အာရှ-ပစိဖိတ်ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်းအပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
နီပေါဝန်ကြီးချုပ် မစ္စတာ ကေ၊ပီ၊ ရှာမာ အိုလီ၊ကမ္ဘာ့ငြိမ်းချမ်းရေးဖက်ဒရေးရှင်း
ဥက္ကဋ္ဌ ဒေါက်တာ သောမတ်စ် ဂျီ၊ ဝေါလ်၊နိုင်ငံ့ အကြီးအကဲများ၊ ဧည့်သည်တော်ကြီးများ၊ဂုဏ်သရေရှိ
လူကြီးမင်းများရှင့်၊
အာရှ-ပစိဖိတ်ထိပ်သီးအစည်းအဝေးကို ယခုလို တက်ရောက်ခွင့်ရတဲ့တွက်
မိမိအနေနဲ့ ဂုဏ်ယူမိပါတယ်။ မိမိဘဝရဲ့ ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ နေ့ရက်တွေကို ဖြတ်သန်းနေထိုင်ခဲ့ဘူးတဲ့
နီပေါ နိုင်ငံကို ပြန်လည် လာရောက်ခွင့်ရရှိတဲ့ အတွက် လည်း များစွာ ဝမ်းမြောက်မိပါကြောင်း
ပြောကြား လိုပါတယ်။ မိမိအနေနဲ့ နီပေါပြည်သူတွေရဲ့ နွေးထွေးစွာ ကြိုဆိုမှုနဲ့ ဧည့်ဝတ်ကျေပွန်မှုတွေ
အတွက်လည်း များစွာ ကြည်နူးမိပါတယ်။
နီပေါနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်တဲ့
မိမိရဲ့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်နှင့် တစ်ဆက်တည်း အာရှ-ပစိဖိတ်ထိပ်သီးအစည်းအဝေးသို့
ပါဝင်တက်ရောက်ရန် ဖိတ်ကြား ခဲ့တဲ့အတွက် နီပေါဝန်ကြီးချုပ် မစ္စတာ ကေ၊ပီ၊ ရှာမာ အိုလီကို
ကျေးဇူးတင်ရှိပါကြောင်း ပြောကြား လိုပါတယ်။
ယခုထိပ်သီးအစည်းအဝေးမှာ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေး၊
သာယာ ဝပြောရေးနဲ့ လူသားအချင်းချင်း ရိုင်းပင်းကူညီမှုဆိုင်ရာ လုပ်ငန်းစဉ်များကို မြှင့်တင်ပေးရန်
တစ်စိုက်မတ်မတ် ကြိုးပမ်းအားထုတ် နေကြတဲ့ ကမ္ဘာ့နေရာဒေသ အနှံ့အပြားမှ ပုဂ္ဂိုလ်ကြီးများစွာနဲ့
တွေ့ဆုံခွင့်ရရှိစေခဲ့တာဟာ အဖိုးမဖြတ်နိုင်တဲ့ အခွင့်အလမ်းတစ်ရပ်ဖြစ်ပါတယ်။
ဧည့်သည်တော်များနဲ့ ဂုဏ်သရေရှိ လူကြီးမင်းများရှင့်။ဒီကနေ့ကမ္ဘာကြီးဟာ
မသေချာမရေရာ မှုတွေ၊ ကုန်သွယ်ရေး တင်းမာမှုတွေနဲ့ အင်အားကြီး နိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုတွေနဲ့၊
အထူးသဖြင့် မိမိတို့ ဒေသအတွင်းမှာ ကြုံတွေ့နေရပါတယ်။ သမားရိုးကျနှင့် သမားရိုးကျမဟုတ်တဲ့
ခြိမ်းခြောက်မှုတွေဟာ ကြီးမားသောစိန်ခေါ်မှုများကို ဖြစ်စေလျက်ရှိကြပြီး တစ်ခါ တစ်ရံမှာ
မမျှော်လင့်ထားတဲ့ နေရာကနေ ပေါ်ထွက်လာတာကို တွေ့မြင်ရပါတယ်။
သဘာဝဘေးအန္တရာယ်များ၊ အကြမ်းဖက်မှုများ၊ စားနပ်ရိက္ခာရှားပါးမှု၊
ရောဂါဘယများ၊ ရွှေ့ပြောင်းသွားလာမှုနှင့် နေရပ်စွန့် ခွာမှု၊ ဆင်းရဲနွမ်းပါးမှု၊ တရားမမျှတမှု၊
ခွဲခြားဆက်ဆံမှု၊ ဘက်လိုက်မှုနှင့် မတူကွဲပြားမှုအပေါ် လက်မခံမှုများ ဖုံးလွှမ်းနေတဲ့ သတင်း
ဖြစ်စဉ်တွေကို မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ အမြဲမပြတ် ကြားသိနေကြရပါတယ်။ အပြုသဘောမဆောင်တဲ့
အင်အား စုများဟာလည်း နေရာတိုင်းမှာရှိနေကြပြီး ငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ်များကို
တိုက်စား ဖျက်ဆီးလျက် ရှိကြပါတယ်။ မိမိတို့ကမ္ဘာကြီးအတွက် သဟဇာတဖြစ်မှုနဲ့ ပျော်ရွှင်မှုတို့ကို
ထိန်းသိမ်းရန် လိုအပ်သော သဘာဝ သယံဇာတပစ္စည်းများနဲ့ လူ့စွမ်းအား အရင်းအမြစ်တွေကို အဆင်အခြင်မဲ့စွာ
ဖြုန်းတီးပစ်မှုတွေကို ကမ္ဘာ့ နေရာ အနှံ့အပြားမှာ တွေ့မြင်နေ ရပါတယ်။
သတင်းအချက်အလက်နည်းပညာတွေ လျင်မြန်စွာ တိုးတက်ပြောင်းလဲလာမှုနဲ့
ကမ္ဘာလုံး ဆိုင်ရာ ဖြစ်စဉ်ကြောင့် ကမ္ဘာ့နိုင်ငံ များနဲ့ ပြည်သူများဟာ အချင်းချင်း အပြန်အလှန်
ဆက်နွယ်မှုနဲ့ မှီခိုမှုတွေ ပိုမိုတိုးတက်မြင့်မား လာခဲ့ပါတယ်။ ယခုလို ကမ္ဘာလုံးဆိုင်ရာ
အပြန်အလှန်မှီခိုလာရမှုရဲ့ ရလဒ်အနေနဲ့ မိမိတို့ အားလုံး နေထိုင်ရာဖြစ်တဲ့ ကမ္ဘာကြီးရဲ့
ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို အာမခံနိုင်ဖို့ အထောက်အကူပြုမယ့် မှန်ကန်သော ဖြေရှင်းမှုရရှိရေးနဲ့
သဟဇာတဖြစ်မှုကို ခြိမ်းခြောက် နေတဲ့ ပြဿနာရဲ့ အကြောင်းရင်းတွေကို ရှာဖွေဖော်ထုတ်ရေး
တို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေ မလွဲမသွေ တိုးမြှင့် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ မည်သည့်နိုင်ငံမျှ တစ်နိုင်ငံတည်း ရပ်တည်ရှင်သန်၍ မရနိုင်ပါ။
အမျိုးသားအကျိုးစီးပွားကို ဖော်ထုတ်ရန်နဲ့
ကာကွယ်ရန်၊ ငြိမ်းချမ်းရေးနဲ့ အကျိုးတူသာယာ ဝပြောရေးတို့ ရရှိရန်အတွက် နိုင်ငံတိုင်းဟာ
နှစ်နိုင်ငံချင်းဖြစ်စေ၊ ဒေသတွင်း အချင်းချင်းဖြစ်စေ ထိတွေ့ဆက်ဆံကြဖို့ လိုအပ်ပါတယ်။
အပြန်အလှန် မှီခိုနေထိုင်ကြရတဲ့ ယနေ့ကမ္ဘာကြီးမှာ ငြိမ်းချမ်းမှုကို ရှေးရှုတဲ့ယဉ်ကျေးမှုတစ်ရပ်ကို
တိုးမြှင့်ဖော်ထုတ်ခြင်း နည်းလမ်း ဖြင့်သာ မတူကွဲပြားတဲ့ လူမှု အသိုက်အဝန်းများအကြားမှာ
သဟဇာတဖြစ်မှုကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဟာ ဒင်္ဂါးတစ်ခုရဲ့ မျက်နှာ နှစ်ဖက်သဖွယ် အပြန်အလှန် ဒွန်တွဲလျက်ရှိပြီး စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက် တစ်ခု ဖြစ်တယ်ဆိုတာ အထွေအထူး ရှင်းပြရန် လိုအပ်မယ်လို့ မထင်ပါ။ ထို့ပြင် ငြိမ်းချမ်းမှုတည်တံ့ခိုင်မြဲခြင်း ဆိုတာဟာ ပဋိပက္ခ သို့မဟုတ် စစ်ပွဲများ မရှိရုံ သက်သက်မျှသာ မဟုတ်ပါ။ ငြိမ်းချမ်းရေးဆိုသည်မှာ အင်အားသုံး ဖော်ဆောင်ရတဲ့ ယာယီ အခြေအနေတစ်ရပ် မဟုတ်ဘဲ လူသား တစ်ဦးချင်း၊ မိသားစုတစ်စုချင်းနဲ့ လူ့အဖွဲ့အစည်းတစ်ခုစီတို့ရဲ့ အတွင်းစိတ်နှလုံးမှ ပေါက်ဖွားလာတဲ့ အပြုသဘောအင်အားတွေ ဖြစ်ပါတယ်။ သုတေသီတွေရဲ့အဆိုအရ လူသားတွေဟာ မေတ္တာ၊ ကရုဏာ ပွားများဖို့ တိုက်တွန်းသူ တွေထက် အမုန်းတရား ဖြန့်ဝေ သယ်ဆောင်သူတွေရဲ့ စကားအပေါ် ပိုမိုနားယောင် လွယ်တတ် ကြတာကို တွေ့ရှိရပါတယ်။
ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဟာ ဒင်္ဂါးတစ်ခုရဲ့ မျက်နှာ နှစ်ဖက်သဖွယ် အပြန်အလှန် ဒွန်တွဲလျက်ရှိပြီး စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက် တစ်ခု ဖြစ်တယ်ဆိုတာ အထွေအထူး ရှင်းပြရန် လိုအပ်မယ်လို့ မထင်ပါ။ ထို့ပြင် ငြိမ်းချမ်းမှုတည်တံ့ခိုင်မြဲခြင်း ဆိုတာဟာ ပဋိပက္ခ သို့မဟုတ် စစ်ပွဲများ မရှိရုံ သက်သက်မျှသာ မဟုတ်ပါ။ ငြိမ်းချမ်းရေးဆိုသည်မှာ အင်အားသုံး ဖော်ဆောင်ရတဲ့ ယာယီ အခြေအနေတစ်ရပ် မဟုတ်ဘဲ လူသား တစ်ဦးချင်း၊ မိသားစုတစ်စုချင်းနဲ့ လူ့အဖွဲ့အစည်းတစ်ခုစီတို့ရဲ့ အတွင်းစိတ်နှလုံးမှ ပေါက်ဖွားလာတဲ့ အပြုသဘောအင်အားတွေ ဖြစ်ပါတယ်။ သုတေသီတွေရဲ့အဆိုအရ လူသားတွေဟာ မေတ္တာ၊ ကရုဏာ ပွားများဖို့ တိုက်တွန်းသူ တွေထက် အမုန်းတရား ဖြန့်ဝေ သယ်ဆောင်သူတွေရဲ့ စကားအပေါ် ပိုမိုနားယောင် လွယ်တတ် ကြတာကို တွေ့ရှိရပါတယ်။
ပဋိပက္ခတွေရဲ့ အခြေခံအကြောင်းရင်းဟာ နာကျင်စေလိုခြင်းနဲ့
ဖျက်ဆီးလိုခြင်းကို ဦးတည် ဆောင်ရွက်တဲ့ မကောင်းသော စိတ်ဆန္ဒဖြစ်ပြီး၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့်
ပဋိပက္ခဖြစ်ပေါ်မယ့် လမ်းစကို ပွင့်သွားစေမှာ ဖြစ်ပြီး အဲဒီကမှ တစ်ဆင့် အမုန်းတရားနှင့်
အကြောက်တရား အဆိုးသံသရာစက်ဝန်းကို အမြဲတမ်း အသစ်တစ်ဖန် ဖြစ်ပေါ်လာစေပြီး ငြိမ်းချမ်းရေးအလင်းရောင်ကို
မှေးမှိန်စေပါတယ်။
ဒီအဆိုးသံသရာစက်ဝန်းကို ဖောက်ထွက်ပြီး ငြိမ်းချမ်းရေးအတွက်
မျှော်လင့်ချက် ပြန်လည် ထွန်းတောက်လာစေဖို့အတွက် မိမိတို့အနေနဲ့ လူ့သဘာဝရဲ့ ကောင်းမွန်သော
စရိုက် လက္ခဏာများ ရှင်သန်လာစေရန် ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ ယဉ်ကျေးမှုတစ်ရပ်ကို တည်ဆောက်သွားကြဖို့
လိုအပ် ပါတယ်။ ထို့ပြင် အပြန်အလှန်လေးစားမှုနဲ့နားလည်မှုကို ပိုမိုမြှင့်တင်ဖို့သာမက
ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှာ ခိုင်မာစွာ ဆက်လက်တည်ရှိနေစေဖို့အတွက် မိမိတို့ရဲ့
ကိုယ်ပိုင် စွမ်းရည်တွေ အပေါ် ယုံကြည်မှု ပိုမိုရှိဖို့ ကြိုးပမ်းသွားကြဖို့လည်း လိုအပ်ပါတယ်။ငြိမ်းချမ်းရေး
ဟာ မိမိတို့အားလုံးရဲ့ ပစ္စုပ္ပန်ကာလအတွက်သာမကဘဲ အချိန်ကာလ တစ်လျှောက်လုံးအတွက် မရှိမဖြစ်အရေးပါတဲ့
လိုအပ်ချက်တစ်ရပ်ဖြစ်ပြီး နိုင်ငံအချို့အတွက် သာမဟုတ်ဘဲ နိုင်ငံအားလုံးအတွက် လိုအပ်ချက်လည်း
ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ နီပေါနိုင်ငံတို့ကဲ့သို့ ငြိမ်းချမ်းရေးကင်းမဲ့မှုရဲ့ အကျိုးဆက်တွေကို
ကြီးမားစွာ ခံစားခဲ့ကြရတဲ့ နိုင်ငံတွေအနေနဲ့ “အပြန်အလှန် မှီခိုမှု၊ အကျိုးတူ သာယာ ဝပြောမှုနှင့်
ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများကို အလေးထားပြီး မျက်မှောက်ကာလမှာ မိမိတို့ ရင်ဆိုင် ကြုံတွေ့နေကြရတဲ့
စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းကြရေး” ဆိုတဲ့ ယခု ကျင်းပတဲ့ အာရှ-ပစိဖိတ် ထိပ်သီးအစည်း
အဝေးရဲ့ ခေါင်းစဉ်ပါအချက်များကို အလေးအနက် သိရှိနားလည် ကြပါတယ်။ ဖော်ပြခဲ့တဲ့ မဏ္ဍိုင်ကြီး
၃-ရပ် အတွက် အခြေခံ လိုအပ်ချက်ကတော့ မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်ရေး ဖြစ်ပါတယ်။ ငြိမ်းချမ်းပြီး
ဖွံ့ဖြိုးတိုးတက်တဲ့ ကမ္ဘာကြီး ဖြစ်ထွန်းလာစေရေးအတွက် အဆိုပါ မဏ္ဍိုင်များကို တစ်စုတစ်စည်းတည်း
မိတ်ဖက်များ အဖြစ် ပေါင်းစည်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
မိတ်ဖက်ပြုဆောင်ရွက်ခြင်းဟာ သဘောထားတူညီမှုရှိသူများအကြား
ဆက်ဆံရေးပင် ဖြစ်ပါတယ်။ အပြန်အလှန်မှီခိုမှုဟာ သီးခြားလွတ်လပ်မှုကို ဆန့်ကျင်ခြင်းမဟုတ်ဘဲ
တန်းတူညီမျှ လွတ်လပ်မှုရှိတဲ့ အဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်မှုရဲ့ ရလဒ်ဖြစ်ပြီး
တစ်ဦးနဲ့တစ်ဦး ပူးပေါင်းဆောင်ရွက်ခြင်းဟာ နှစ်ဦးဆောင်ရွက်ခြင်းထက်ပိုသော အကျိုးရ လဒ်
ရရှိလာစေနိုင်တဲ့ အချက်ကို လက်ခံခြင်းပင် ဖြစ်ပါတယ်။
အကျိုးတူသာယာဝပြောခြင်းဟာ မိတ်ဖက်များ အားလုံးရဲ့
အကျိုးစီးပွားအတွက် အတူတကွ ဆောင်ရွက်ရေးနဲ့ ယင်းသို့ ပူးပေါင်းဆောင်ရွက်မှုမှ ရရှိလာတဲ့
အသီးအပွင့်များအား မျှဝေခံစားရေးဆိုတဲ့ အယူအဆကို လက်တွေ့အသုံးချ ဆောင်ရွက်ရာမှ ပေါ်ထွက်လာခြင်း
ဖြစ်ပါတယ်။ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးထားမှုစံနှုန်းတွေဟာ စစ်မှန်တဲ့မိတ်ဖက်ပြုမှု ပေါက်ဖွားစေမယ့်
မျိုးစေ့သာမက ကောင်းမွန်စွာ မိတ်ဖက်ပြုဆောင်ရွက်ခြင်းမှ ရှင်သန်ပေါက်ဖွားလာစေမယ့် အသီးအပွင့်
များလည်း ပေါင်းစပ်ပါဝင်ပါတယ်။ ဒီကနေ့ ကမ္ဘာကြီးမှာ ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးထားမှုစံနှုန်းတွေကို
နေရာပေးမှု မရှိတော့တဲ့ အနေအထားမှာ ရှိနေပြီး ချမ်းသာကြွယ်ဝမှုနဲ့ သြဇာ ကတ္တိမ မရှိကြတဲ့
နိုင်ငံတွေရဲ့ လိုအပ်ချက် တွေနဲ့အကန့်အသတ်ရှိမှုတွေကို အလေးပေးစဉ်းစားခြင်းမရှိဘဲ အင်အားကြီး
နိုင်ငံတွေကသာ စံနှုန်းတွေကို သတ်မှတ် ပြဋ္ဌာန်းလာတာကို တွေ့မြင်ရပါတယ်။
မည်သူမှ အငြင်းမပွားနိုင်တဲ့ တစ်ကမ္ဘာလုံးနဲ့
ဆီလျော်မှုရှိတဲ့ တန်ဖိုးထားမှုစံနှုန်းတွေဟာ ရှိနှင့်ပြီး ဖြစ်ပါတယ်။ ဥပမာအား ဖြင့် ဗြဟ္မစိုရ်
တရားလေးပါး ဖြစ်ပါတယ်။ မြတ်စွာဘုရား ဖွားမြင် တော်မူရာ ဒေသဖြစ်တဲ့ နီပေါနိုင်ငံက ပြည်သူတွေ
သိကြပြီးဖြစ်တဲ့အတိုင်း ဗြဟ္မဝိဟာရ တရားတွေဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တို့ဟာ
ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်း ဆောင်ရွက်မှုနဲ့ အပြုသဘော ဆောင်တဲ့ မိတ်ဖက်ပြုမှု တို့ကို
ကာလဒေသမရွေး ဖော်ဆောင်ပေးနိုင်တဲ့ စံနှုန်းတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ မိမိတို့ဆက်ခံခဲ့ရတဲ့
ပျော်ရွှင်ချမ်းမြေ့မှုကင်းမဲ့ပြီး ရှုပ်ထွေးခက်ခဲတဲ့ အခြေအနေများမှ ငြိမ်းချမ်းရေးနဲ့
ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးဖော်ဆောင်နိုင်ရေး အတွက် ကြီးမားလေးလံတဲ့တာဝန်ကို
ထမ်းရွက်နေရချိန်ဖြစ်ပါတယ်။
ယင်းသို့သောအချိန်ကာလတွင် ယနေ့ ကြုံတွေ့နေကြရတဲ့
အရေးပါတဲ့ စိန်ခေါ်မှုများကို ငြိမ်းချမ်းရေးအတွက် တန်းတူ မိတ်ဖက်ပြု ဆောင်ရွက်ရေးအပေါ်
မိမိတို့နဲ့ ယုံကြည်ချက်ချင်းတူညီတဲ့ မိတ်ဆွေစစ်များ ရရှိမည့် အခွင့်အလမ်း များအဖြစ်
ရှုမြင်ထားပါတယ်။
ယခုကျင်းပတဲ့ ဖိုရမ်ကနေပြီး တစ်ဦးနဲ့တစ်ဦးအကြား ထိတွေ့ ဆက်ဆံမှုတွေ ရှိလာပြီး ယနေ့ခေတ်ကာလရဲ့ အရေးကြီး တဲ့ စိန်ခေါ်မှုတွေကို အပြုသဘောနဲ့ ပေါင်းစည်းဖြေရှင်းနိုင်မယ့် နည်းလမ်းများ ရှာဖွေနိုင်မယ့် အခွင့်အလမ်းများ ဖြစ်ပေါ်လာစေ မယ်လို့ ယုံကြည်ပါတယ်။
ယခုကျင်းပတဲ့ ဖိုရမ်ကနေပြီး တစ်ဦးနဲ့တစ်ဦးအကြား ထိတွေ့ ဆက်ဆံမှုတွေ ရှိလာပြီး ယနေ့ခေတ်ကာလရဲ့ အရေးကြီး တဲ့ စိန်ခေါ်မှုတွေကို အပြုသဘောနဲ့ ပေါင်းစည်းဖြေရှင်းနိုင်မယ့် နည်းလမ်းများ ရှာဖွေနိုင်မယ့် အခွင့်အလမ်းများ ဖြစ်ပေါ်လာစေ မယ်လို့ ယုံကြည်ပါတယ်။
ငြိမ်းချမ်းရေး မြတ်နိုးသူများက အဆွေတော်တို့အား
အောင်မြင်စေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
ကျေးဇူး တင်ပါတယ်။
ကျေးဇူး တင်ပါတယ်။
Ref; Myanmar State Counsellor Office
No comments:
Post a Comment