Wednesday, November 28, 2018

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုနိုင်ငံ နိုင်ငံတော် ဗုဒ္ဓဘာသာ အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်အား ဖူးမြော်ကြည်ညို




နေပြည်တော် နိုဝင်ဘာ ၂၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုနိုင်ငံသို့ အောက်တိုဘာလအတွင်းက ချစ်ကြည်ရေး ခရီးစဉ် သွားရောက်ခဲ့စဉ် မြန်မာ-လာအို နှစ်နိုင်ငံ ထေရဝါဒဗုဒ္ဓဘာသာ၊ သာသနာတော်ထွန်းကားပြန့်ပွားရေးနှင့် ချစ်ကြည် ရင်းနှီးမှုများ ပိုမို တိုးတက်ခိုင်မာစေရေးအတွက် ဆွေးနွေးညှိနှိုင်းပင့်ဖိတ်ချက်အရ မြန်မာနိုင်ငံသို့ ကြွရောက်လာသည့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ နိုင်ငံတော် ဗုဒ္ဓဘာသာအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် Venerable BOUNMA SIMMAPHONဦးဆောင်သည့် သံဃာတော်များအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ Aureum Palace ဟိုတယ်၌ သွားရောက်ဖူးမြော်ကြည်ညို ၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။


သာသနာတော်ပြန့်ပွားရေးဆောင်ရွက်

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သာသနာရေး ဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်ကြီးက ပြန်လည် မိန့်ကြား ရာတွင် ယခုကဲ့ သို့လာအိုနိုင်ငံ မှ သံဃာတော်များအား မြန်မာနိုင်ငံသို့ လာရောက် ရန်ပင့်ဖိတ်ခဲ့ သည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ နှစ်နိုင်ငံဘာသာတရားကိုးကွယ်မှုချင်း တူညီသည့် နိုင်ငံများ ဖြစ်သကဲ့သို့ ပြည်သူများ၏ရုပ်လက္ခဏာသွင်ပြင်၊ ယဉ်ကျေးမှုများ တွင်လည်း များစွာတူညီသည့် နိုင်ငံများဖြစ်ကြောင်း၊ ထေရဝါဒ ဗုဒ္ဓဘာသာသံဃာ တော်များပီပီ သာသနာတော်ပြန့်ပွားရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများအားလုံး ကျန်းမာ၊ ချမ်းသာပြီး ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက် ကောင်း မွန်စေရန် အမြဲတမ်းမေတ္တာပို့သ ဆုမွန်ကောင်းတောင်းလျက်ရှိပါကြောင်း မိန့်ကြားသည်။

ထို့နောက် ဆရာတော်ကြီးက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့အား ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဓမ္မလက်ဆောင် အဖြစ်ပေးအပ်ပြီး တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်နှင့်ဇနီးတို့က ဆရာတော်ကြီးထံ အားဖြည့်ငှက်သိုက် ရည်များနှင့် နဝကမ္မ ဝတ္ထုငွေများအား လည်းကောင်း၊ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများက သံဃာ တော်များအား လှူဖွယ်ပစ္စည်းများကို လည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့အား ဆရာတော်ကြီးနှင့် အတူအဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် လာအို အမျိုးသားတည်ဆောက်ရေးတပ်ဦး ဒုတိယဥက္ကဋ္ဌ Mr. Chanthavong Seneamatmontry က အမှတ်တရ လက်ဆောင် ပစ္စည်းပေးအပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့ကလည်း အမှတ်တရ လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံတော်ဗုဒ္ဓဘာသာ ဗဟိုအဖွဲ့ ဒုတိယ ဥက္ကဋ္ဌဆရာတော် ဦးဆောင်သည့် သံဃာတော်များနှင့် အဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၆ ရက်မှ ၃ဝ ရက်အထိ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေခြင်းဖြစ်သည်။

ယင်းကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၆ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးနှင့် တွေ့ဆုံသည်။

ဆင်ဖြူတော်များအား ကြည့်ရှု

ယနေ့ နံနက်ပိုင်း တွင် ဆရာတော်ကြီးဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သတ္တသတ္တာဟစေတီတော်နှင့် ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ လေးဌာနအားလည်းကောင်း၊ ဥပ္ပါတသန္တိစေတီတော်ကြီး အားလည်းကောင်း ဖူးမြော် ကြည်ညိုကြကာ ဆင်ဖြူတော်ဆောင်ရှိ ဆင်ဖြူတော်များအား ကြည့်ရှုလေ့လာ ကြသည်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံတော် ဗုဒ္ဓဘာသာအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဆရာတော်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးများအား လှည့်လည်ဖူးမြော်ကြည်ညို ခြင်း၊ မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများအား လှည့်လည်ဖူးမြော်ကြည်ညိုခြင်းနှင့် ကျိုင်းတုံမြို့ ရှိ အဘယလာဘ မုနိ ရုပ်ပွားတော်မြတ်အား သွားရောက် ဖူးမြော်ကြည်ညို ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

သတင်းစဉ်

ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment