မောင်တော
နိုဝင်ဘာ ၂၈
မောင်တောမြို့၌ ရောက်ရှိနေသော ပြည်တွင်းပြည်ပ
သတင်းဌာန ၈ ခုမှ သတင်းသမားများသည် ယနေ့နံနက်ပိုင်းတွင် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းသို့
ရောက်ရှိကြပြီး စခန်းအတွင်း ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေကို လှည့်လည်ကြည့်ရှု သတင်း
ရယူကြသည်။
သတင်းမီဒီယာအဖွဲ့သည် စတင်ဝင်ရောက်မည့်
နေရာဖြစ်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား၊ ကနဦး စစ်ဆေးမည့်နေရာ၊
မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့ဖူးခြင်း ရှိ/မရှိ စစ်ဆေးမည့်နေရာ၊ ဓာတ်ပုံ မှတ်တမ်းတင်မည့်
နေရာ၊ အိမ်ထောင် စုစာရင်းပြုလုပ်ပေးမည့်နေရာ၊ Biometric မှတ်တမ်းတင်မည့်နေရာ၊
National Verification ကတ်ပြုလုပ်ပေးမည့်နေရာ၊ ကျန်းမာရေး စစ်ဆေးမည့်နေရာ၊ ထောက်ပံ့
ပစ္စည်းများ ပေးအပ်မည့်နေရာနှင့် ၀င်ရောက်လာသူများ နေထိုင်ရန် တည်းခိုဆောင်များ ဆောက်လုပ်ထားမှု
တို့ကို လှည့်လည်ကြည့်ရှု သတင်းရယူကြသည်။
ထို့နောက် သတင်းမီဒီယာအဖွဲ့သည် တောင်ပြိုလက်ဝဲ
ပြန်လည်လက်ခံရေး စခန်း တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးထွန်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်တို့နှင့် တွေ့ဆုံ၍ လူဝင်မှု
ကြီးကြပ်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ပြန်လည်လက်ခံရေး၊
ပြန်လည်နေရာ ချထားရေး အတွက် ဆောင်ရွက်ထားမှု အခြေအနေတို့ကို မေးမြန်း သတင်းရယူကြသည်။
ယင်းနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ
နယ်နိမိတ်မျဉ်းအနီးတွင် နေထိုင်နေကြသည့် နေရပ်စွန့်ခွာ သူများအား တွေ့ဆုံကာ လက်ရှိ
နေထိုင်စားသောက်မှု အခြေအနေ၊ နေထိုင်သည့် လူဦးရေ၊ ကူညီထောက်ပံ့မှု အခြေအနေ၊ NV ကတ်ပြုလုပ်မည့်အပေါ်
၎င်းတို့၏ သဘောထားအမြင်၊ နေရပ်စွန့်ခွာခြင်းနှင့် နေရပ်သို့ ပြန်လည်မ၀င်ရောက်ရသည့် အကြောင်းရင်း
တို့ကို မေးမြန်း သတင်း ရယူကြသည်။
ယင်းနောက် သတင်းမီဒီယာအဖွဲ့သည် မင်းကြီးကျေးရွာသို့
ရောက်ရှိပြီး နေအိမ်များ ဆောက်လုပ်ပေး ထားမှု အခြေအနေကို လှည့်လည်ကြည့်ရှုလေ့လာကာ ကျေးရွာ
အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံ၍ ကျေးရွာနေ ပြည်သူများ၏ နေထိုင်စားသောက်မှုနှင့် ကူညီ
ထောက်ပံ့ပေးမှု အခြေအနေ၊ ကျေးရွာရှိ လူဦးရေနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို
မေးမြန်းသတင်း ရယူကြသည်။
သတင်းမီဒီယာအဖွဲ့သည် ညပိုင်းတွင် စစ်တွေမြို့မှ
တစ်ဆင့် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြသည်။
သတင်းမီဒီယာအဖွဲ့များ ရခိုင်ပြည်နယ် မောင်တောဒေသသို့
သွားရောက် သတင်း ရယူမှုအနေဖြင့် ယခုအကြိမ်နှင့် ဆိုလျှင် စုစုပေါင်း ၂၉ ကြိမ် ရှိသွားပြီဖြစ်ပြီး
၂၀၁၆ ခုနှစ်တွင် ၁ ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ၈ ကြိမ်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကုန် အထိ
၆ ကြိမ်နှင့် ၂၀၁၈ ခုနှစ် မတ်လမှ စတင်၍ ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ရေး
ကော်မတီ၏ အစီအစဉ်ဖြင့် တစ်လလျှင် နှစ်ခေါက်နှုန်းဖြင့် ၁၄ ကြိမ် ဖြစ်ကြောင်း သိရှိရသည်။
ကျော်သူထက်
No comments:
Post a Comment