Tuesday, November 27, 2018

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ



နေပြည်တော် ၂၆ နိုဝင်ဘာ
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်း အမှတ်အခမ်းအနား ကို ယနေ့နံနက်(၉) နာရီခွဲတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ လွှတ်တော်ကိုယ် စားလှယ်များ၊ ဌာနဆိုင် ရာများမှ အရာရှိကြီးများ၊ နိုင်ငံခြားသံရုံးများမှသံသမန်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အမျိုးသမီးအရေးကို တက်ကြွစွာဆောင်ရွက်နေ သော အရပ်ဘက် လူမှုအဖွဲ့စည်းများမှ တာဝန်ရှိသူများ၊ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်က မြန်မာနိုင်ငံလူဦးရေ ၏ ထက်ဝက် ကျော်ကို ကိုယ်စားပြုသော မြန်မာအမျိုးသမီးများအား အကြမ်းဖက်မှုများကို ကြိုတင် ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက် ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ကမ္ဘာလုံး ဆိုင်ရာစာရင်းများအရ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာနှင့် အိမ်တွင်း အကြမ်း ဖက်ခံ ရသော အမျိုးသမီးနှင့် ကလေးငယ်များမှာ လူ(၃)ဦး လျင် (၁)ဦးနှုန်း ဖြစ်ပွား လျက်ရှိသဖြင့် (၃၅)ရာခိုင် နှုန်းရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် ကျန်းမာရေးစစ်တမ်းကောက်ယူမှု (Demographic Health Survey- DHS) စာရင်းအရ အကြမ်းဖက် ခံရသူ အမျိုးသမီးများနှင့် ကလေးငယ်များမှာ လူ(၇)ဦးလျင် (၁)ဦးနှုန်း ဖြင့် (၁၅)ရာ ခိုင် နှုန်းရှိသည်ကို တွေ့ရပါကြောင်း၊ အမျိုးသမီးဦးရေ (၁)သိန်းတွင် (၂၈၂)ဦး အသက် ဆုံးရှုံး လျက်ရှိပါကြောင်း၊ ယခု အခါ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားဖြစ် သည့် မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီကို လက်ရှိနိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ ဆက်စပ်ဝန်ကြီး ဌာနများအပြင် အမျိုး သမီးအရေးကို တက်ကြွစွာ ဆောင်ရွက်နေသော အရပ်ဘက် လူမှုအဖွဲ့အစည်း (၇)ဖွဲ့ဖြင့် အသစ်ပြန် လည် ဖွဲ့စည်းခဲ့ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အမျိုးသမီးများအား နည်း မျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှုပပျောက်ရေး ကုလသမဂ္ဂကွန်ဗန်းရှင်း (CEDAW) အကြံပြုသုံး သပ်ချက်အရ အကြမ်းဖက်ခံရသော အမျိုးသမီးများနှင့် အမျိုးသမီး ငယ်ရွယ်များအတွက် နားခိုရာနေရာများနှင့် ဝန်ဆောင်မှုများအား ပံ့ပိုး ဆောင်ရွက်ပေး နိုင်ရန်အတွက် One Stop Women Support Center(OSWSC)ကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ မော်လမြိုင်မြို့နှင့် လားရှိုးမြို့တို့တွင် ဖွင့်လှစ် ထားရှိပါကြောင်း၊ ရုပ်မြင်သံကြား အစီအစဉ်များ၊ ရေဒီယိုများ၊ သတင်းစာများတွင် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး အစီအစဉ်များ ဆောင်ရွက်နေသော်လည်း ထိထိ ရောက်ရောက် ဆောင်ရွက်သွား ရန်လိုအပ်နေသေးကြောင်း၊ ထို့အပြင် အရေးပေါ်အခြေအနေများဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားချိန်တွင် အကြမ်းဖက်ခံရမှုများကြောင့် အများဆုံးထိခိုက် ခံစားရသူများမှာ မိခင်နှင့် ကလေးများ အများဆုံး ဖြစ်ကြသကဲ့သို့ မျိုးဆက်ပွား ကျန်းမာရေး ပြဿနာများကြောင့်လည်း အမျိုးသမီး များမှာအများဆုံးထိခိုက်ခံစားရသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံဒေသတွင်း အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ စီမံချက် ရေးဆွဲခြင်းနှင့် အာဆီယံဒေသတွင်း နိုင်ငံများအကြား လုပ်ငန်းများပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ United Nations Resident Coordinator, Mr. Knut Ostby မှ အမှာစကားပြောကြားပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေး မှတ်တမ်းဗီဒီယို ပြသသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်စေရေး အတွက် ကတိကဝတ်များကို လူငယ်များ ဖန်တီး ထား သော သစ်ပင်တွင် ချိတ်ဆွဲပေးကြသည်။ဆက်လက်၍ နိုင်ငံတော်အစိုးရမှ အမျိုးသမီးများ အကြမ်းဖက်ခံရမှု အပေါ်တုန့်ပြန် ဆောင်ရွက်ပေးမှုအ‌ခြေအနေများ၊ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ ကျား မရေးရာ ကဏ္ဍအပေါ် ဘတ်ဂျက်သုံးစွဲရန် လျာထားမှုများ ထားရှိသွားရန် လူမှုဝန် ထမ်းဦးစီးဌာနမှ ဦးဆောင်၍ တက်ရောက်လာသူများက ဆွေးနွေးကြသည်။
၂၀၁၈ ခုနှစ် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ (၁၆)ရက်တာ လှုပ်ရှားမှုကို နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ ကျင်းမည်ဖြစ်ပြီး အဆိုပါလှုပ်ရှားမှု၏ ဆောင်ပုဒ်မှာ “ အကြမ်းဖက်မှုပပျောက်ရေး အမျိုးသမီးများ အသံ နား ထောင်ပေး” ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment