
ပညာရှင်ကြီးများ၊ စာစဉ်သုံးတွဲတွင် ပါဝင် သည့် စာရေးဆရာကြီးများ၏မိသားစုများ၊
ဌာနဆိုင်ရာ အကြီး အကဲများ၊ စာပေပညာ ရှင်များ
တက်ရောက်ကြသည်။
မြန်မာဂန္ထဝင် အတွဲ (၁ဝဝ) စာစဉ် ဝတ္ထုရှည် စာစဉ်အတွဲ(၁)တွင် ဂျိမ်းစ်လှ ကျော်
ရေးသားသည့် မောင်ရင်မောင် မမယ်မဝတ္ထု (၁၉ဝ၄)၊ ဝန်စာရေးဦးကြီး ရေးသား သည့်
ချဉ်ပေါင်ရွက်သည် မောင်မှိုင်း (၁၉ဝ၄)၊ မအေးခင် ရေးသားသည့် ချစ်ရိုးအမှန် (၁၉ဝ၇)
စာအုပ်တို့ပါဝင်ပြီး အတွဲ(၂) တွင် ဦးလတ် ရေးသားသည့် ရွှေပြည်စိုး (၁၉၁၄)၊
ရွှေဥဒေါင်းရေးသားသည့် ရတနာပုံ (၁၉၁၇)၊ ဘီအေ မောင်ဘသန်း ရေးသားသည့် ထာဝရမေတ္တာ
သို့မဟုတ် ဘီအေမောင်ဘလွင် (၁၉၂ဝ) စာအုပ်တို့ ပါဝင်သည်။ စာစဉ်အတွဲ(၃)တွင် ဦးလတ်
ရေးသားသည့် တနန်း ပျော်ရင် သွေးတော်(၁၉၂ဝ)၊ ပီမိုးနင်း ရေးသားသည့် နေရီရီ (၁၉၂ဝ)၊
သခင်ကိုယ်တော်မှိုင်း ရေးသားသည့် မှာတော်ပုံ (၁၉၂၁) စာအုပ်တို့ ပါဝင်သည်။
မြန်မာဂန္ထဝင် အတွဲ(၁ဝဝ) စာစဉ် ဝတ္ထုရှည်စာအုပ်များမှာ
တစ်တွဲလျှင် စာမျက် နှာ ၇ဝဝ ခန့်ပါရှိပြီး တန်ဖိုးငွေကျပ် ၁၂ဝဝဝ ဖြင့် ယနေ့မှစ၍
(ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) စာပေဗိမာန်စာအုပ်ဆိုင်များမှ တစ်ဆင့်
မြန်မာတစ်နိုင်ငံလုံး သို့ဖြန့်ချိ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment