ကောင်းစည်သူ
မြန်မာနိုင်ငံတစ်နိုင်ငံလုံး နယ်ချဲ့၏
ကျွန်ဘဝသို့ ရောက်ရှိခဲ့သည့် ၁၈၈၅ ခုနှစ်မှစ၍ မြန်မာတိုင်းရင်း သားများသည် အမိနိုင်ငံ
လွတ်လပ်ရေးပြန်လည်ရရှိရေးအတွက် လက်ရုံးရည်၊ နှလုံးရည်အင်အားများဖြင့် နည်းမျိုးစုံတိုက်ပွဲ
ဝင်ခဲ့ကြသည့်အနက် လွတ်လပ်ရေးမရရှိမီ အမျိုးသားအောင်ပွဲတစ်ရပ်ကို ဆင်နွှဲနိုင်ခဲ့ သည်မှာ
ယခုအချိန်တွင် နှစ် ၁ဝဝ ပြည့်တော့မည် ဖြစ်ပေ သည်။
တစ်ပါးနိုင်ငံ၏ လက်အောက်တွင် နေခဲ့ရစဉ်
အမျိုးသား ရေး စိတ်ဓာတ်ပြင်းထန်စွာ တိုက်ပွဲဝင်ခဲ့သည့် အမျိုးသား ပညာရေး လှုပ်ရှားမှုကြီးသည်
မြန်မာ့သမိုင်းတွင် မည်သည့် အခါမှ မေ့ပျောက်နိုင်မည်မဟုတ်သော အမျိုးသား အောင်ပွဲနေ့
အဖြစ် မှတ်တမ်းဝင်ခဲ့ရာ ယင်းနေ့သည် နှစ်စဉ် တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက်ဖြစ်ပေသည်။
▲▲အမျိုးသားအောင်ပွဲနှင့် ရန်ကုန်တက္ကသိုလ်▲▲
နယ်ချဲ့တို့သည် မြန်မာနိုင်ငံကို အနိုင်ကျင့်သိမ်းပိုက်ခဲ့ပြီး
နိုင်ငံရေးဖိနှိပ်မှု၊ စီးပွားရေး လက်ဝါးကြီးအုပ်မှုများကို ပြုလုပ် ခဲ့သည်။ အမျိုးသားယဉ်ကျေးမှုကို
မြတ်နိုးတန်ဖိုးထားစေ သည့် မြန်မာ့ပညာရေးစနစ်ကို နှိမ့်ချခဲ့သည်။ ဗြိတိသျှ အစိုးရသည်
မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးချိန်မှစ၍ အဆင့်မြင့်ပညာရပ်များသင်ယူနိုင်မည့် တက္ကသိုလ်
များကို ဖွင့်လှစ်ပေးခြင်းမပြုဘဲ ရန်ကုန်မြို့၌ ရန်ကုန်ကောလိပ်ကိုသာ ဖွင့်ခဲ့သည်။ ရန်ကုန်ကောလိပ်နှင့်အပြိုင်
ဂျပ်ဆင်ကောလိပ်ကို အမေရိကန်သာသနာပြုအဖွဲ့က ဖွင့်လှစ်ခဲ့သည်။ အစိုးရက ယင်းကောလိပ်များတွင်
တက်ရောက်သည့် ကျောင်းသားများ အား ကာလကတ္တားတက္ကသိုလ်က ကျင်းပသည့်စာမေးပွဲကို ဖြေဆိုစေ
ခဲ့သည်။
နယ်ချဲ့တို့သည် ရန်ကုန်တက္ကသိုလ်မဖွင့်မီ
၁၈၇၈ ခုနှစ် တွင် အောက်မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကာလကတ္တား တက္ကသိုလ် လက်အောက်ခံ တက္ကသိုလ်ပညာရေး
စနစ်တစ်ခုကို စတင်ကျင့်သုံးခဲ့သည်။ ယင်းစနစ်အရ First Arts ဟု ခေါ်ဆို သည့် ဥပစာတန်းစာမေးပွဲကို
မြန်မာနိုင်ငံမှ ဖြေဆိုလိုသူများ အား အိန္ဒိယနိုင်ငံ ကာလကတ္တားတက္ကသိုလ်သို့ သွားရောက်
ဖြေဆိုစေခဲ့သည်။ စာမေးပွဲဝင်ရောက်ဖြေဆိုလိုသူ များကို ရန်ကုန်အ စိုးရအထက်တန်းကျောင်း(ယခု
လသာ အထက- ၁)တွင် တက္ကသိုလ်အဆင့် စာပေများကို ပို့ချပေးခြင်းဖြင့် တက္ကသိုလ်ပညာရေးစနစ်ကို
စတင်ခဲ့သည်။
၁၈၈၄-၁၈၈၅ ခုနှစ်တွင် ဗြိတိသျှအစိုးရက
ရန်ကုန် အထက်တန်းကျောင်းကို ရန်ကုန်ကောလိပ်အမည်ဖြင့် ဖွဲ့စည်း ကာ မြန်မာနိုင်ငံပညာရေး
ဆင်ဒီကိတ်အဖွဲ့က စီမံအုပ်ချုပ်ခဲ့ သည်။ ရန်ကုန်ကောလိပ်၏ ပထမဆုံးကျောင်းအုပ်ကြီးအဖြစ်
မစ္စတာ ဂျေအိတ်ခ်ျဂီးလ်ဗတ်(J.H.Gilbert) က တာဝန်ယူခဲ့ သည်။ ၁၉ဝ၄ ခုနှစ်တွင် ရန်ကုန်ကောလိပ်
စီမံအုပ်ချုပ်မှုများကို အစိုးရက တာဝန်ယူခဲ့ပြီး ရန်ကုန်အစိုးရကောလိပ်ဟု လူသိ များခဲ့သည်။
ရန်ကုန်မြို့ရှိ အမေရိကန်သာသနာပြုအဖွဲ့သည်
မြန်မာ နိုင်ငံမှ ကျောင်းသားများ ကာလကတ္တားတက္ကသိုလ်တွင် ပညာ သွားရောက်သင်ယူနိုင်ရန်
၁၈၉၄ ခုနှစ်တွင် ကူရှင်ကျောင်း၌ ဥပစာတန်းကို ဖွင့်လှစ်ခဲ့သည်။ ရန်ကုန်ကောလိပ်ကို အစိုးရက
တာဝန်ယူခဲ့ချိန်တွင် အမေရိကန်သာသနာပြုအဖွဲ့သည် ဂျပ်ဆင်ကောလိပ်ကို ဖွင့်လှစ်ခဲ့ကာ ၁၉၁၈
ခုနှစ်တွင် အမေရိ ကန် သာသနာပြုပုဂ္ဂိုလ် ဒေါက်တာဂျပ်ဆင်ကို ဂုဏ်ပြုသော အားဖြင့် ဂျပ်ဆင်ကောလိပ်
(ယုဒသန်ကောလိပ်) ဟု အမည် ပေးခဲ့သည်။
ရန်ကုန်ကောလိပ်သည် ကာလကတ္တားတက္ကသိုလ်၏
ကြီးကြပ်မှုအောက်တွင်ရှိခဲ့သဖြင့် မြန်မာတိုင်းရင်းသားများ သည် သီးခြားလွတ်လပ်သောတက္ကသိုလ်ဖြစ်လာစေရန်
၁၈၉၂ ခုနှစ်မှစ၍ လှုံ့ဆော်မှုများကို ပြုလုပ်ခဲ့သဖြင့် ၁၉၁၃ ခုနှစ်တွင် အိန္ဒိယအစိုးရက
ရန်ကုန်မြို့တွင် သီးခြားတက္ကသိုလ် တည် ထောင်မည့် မူဝါဒချမှတ် ထားကြောင်း ဗြိတိသျှ အောက်လွှတ်တော်
တွင် ပြောကြားခဲ့သည်။
ဗြိတိသျှအစိုးရသည် ပညာမင်းကြီး မစ္စတာမက်သယူး
ဟန်တား(Mr. Mathew Hunter) ဦးစီးသည့် အဖွဲ့ဝင် ၃ဝ ပါဝင်သည့် ယူနီဗာစီတီ အက်ဥပဒေရေးဆွဲရေးကော်မတီကို
၁၉၁၈ ခုနှစ် ဇွန်လတွင်ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီတွင် မြန်မာလူမျိုးအဖွဲ့ဝင်များအဖြစ်
ဝိုင်အမ်ဘီအေမှ ဝတ်လုံ တော်ရ ဦးမေအောင်၊ ဦးမောင်ကြီး (အမ်အေ)၊ ဦးဘဖေ (ဘီအေ)၊ ဦးကွမ်း
(ဘီအေ)ပုသိမ်၊ ဦးဘလှိုင် (ဘီအေ) နှင့် ဦးအမ်အုံးခိုင်တို့ ခြောက်ဦးသာပါရှိခဲ့သည်။
ဝိုင်အမ်ဘီအေ ကိုယ်စားလှယ်များက ဝိဇ္ဇာသိပ္ပံပညာ
ရပ်များသင်ကြားသည့် ကောလိပ်များကို ဆက်သွယ်နိုင်မည့် တက္ကသိုလ်တစ်ခု ထူထောင်ရန်ကို ထောက်ခံခဲ့ကြသော်လည်း
မစ္စတာမက်သယူးဟန်တား ဦးဆောင်သော ကော်မတီဝင်အများ စုက ကောလိပ်တစ်ခုသာပါဝင်သည့် သိပ္ပံယူနီဗာစီတီကို
ထူထောင်ရန် တက္ကသိုလ်ဥပဒေကို ရေးဆွဲခဲ့သည်။
၁၉၂ဝ ပြည့်နှစ် စက်တင်ဘာလတွင် မြန်မာပြည်
ဥပဒေ ပြုကောင်စီက ရန်ကုန်တက္ကသိုလ်ဥပဒေကြမ်းကို အတည်ပြုခဲ့ပြီး ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ
၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ပေါ်ထွန်းလာခဲ့သည်။ ရန်ကုန် တက္ကသိုလ်ကို ရန်ကုန် တက္ကသိုလ်
ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်ဟု ဖွဲ့စည်းခဲ့သည်။ တက္ကသိုလ် စတင် ဖွင့်ခဲ့စဉ် ရန်ကုန်တက္ကသိုလ်ကောလိပ်တွင်
သင်တန်းသား ၆၉၂ ဦးနှင့် ဂျပ်ဆင်ကောလိပ်တွင် သင်တန်းသား ၁၃၇ ဦး တက် ရောက်ခဲ့ကြသည်။
ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး အဓိပတိသည် မြန်မာပြည်ဘုရင်ခံ ဆာရယ် ဂျီနယ်ခရက်ဒေါက် (Sir
Reginald Craddock) ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ အဆောက် အအုံကို ၁၉၂၂
ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်အဓိပတိ ဆာရယ်ဂျီနယ် ခရက်ဒေါက်က အုတ်မြစ်ချပေးပြီး
စတင်တည်ဆောက်ခဲ့သည်။
▲▲အမျိုးသားရေးလှုပ်ရှားမှု▲▲
မြန်မာပြည်သူများသည် ရန်ကုန်မြို့တွင်
တက္ကသိုလ်တစ်ခု ထူထောင်ပေးခြင်းကို ကျေနပ်ကြသော်လည်း တက္ကသိုလ် အက်ဥပဒေပါ ပြဋ္ဌာန်းချက်အချို့ကို
ကျေနပ်မှုမရှိခဲ့ကြချေ။ တက္ကသိုလ်အက်ဥပဒေသည် နယ်ချဲ့တို့၏ ကျွန်သက်ရှည်ရေး စီမံချက်၊
ကျွန်ပညာရေးစနစ်သာဖြစ်သဖြင့် တက္ကသိုလ် အက်ဥပဒေကိုပြင် ဆင်ပေးရန် တောင်းဆိုခဲ့ကြသည်။
ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံတွင်
တက္ကသိုလ်တစ်ခုသာ ရှိရမည်၊ တက္ကသိုလ်၏ လက်အောက်တွင် ကောလိပ်ကျောင်း တစ်ခုသာရှိရမည်၊ ကောလိပ်ကျောင်း၌
ပညာသင်ယူလိုသူများ သည် ကျောင်းအိပ်ကျောင်းစားများဖြစ်ရမည်၊ တက္ကသိုလ်ဝင် စာမေးပွဲကို
မထားရှိတော့ဘဲ အစိုးရက ပြုလုပ်သည့် ဟိုက်စကူး ဖိုင်နယ်စာမေးပွဲကို အောင်မြင်ရမည်။ ဂုဏ်ထူးတန်းနှင့်
ဝိဇ္ဇာဘွဲ့ အတန်းများကို တစ်ကြိမ်ဖြေဆို၍ မအောင်မြင်လျှင် နောက်ထပ် ဖြေဆိုခွင့်မရှိ
စသည်ဖြင့်ကန့်သတ်ချက်များကို ထည့်သွင်း ရေးဆွဲခဲ့သည်။ ထို့အပြင် တက္ကသိုလ်သို့ ငွေကြေးတတ်နိုင်သူ
များ၏ သားသမီးများသာ တက်ရောက်နိုင်မည်ဖြစ်ပြီး သာမန် ပြည်သူများ၏ သားသမီးများတက်ရောက်ရန်
ငွေကြေးခက်ခဲမှုရှိ မည့် ပညာရေးစနစ်ဖြစ်လာခဲ့ပေသည်။
ထို့ကြောင့် ဥပဒေထွက်လာခဲ့သည်နှင့် သတင်းစာများက
ပြင်းထန်စွာ ဝေဖန်ခဲ့ကြကာ ဥပဒေကို ကန့်ကွက်ဆန့်ကျင်သော ဆောင်းပါးများကို ဖော်ပြခဲ့ကြသည်။
ပြည်သူများက ကျေနပ်မှုမရှိ သော်လည်း အစိုးရက ယင်းဥပဒေကို အတည်ပြုခဲ့သဖြင့် ရန်ကုန်၊
မ္တလေး၊ မော်လမြိုင်၊ ပုသိမ် စသည့်မြို့ကြီးများတွင် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
သို့တိုင်အောင် ဆာရယ်ဂျီနယ်ခရက်ဒေါက်က
ရန်ကုန် ယူနီဗာစီတီကို ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဖွင့်လှစ် မည်ဟု ကြေညာခဲ့ရာ
ကောလိပ်ကျောင်းသားများက ကန့်ကွက် စည်းဝေးပွဲပြုလုပ်၍ သံတွဲ ကိုဘဦးကို ခေါင်းဆောင်အဖြစ်
တင်မြှောက်ခဲ့သည်။ ဥပဒေကိုမပြင်ဘဲ ဆက်လက်လုပ်ဆောင်ပါ က ကျောင်းသားနှင့် ပြည်သူများပူးပေါင်း၍
လှုပ်ရှားမှု ပြုလုပ် မည်ဖြစ်ကြောင်း တောင်းဆိုခဲ့သဖြင့် တက္ကသိုလ်ဖွင့်မည့်ရက်ကို ဒီဇင်ဘာလ
၇ ရက်သို့ ရွှေ့ပြောင်းခဲ့သည်။
ရန်ကုန်ကောလိပ်ကျောင်းသား ၁၁ ဦးသည် ၁၉၂ဝ
ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရွှေတိဂုံစေတီတော် အနောက်တောင် ဘက်ရှိ စနေထောင့်တွင်
စည်းဝေးကြကာ အစိုးရအား သပိတ် မှောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်းရက်သည် မြန်မာဘုရင် သီပေါမင်းပါတော်မူခဲ့သည့်
(၃၅) နှစ်မြောက် ပါတော်မူနေ့ (တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်)ဖြစ်သည်။ သပိတ်မှောက်
ကျောင်းသားခေါင်းဆောင်များသည် ကိုဘဦး၊ ကိုဘရှင်၊ ကိုညီ ဝိတ်၊ ကိုဖိုးကွန်း၊ ကိုအေး၊
ကိုလှတင်၊ ကိုဖေသိန်း၊ ကိုထွန်းဝင်း၊ ကိုဘရှင်၊ ကိုဘခင်နှင့် ကိုအောင်ဒင်တို့ဖြစ်ကြသည်။
၁၉၂ဝ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်
ခေါင်းဆောင် ၁၁ ဦး၏ အမည်များ ရေးထိုးထားသည့် ကမ္ပည်း ကျောက်စာကို နှစ် ၅ဝ ပြည့် ရွှေရတု
အမျိုးသားအောင်ပွဲနေ့ ဖြစ်သည့် ၁၉၇ဝ ပြည့်နှစ် နိုဝင်ဘာလ ၂၃ ရက် တနင်္လာနေ့ (မြန်မာနှစ်
၁၃၃၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်) တွင် ရွှေတိဂုံစေတီတော်၏ ရင်ပြင်တော် စနေထောင့်၌
စိုက်ထူခဲ့သည်။ ကျောက်စာတွင် ကျောင်းသားခေါင်းဆောင် ၁၁ ဦး၏ အမည်များနှင့်အတူ ''ဤနေရာကား
မြန်မာနှစ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့က ရန်ကုန်ကောလိပ်ကျောင်းသားကြီး
၁၁ ဦးတို့ တွေ့ဆုံ၍ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာ အဓိဋ္ဌာန် ပြုသောနေရာပေတည်း''ဟု
သမိုင်းမော်ကွန်း ရေးထိုးခဲ့ပေသည်။
ရန်ကုန်တက္ကသိုလ်နှင့် ယုဒသန်ကောလိပ်မှ
ကျောင်း သား ၄ဝဝ ကျော်သည် ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီတွင် ဗဟန်း ရေတာရှည်လမ်းရှိ
ဦးအရိယကျောင်းတိုက်၌ တက္ကသိုလ် အက်ဥပဒေဖျက်သိမ်းရေး သပိတ်မှောက်ကြရန် ဆုံးဖြတ်ခဲ့ ကြသည်။
ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျောင်း သားကျောင်းသူများသည် ထပ်မံစုရုံးကြကာ ယူနီဗာစီတီ အက်ဥပဒေကို
လုံးဝကန့်ကွက်ကြောင်း သပိတ်မှောက်ခဲ့ ကြသည်။
၁၉၂ဝ ပြည့်နှစ် ပထမကျောင်းသား သပိတ်သည်
နယ်ချဲ့ လက်အောက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ပညာရေး လှုပ်ရှား မှုကြီးအဖြစ် သမိုင်းတင်ခဲ့သည်။
ရန်ကုန်မြို့ရှိ အထက်တန်း ကျောင်းသူကျောင်းသားများ
ကလည်း သပိတ်တိုက်ပွဲကို ထောက်ခံကာ ဗဟန်း သပိတ်စခန်း သို့ လာရောက်ခဲ့ကြပြီး မြို့လူထုက
ကူညီထောက်ခံခဲ့သည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ယူနီဗာ စီတီ သပိတ်မှောက် ကောင်စီကိုအဖွဲ့ဝင်
၁၅ ဦး ထပ်တိုးကာ ၂၆ ဦးဖြင့် ဖွဲ့စည်းခဲ့ သည်။ နောက်တိုး အဖွဲ့ဝင်များတွင် နောင်အခါ၌
အာဇာနည် ခေါင်းဆောင်တစ်ဦးဖြစ်လာမည့် ကိုမြ(သခင်မြ) ပါဝင်ခဲ့ သည်။
ကောလိပ်အာဏာပိုင်များသည် သပိတ်တွင်ပါဝင်သည့်
ကျောင်းသားများအား ဒီဇင်ဘာလ ၂၃ ရက်နေ့အတွင်း ကျောင်းပြန်မတက်က ကျောင်းမှ ထုတ်ပယ်မည်ဟု
ကြေညာ ခဲ့ရာ သပိတ်မှောက်ကျောင်းသားများသည် မိမိတို့၏ အမည် စာရင်းများကို ကျောင်းသားစာရင်းမှ
အပြီးတိုင်ပယ်ထုတ်ရန် တုံ့ပြန်ခဲ့ကြသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဂျီစီဘီအေ အသင်းချုပ်ကြီးက
သပိတ်မှောက်ကျောင်းသားများကို အစိုးရကျောင်းများနှင့် အစိုးရအထောက်ပံ့ခံကျောင်းများသို့
ပြန်လည်မတက်ကြရန် တိုက်တွန်းနှိုးဆော်ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။
တက္ကသိုလ်အာဏာပိုင်များက တောင်းဆိုချက်များကို
လိုက်လျောမှုမရှိသဖြင့် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် နေ့ (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော်
၁ဝ ရက်)တွင် ကျောင်းသား ၅ဝဝ ကျော်က သပိတ်မှောက်ကြပြီး တောင်းဆိုချက် ၁၆ ရပ်ကို ကျောင်းသားများကိုယ်စား
ကျောင်းသား ခေါင်းဆောင် ကိုဘဦးက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
ကျွန်ပညာရေးစနစ်ကို ထူထောင်ခဲ့ရန် ကြိုးပမ်းခဲ့သည့်
ယင်းဥပဒေသည် တက္ကသိုလ်ပညာကို လူနည်းစုသာ သင်ယူ ခွင့်ရရှိမည့် ဥပဒေဖြစ်သဖြင့် ကန့်ကွက်ဆန့်ကျင်ကြောင်း
ကြွေးကြော်ဆန္ဒပြကြရာမှ တက္ကသိုလ် ကျောင်းသား သပိတ်ကြီး ပေါ်ပေါက်ခဲ့သည်။ ယင်းသပိတ်ကို
မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ ကျောင်းသား များက ထောက်ခံကြပြီး မျိုးချစ် ဝံသာနုပုဂ္ဂိုလ်များ၏
စေတနာသဒ္ဓါတရားများကြောင့် အမြို့မြို့ အနယ်နယ်တွင် အမျိုးသားကျောင်းများ ပေါ်ထွန်းလာခဲ့သည်။
အမျိုးသားကျောင်းများ ပေါ်ပေါက်လာခြင်းကြောင့်
မြန်မာစာပေ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ယဉ်ကျေးမှုတို့ကို လက်ဆင့်ကမ်းနိုင်ခဲ့ကာ အမျိုးသားရေးစိတ်ဓာတ်ခွန်အားများ
နိုးကြားရှင်သန်လာခဲ့ပြီး မြန်မာတစ်မျိုးသားလုံး လွတ်လပ်ရေး ပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်ခဲ့ကြသည်။
ပြည်သူများ အကြား၌ အမျိုးသားရေး စိတ်ဓာတ်ခွန်အားများ ဖြစ်ထွန်းလာ မှုသည် အမျိုးသားအောင်ပွဲ၏
အသက်ဖြစ်ခဲ့သည်။
၁၉၂၁ ခုနှစ်သြဂုတ်လတွင် ဗဟန်းရွှေကျင်ကျောင်းတိုက်
တွင် အမျိုးသားကောလိပ်ကို ဖွင့်လှစ်ခဲ့ကာ စေတနာ့ဝန်ထမ်း ဆရာများအဖြစ် ဆရာကြီးဦးလွန်း
(သခင်ကိုယ်တော်မှိုင်း)က မြန်မာစာနှင့်သမိုင်း၊ ဆရာတော်ဦးညာဏက ပါဠိ၊ မစ္စတာ ရောင်း
(မဟာဝိဇ္ဇာ၊ ဝါရှင်တန်)က စီးပွားရေးနှင့် နိုင်ငံရေး၊ မစ္စတာ ချင်ဒမ်ဘရာ (ဘာမင်ဂမ်)က
စက်မှုလက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး၊ မစ္စတာဘနာဂျီ (မဟာဝိဇ္ဇာ၊ လန်ဒန်)က ဘောဂဗေဒဘာသာရပ်တို့ကို
သင်ကြားပို့ချပေးကာ ဒီးဒုတ်ဦးဘချိုက ကထိကအဖြစ် တာဝန်ယူခဲ့သည်။
ကိုလိုနီအစိုးရ၏ ပညာရေးစနစ်မှာ ကျွန်ပညာရေးစနစ်
သာ ဖြစ်သည်။ ကိုလိုနီအုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ရေး အတွက် လိုအပ်သော စာရေးစာချီ၊
မြို့အုပ်၊ ဝန်ထောက်များ ကို ကိုလိုနီပညာရေးစနစ်က ပုံသွင်းပြီး မွေးထုတ်ရန် ရည်ရွယ်
ခဲ့သည်။ မြန်မာလူမျိုးများအတွက် စာရေးစာချီနှင့် အရာရှိငယ် ရာထူးမျှကိုသာ ရရှိနိုင်သော
ကိုလိုနီပညာရေးကိုပင် အကန့် အသတ်ဖြင့် သင်ကြားစေခဲ့သည်။ တိုင်းရင်းသားတို့ အမြင် ပွင့်လင်းမှု
မရှိစေရန် တားဆီးပိတ်ပင်ခဲ့သည်။
အမျိုးသားပညာရေး၏ ရည်ရွယ်ချက်သည် မြန်မာ
ဘာသာကို သင်ကြားရေးမဏ္ဍိုင်အဖြစ် အသုံးပြု၍ အင်္ဂလိပ် ဘာသာဖြင့် ရေးသားထားသော စာအုပ်များကို
မြန်မာ ဘာသာသို့ ပြန်ဆိုရန်၊ တိုင်းပြည်တိုးတက်ကြီးပွားရေးကို အထောက်အပံ့ဖြစ်စေမည့်
ပညာရပ်များနှင့် အသက်မွေးဝမ်း ကျောင်းမှုကို အထောက်အကူပြုသော ပညာရပ်များကို သင်ကြားရန်၊
မြန်မာစာနှင့်မြန်မာ့ယဉ်ကျေးမှုတို့ကို ပျိုးထောင် ပေးရန်၊ အမျိုးသားစိတ်ဓာတ်များ နိုးကြားတက်ကြွလာစေရန်
တို့ ဖြစ်သည်။
၁၉၂ဝ ပြည့်နှစ် သပိတ်တွင်ပါဝင်ခဲ့သည့်
ကောလိပ် ကျောင်းသားအများစုသည် အမျိုးသားကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ နယ်ချဲ့လက်အောက်တွင်
ရာထူးရာခံများ ရရှိခွင့်ရှိသည့်တိုင် မျိုးချစ်စိတ်ဓာတ်ပြည့်ဝစွာဖြင့် အမျိုးသားကျောင်းဆရာ
များအဖြစ် တာဝန်ယူထမ်းဆောင် ခဲ့ခြင်းသည် မြန်မာတိုင်းရင်းသားများ၏ မျိုးချစ်စိတ်ဓာတ်
ထက်သန်မှု အထောက်အထားတစ်ရပ်ဖြစ်ခဲ့ပေသည်။
ယူနီဗာစီတီကောလိပ်ကျောင်းသပိတ်ကြီးဟု
ထင်ရှားခဲ့ သည့် အမျိုးသားရေးလှုပ်ရှားမှုသည် မြန်မာတိုင်းရင်းသား များအား အမျိုးသားရေးစိတ်ဓာတ်များ
နိုးထစေခဲ့ကာ လွတ်လပ်ရေးရယူနိုင်ရန် တွန်းအားတစ်ရပ်ဖြစ်စေခဲ့သည်။
▲▲ပထမဦးဆုံး အမျိုးသားအောင်ပွဲနေ့▲▲
မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသားအောင်ပွဲနေ့ကို
မြန်မာနှစ် ၁၂၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် (ခရစ်နှစ် ၁၉၂၂ ခုနှစ် နိုဝင်ဘာလ
၁၃ ရက် တနင်္လာနေ့)တွင် ကျင်းပခဲ့သည်။
ထိုရက်က ရန်ကုန်မြို့ ကန်တော်မင်္ဂလာပန်းခြံနှင့်
ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်အနီး မြေကွက်လပ်တို့၌ ကျင်းပခဲ့ရာ အမျိုးသားအောင်ပွဲနေ
့ကျင်းပရေးကော်မတီဝင် ဦးမောင်မောင်ကြီး (နောင်တွင် ဆာမောင်ကြီး)က အမျိုးသား ပညာရေးအကြောင်းကို
ဟောပြောခဲ့သည်။ အမျိုးသားရေး စိတ်ဓာတ်နိုးကြားတက်ကြွသော လူငယ်တစ်ဦးက British
Soldier Minus Gun equal to Zero ဟူသော ခေါင်းစဉ် ကို အင်္ဂလိပ်ဘာသာဖြင့် ဟောကြားခဲ့သောကြောင့်
ဗြိတိသျှ အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံး အမျိုးသားအောင်ပွဲနေ့ကို
ဆင်နွှဲနေချိန်အထိ ဗြိတိသျှအစိုးရသည် အမျိုးသားအောင်ပွဲ နေ့ကို တရားဝင် အစိုးရ ရုံးပိတ်ရက်အဖြစ်
သတ်မှတ်ပေး ခြင်း မရှိခဲ့ချေ။ အမျိုးသားရေးခေါင်းဆောင်များဖြစ်သော အမျိုးသားပညာဝန်
ဦးဖိုးကျား၊ ဦးစိုးဝင်း၊ ဦးထွန်းညို စသည့် ပုဂ္ဂိုလ်ကြီးများက ကျောင်းပိတ်ရက် မဟုတ်သော်လည်း
မြန်မာ နိုင်ငံတစ်ဝန်းရှိ အမျိုးသားကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူများအား
အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် တက်ကြွနိုးကြားစွာ ပါဝင်ဆင်နွှဲရန် လှုံ့ဆော် စည်းရုံးခဲ့သောကြောင့်
အခက်အခဲ အမျိုးမျိုးကြားမှ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အမျိုးသားအောင်ပွဲနေ့ အခမ်းအနား
များကို မြို့နယ်အသီးသီး၌ ကျင်းပပြုလုပ်နိုင်ခဲ့သည်။
ယင်းရက်မှစ၍ အမျိုးသားအောင်ပွဲနေ့ကို
နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်တွင် အမျိုးသားပညာ ရေးကျောင်းများက ဦးဆောင်ကျင်းပခဲ့ကြပြီး
နယ်ချဲ့အစိုးရက ဖွင့်လှစ်ထားသည့် အစိုးရကျောင်းများတွင်မူ ကျင်းပခြင်းမပြု ခဲ့ချေ။
မြန်မာသက္ကရာဇ် ၁၂၉၆ ခုနှစ်(ခရစ်နှစ် ၁၉၃၄
ခုနှစ်) တွင် ဗြိတိသျှအစိုးရ၏ ဒိုင်အာခီအုပ်ချုပ်ရေး အစိုးရအဖွဲ့၌ ဒေါက်တာဘမော်သည်
ပညာရေးဝန်ကြီးဖြစ်လာခဲ့ပြီးနောက် အမျိုးသားအောင်ပွဲနေ့ဖြစ်သော တန်ဆောင်မုန်း လပြည့်ကျော်
၁ဝ ရက်တွင် ကျောင်းများအားလုံးကို ပိတ်ပေးရန် အမိန့် ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် မြန်မာနှစ် ၁၂၉၆ ခုနှစ်၊
တန်ဆောင်မုန်းလဆုတ် ၁ဝ ရက် (၁၉၃၄ ခုနှစ်၊ နိုဝင်ဘာလ ၃ဝ ရက် သောကြာနေ့) တွင် အမျိုးသားကျောင်းများက
ဦးဆောင်ကျင်းပခဲ့သော အမျိုးသားအောင်ပွဲနေ့ကို ကျောင်းများအားလုံးပိတ်ကာ စည်ကားသိုက်မြိုက်စွာ
ကျင်းပနိုင်ခဲ့သည်။ မန္တလေးမြို့၌ ကျင်းပခဲ့သော နဝမအကြိမ်မြောက် ဂျီစီဘီအေညီလာခံ ကလည်း
ပထမကျောင်းသားသပိတ် စတင်သည့်နေ့ကို အမျိုးသားအောင်ပွဲနေ့ဟု သတ်မှတ်ရန်ဆုံးဖြတ်ခဲ့ကြသည်။
ဒေါက်တာဘမော်သည် နန်းရင်းဝန်(ဝန်ကြီးချုပ်)
ဖြစ်လာချိန်၌ ၁၉၃၇ ခုနှစ် (မြန်မာနှစ် ၁၂၉၉ ခုနှစ်)တွင် အမျိုးသားအောင်ပွဲနေ့ကို မြန်မာနိုင်ငံ၏
တရားဝင် ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးခဲ့သည်။
▲▲ရေနံမြေ အမျိုးသားအောင်ပွဲနေ့
အခမ်းအနား▲▲
၁၉၃၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက် သောကြာနေ့
(မြန်မာ နှစ် ၁၂၉၃ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်) တွင် (၁၁)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့
အခမ်းအနားကို ရေနံချောင်းမြို့၌ ကျင်းပခဲ့စဉ် ရေနံချောင်းမြို့ရှိ ရေနံမြေ အလုပ်သမားများ
ပါဝင်ဆင်နွှဲခဲ့သည်။ စီတန်းလှည့်လည်ပွဲတွင် ရှေ့ဆုံး မှ မင်္ဂလာစည်တော်အဖွဲ့၊ နောက်မှ
ဗန္ဓုလဝတ်စုံ ဝတ်ဆင်ထား သော မြန်မာ မြင်းစီးစစ်ဗိုလ်၊ ယင်း၏နောက်မှ မြန်မာဘုရင် မင်းမြတ်နှင့်
သိုင်းကိုင်၊ ကျိုင်းကိုင်များ၊ မှူးကြီးမတ်ရာ အမှုထမ်း များလိုက်ပါလာခဲ့သည်။ ယင်းနောက်တွင်
ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းမှ အမိမြန်မာပြည်ဝတ်စုံ ဝတ်ဆင်ထားသည့်ကျောင်းသူတစ်ဦးက
မြန်မာ့ဒေါင်းအလံကို ကိုင်ဆောင်လိုက်ပါခဲ့ကာ အမိမြန်မာပြည်၏ ဘေးတစ်ဖက် တစ်ချက်တွင်
ဗန္ဓုလဝတ်စုံ ဝတ်ဆင်ထားသည့် ရဲမက်နှစ်ဦးစီ ခြံရံလိုက်ပါခဲ့သည်။ ယင်းနောက်မှ ကျောင်းသူ
ကျောင်းသား များ၊ မြို့သူမြို့သားများက ကြွေးကြော်သံများနှင့် သံချပ်များကို သံပြိုင်သီဆိုလိုက်ပါခဲ့ကြသည်။
နောက်ဆုံးတွင် ရေနံမြေ အလုပ်သမားများက မီးတုတ်များကိုင်ဆောင် လိုက်ပါ၍ အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို
အောင်မြင်စွာ ဆင်နွှဲ ခဲ့ကြသည်။
(၁၁) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကို
ဂုဏ်ပြု သောအားဖြင့် ရေနံချောင်းမြို့ အမျိုးသားအထက်တန်း ကျောင်းခန်းမ၌ မြန်မာတိုင်းရင်းဖြစ်
အဝတ်များကိုသာ ဝတ်ဆင်သင့်သည်ဟူသော ခေါင်းစဉ်ဖြင့် ကျောင်းသား ကျောင်းသူများ၏ စကားရည်လုပွဲကို
ကျင်းပခဲ့သည်။ ယင်း စကားရည်လုပွဲတွင် မြန်မာတိုင်းရင်းဖြစ်ကိုသာ ဝတ်ဆင်သင့် သည် ဟူသည့်အဆိုကို
ကျောင်းသားတစ်ဦးက တင်သွင်း ခဲ့သည်။
စကားရည်လုပွဲတွင် ယင်းအဆိုကို ချေပသည့်
ကျောင်းသားက အဆိုတင်သွင်းသူသည် အသံကောင်းဟစ်နေ ခြင်းသာဖြစ်ကြောင်း၊ အဆိုတင်သွင်းသူ
ကျောင်းသားကိုယ်တိုင် ပြည်တွင်းဖြစ်ကို မဝတ်ဘဲ နိုင်ငံခြားဖြစ် စွပ်ကျယ်ကို ဝတ်ဆင်
ထားမည်ဖြစ်ကြောင်း ချေပခဲ့သည်။ ထိုအချိန်တွင် အဆိုတင်ခဲ့ သည့် ကျောင်းသားသည် မိမိထိုင်နေသည့်
ခုံပေါ်တွင်မတ်တတ် ရပ်လိုက်ကာ ဝတ်ဆင်ထားသည့် ဖျင်ရှပ်အင်္ကျီကို ချွတ်ပြ လိုက်ရာ ပရိသတ်က
မည်သည့်စွပ်ကျယ်ကိုမှ မမြင်ရဘဲ ပိန်လှီလှီ ကိုယ်ခန္ဓာကိုသာ မြင်တွေ့လိုက်ကြရပေသည်။ ထိုကျောင်းသားက
ပရိသတ်အား မိမိ၏ ခန္ဓာကိုယ်ကို လှည့်ပြလိုက်ရာ ပရိသတ်များ၏ လက်ခုပ်သြဘာသံများက ကျောင်းခန်းမကို
ဖုံးလွှမ်းကျော်လွန်သွားခဲ့သည်။ ယင်း ကျောင်းသားသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေးကို
ဦးဆောင်ကြိုးပမ်းခဲ့သူ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း ဖြစ်လာမည့် ကျောင်းသား
သမဂ္ဂခေါင်းဆောင် ကိုအောင်ဆန်းပင် ဖြစ်ပေသည်။
အမျိုးသားအောင်ပွဲနေ့သည် မြန်မာတစ်မျိုးသားလုံး၏
ညီညွတ်စုစည်းသော အမျိုးသားရေး စွမ်းအားဖြင့် ကိုလိုနီ နယ်ချဲ့တို့၏ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို
ဆန့်ကျင် နိုင်ခဲ့သော အောင်ပွဲနေ့ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ကိုကန့်ကွက်ရာမှတစ်နိုင်ငံလုံး
အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်ပေါက်ဖွားလာခဲ့ခြင်းသည် လွတ်လပ်ရေးကြိုးပမ်းမှုတွင်
အင်အားတစ်ရပ်ဖြစ်ခဲ့ရသည်။ အမျိုးသားရေးစိတ်ဓာတ်သည် မိမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်မြတ်နိုးသောစိတ်၊
မိမိနိုင်ငံနှင့်လူမျိုးကို ကြီးပွားတိုးတက်စေလိုသောစိတ်၊ ကာကွယ်စောင့်ရှောက် လိုစိတ်၊
နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြှင့်တင် လိုမှုများကို အရင်းခံ သည့် စိတ်ဓာတ်ဖြစ်သည်။
နိုင်ငံတစ်ခုအဓွန့်ရှည်တည်တံ့နေစေရန်
နိုင်ငံသားတိုင်း တွင် အမျိုးသားရေးစိတ်ဓာတ်များ ကိန်းအောင်းနေရန် လိုအပ်လှပေသည်။ ထို့ကြောင့်
နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့စဉ်က မြန်မာပြည်သူများ၏ အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်ခဲ့မှုကို
နှောင်းလူများ စံနမူနာယူ၍ ဂုဏ်ယူ အမှတ်ရနေကြစေရန် အမျိုးသား အောင်ပွဲနေ့များကို နှစ်စဉ်
ကျင်းပလာခဲ့သည်မှာ အကြိမ်(၁ဝဝ) ပြည့်တော့မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ တည်ရှိနေသရွေ့
အမျိုးသား အောင်ပွဲနေ့ သည်လည်း အမြဲတည်ရှိနေမည်သာ ဖြစ်ပါပေသည်။
ကိုးကား -
- မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၄)
- နှစ်ငါးဆယ် ကမ္ဘာ့ရေးရာ-ပထမတွဲ
- တို့ဗမာ အစည်းအရုံးသမိုင်း
No comments:
Post a Comment