နိုင်ငံခြားကလာတဲ့ လုပ်ငန်းရှင်ရော၊ ပြည်တွင်းက လုပ်ငန်းရှင်ရော
လွယ်လွယ်ကူကူနဲ့ လုပ်နိုင်ရင်တော့ စီးပွားရေးက တိုးတက်လာမှာဖြစ်ပါတယ် (ညွှန်ကြားရေးမှူးချုပ်
ဦးအောင်စိုး)
“မြန်မာနိုင်ငံမှာ
စီးပွားရေးလုပ်ရတာ လွယ်ကူရဲ့လား” ခေါင်းစဉ်ဖြင့် စီးပွားရေးစကားဝိုင်းကို မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးး
ဒေါ်သီတာမြင့်နှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်
အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့ ပါဝင်ဆွေးနွေး
ခဲ့ကြသည်များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှတို့ ရိုက်ကူးထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါ
စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်များကို ဖော်ပြအပ်ပါသည်-
အစီအစဉ်မှူး။ ။ စီးပွားရေးလုပ်ဆောင်ရန်လွယ်ကူမှု အညွှန်းကိန်းအဆင့်
(Ease of Doing Business Ranking) တိုးတက်ရေးလုပ်ငန်းအဖွဲ့မှာ တာဝန်ယူဆောင်ရွက်ပုံတွေကို
ရှင်းပြပေးစေလိုပါ တယ်။
ဦးအောင်စိုး။ ။ ကျွန်တော်တို့ မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်ကစပြီးတော့
ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးလုပ်ငန်းတွေ လွယ်ကူမှုကို ဆန်းစစ်တဲ့လုပ်ငန်း စဉ်မှာ ပါဝင်ခဲ့ပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်တဲ့ ကုန်သွယ်
ရေးနဲ့ စီးပွားရေးလုပ်ငန်းများမြှင့်တင်ရေး အထူးလုပ်ငန်း အဖွဲ့ဆိုတာရှိပါတယ်။ ဒီအဖွဲ့ကနေ
ဒါတွေကို တာဝန်ယူ ပြီးတော့ လုပ်ပါတယ်။ ဒီအစိုးရလက်ထက်မှာတော့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး
ကော်မတီ ပေါ်လာတယ်။ ဒုတိယသမ္မတ ဦးမြင့်ဆွေ ကိုယ်တိုင်ဦးစီးတယ်။ ဒီကော်မတီ ကိုယ်တိုင်ကလည်း
ဒီလုပ်ငန်းတွေကို ကြီးကြပ်တယ်။ ကြီးကြပ်တဲ့အခါမှာ စီးပွားရေးလုပ်ငန်း လုပ်ရတာ လွယ်၊
မလွယ်တိုင်းတာတာကို လုပ်ငန်းရပ် ၁၀ ခုနဲ့ တိုင်းတာတယ်။ ယခင်ကထက် ပိုပြီးတော့ အရှိန်အဟုန်ရလာအောင်
ဒီလုပ်ငန်းရပ် ၁၀ ခုမှာ သက်ဆိုင်တဲ့ဌာနတွေရဲ့ ညွှန်ကြားရေးမှူးချုပ်တွေ ဦးစီးပြီးတော့
အထောက်အကူ ပြုအဖွဲ့တွေ ပြန်ဖွဲ့လိုက်ပါတယ်။ အဲဒီအဖွဲ့တွေကို ကြီးကြပ်ပြီး လုပ်ဖို့အတွက်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်တဲ့ စီးပွားရေး
လုပ်ဆောင်ရန်လွယ်ကူမှု အညွှန်းကိန်းအဆင့် တိုးတက် ရေးလုပ်ငန်းအဖွဲ့ဆိုတာ ထပ်ဖွဲ့လိုက်ပါတယ်။
အဲဒီအဖွဲ့မှာ ကျွန်တော်ကတော့ အတွင်းရေးမှူး တာဝန်ယူပါတယ်။ ပြီးတော့ ဒီလုပ်ငန်းတစ်ခုလုံး
လည်ပတ်နိုင်ဖို့အတွက် ရုံးလုပ်ငန်းတာဝန် တွေကိုလည်း ယူထားပါတယ်။
အလုပ်ရုံဆွေးနွေးပွဲတွေ
ဒုတိယဝန်ကြီး ဦးဆောင်တဲ့ ဒီအဖွဲ့က နှစ်ပတ်တစ်ကြိမ် အစည်းအဝေးလုပ်တယ်။
သက်ဆိုင်ရာ Indicator အလိုက် ညွှန်ကြားရေးမှူးချုပ်တွေကလည်း လိုအပ်ရင် လိုအပ်သလို ကိုယ့်အစီအစဉ်နဲ့ကိုယ်
အစည်းအဝေးတွေ လုပ်ပြီး ညှိနှိုင်းကြတယ်။ ဒီ Indicator တွေနဲ့ပတ်သက်လို့ ပိုပြီးနားလည်
သဘောပေါက်လာအောင် ကမ္ဘာ့ဘဏ် (IFC)က ကျွန်တော်တို့ကို ကူညီပေးတယ်။ သူတို့က ကျွမ်းကျင်ပညာရှင်တွေ
ဖိတ်ခေါ်ပြီးတော့ တစ်ခုချင်းရဲ့ သဘာဝကို ရှင်းပြတယ်။ ကျွန်တော်တို့ နိုင်ငံအတွက်က ဒါက
အသစ်ဆိုတော့ ဘယ်လိုလုပ်ရတယ်၊ ဘယ်လိုဖြေရတယ်ဆိုတာ ရှင်းလင်းပြတာ၊ မေးခွန်းလွှာတွေ ပို့လိုက်တာ
တွေရှိတယ်။ ပို့လိုက်ရင် ကျွန်တော်တို့က မေးခွန်းလွှာတွေ ဖတ်ပြီးတော့ သဘောမပေါက်တာတွေရှိတယ်။
မေးခွန်း လွှာတွေကို သက်ဆိုင်တဲ့ ဌာနဆိုင်ရာအချို့နဲ့ ပုဂ္ဂလိကတွေ၊ User တွေဆီကိုပို့ပါတယ်။
တချို့ကျ Law Firm တွေဆီ ရောက်သွားတယ်။ တချို့က လုပ်ငန်းရှင်တွေဆီရောက်သွား တယ်။ သူတို့ဖြေတဲ့အခါမှာ
မေးခွန်းကို နားမလည်ဘဲ လွဲမှားပြီး ဖြေလိုက်တာတွေရှိတယ်။
ဌာနကိုလာမေးပြန်ရင်လည်း ဌာနက ဝန်ထမ်းတွေက မေးခွန်းကို သဘောမပေါက်လို့
လွဲမှားဖြေတာလည်းရှိတယ်။ လေးလေးနက်နက် မသိတဲ့အခါကျတော့ ပေါ့ပေါ့ ဖြေလိုက်မိတာလည်း ရှိတယ်။
ဒါတွေအပေါ်မှာ ကျွန်တော် တို့ရဲ့ အဆင့်တွေက လာပြီးသက်ရောက်မှုဖြစ်နေတာပါ။ အစက ဒီလုပ်ငန်းစဉ်မှာပါတဲ့
နိုင်ငံပေါင်း ၁၈၉ နိုင်ငံရှိ တယ်။ ၂၀၁၄ ခုနှစ် စစချင်းမှာ ကျွန်တော်တို့နိုင်ငံရဲ့
အဆင့်က ၁၈၂ ဖြစ်နေတယ်။ ကျွန်တော်တို့နောက်မှာ ခုနစ်နိုင်ငံပဲ ရှိတယ်။ အဲဒီကနေမှ ဒါကိုတိုးတက်အောင်
လေ့လာတဲ့အနေနဲ့ ကမ္ဘာ့ဘဏ်က ပညာရှင်တွေနဲ့ပေါင်းလုပ်တယ်။ ကျွန်တော်ကိုယ်တိုင် ဦးဆောင်ပြီးတော့
၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ မလေးရှားနိုင်ငံကို သွားလေ့လာတယ်။ ဒေသတွင်းမှာတော့ မလေးရှားနိုင်ငံက
ဒီအဆင့်မှာ စင်ကာပူပြီးရင် ထိပ်ဆုံးကရှိတယ်။ ဌာနက သက်ဆိုင်တဲ့ အရာရှိတွေနဲ့ ပုဂ္ဂလိကကဏ္ဍကလူတွေ
သွားပြီးတော့ လေ့လာတယ်။ လေ့လာပြီးတော့ သူတို့ဘယ်လိုလုပ်တယ်၊ ဘယ်လိုကိုင်တယ်။ ပုဂ္ဂလိကနဲ့
အစိုးရပူးပေါင်းပြီး ဆောင်ရွက်တာတွေကို လေ့လာကြတယ်။ ပြန်အသုံးချကြ တယ်။ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်တယ်။
စီးပွားရေးလုပ်ငန်း လွယ်ကူမှုတိုးတက်လာအောင်ပါ။
ရင်းနှီးမြှုပ်နှံမှုတွေလည်း တိုးတက်
ခေတ်နဲ့အညီ စီးပွားရေးဖွင့်ပြီးတော့ ကမ္ဘာနဲ့ ပူးပေါင်းလုပ်တာနဲ့
တစ်ပြိုင်တည်း ရင်းနှီးမြှုပ်နှံသူ တွေကို ဖိတ်ခေါ်ချင်တဲ့အခါကျတော့ ဒီနိုင်ငံမှာ စီးပွားရေးလုပ်ရ
တာ လွယ်ပါ တယ်ဆိုတာ ပြချင်တယ်။ ပြတဲ့အခါမှာ ဒီ Indicator က အကောင်းဆုံးသင်္ကေတပါ။ သူတို့က
ဒါကို အမြဲတမ်းကြည့်တယ်။ တခြားနိုင်ငံတွေရောက်ရင်လည်း ဒါကိုအရင်ကြည့်ကြတာပါ။ ကြည့်ပြီးတော့မှ
လေ့လာတယ်။ ဒီ Indicator တိုးတက်ရေးက များစွာအရေးကြီးတဲ့အတွက် ဒုတိယသမ္မတကိုယ်တိုင်က
ဒါကိုအာရုံစိုက်ပြီး အဆင့် တိုးတက်အောင်၊ သုံးနှစ်အတွင်းမှာ အဆင့် ၁၀၀ အောက် ထိရောက်အောင်
ကြိုးစားကြဖို့ လမ်းညွှန်ထားတယ်။
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့က ဦးဆောင်ပြီး သက်ဆိုင်ရာဌာနတွေနဲ့
ပုဂ္ဂလိက ကဏ္ဍတွေပါ ပူးပေါင်းပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါတွေကို ပြည်သူတွေ သိအောင်
ရှင်းပြတာဖြစ်ပါတယ်။ သက်ဆိုင်ရာဌာနအသီးသီးကလည်း သူတို့နဲ့ဆိုင်တဲ့ လုပ်ငန်း ကဏ္ဍတွေကို
ရှင်းပြ ပေးကြမှာ ဖြစ်ပါတယ်။
စီးပွားရေးနဲ့ပတ်သက်ရင် တစ်ကမ္ဘာလုံး အကျပ်အတည်းတွေ၊ အခက်အခဲတွေ
ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံကျတော့ စီးပွားရေးလုပ်ငန်းလည်း နည်းသေးတယ်။ တည်ငြိမ်အောင်
လည်း ကြိုးစားရတဲ့နိုင်ငံဖြစ်တဲ့အတွက် စီးပွားရေးအခက်အခဲတွေရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်
ကျွန်တော်တို့က ကြိုးစားပြီးတော့ တိုးတက်အောင် လုပ်ရမယ့်နေရာမှာ ဘယ်လိုအချက်တွေက တိုးတက်အောင်
ကြိုးစားရမယ်ဆိုတာကို တိတိပပ ဖော်ပြထားတဲ့ အတွက် ဒါကို တစိုက်မတ်မတ်လုပ်ရင် စီးပွားရေးလုပ်ငန်း
လုပ်ကိုင်ရတာ ပိုပြီးတော့ လွယ်လာမယ်။ လွယ်လာတာနဲ့အမျှ ရင်းနှီးမြှုပ်နှံမှု တွေလည်း
တိုးတက်လာမယ်။
နိုင်ငံခြားကလာတဲ့ လုပ်ငန်းရှင်ရော၊ ပြည်တွင်းက လုပ်ငန်းရှင်ရော
လွယ်လွယ်ကူကူနဲ့ လုပ်နိုင်ရင်တော့ စီးပွားရေးက တိုးတက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က
ကြိုးစားဆောင်ရွက်နေတာ ဖြစ်ပါ တယ်။
အစီအစဉ်မှူး။ ။ စီးပွားရေးလုပ်ဆောင်ရန်လွယ်ကူမှု အညွှန်းကိန်းအဆင့်
တိုးတက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေတဲ့
ညွှန်းကိန်းနှစ်ခုအပေါ် ဥပဒေ၊ မူဘောင်အရ အကောင်အထည်ဖော်ဆောင်ရွက်မှု ဘယ်လောက်အထိ ပြီးသွားပြီလဲဆိုတာကို
ရှင်းပြပေးပါဦး ခင်ဗျာ။
ဦးအောင်နိုင်ဦး။ ။ Doing Business နယ်ပယ် ၁၀ ခုက အများပြည်သူနားလည်မှု
ခက်တဲ့ Indicator အညွှန်းကိန်းတွေဖြစ်ပါတယ်။ ဘာတွေပြောနေတာလဲဆိုတာ နားလည်ဖို့ မလွယ်ဘူး။
Doing Business နဲ့ ပတ်သက်ပြီးတော့ အများပြည်သူ သဘောပေါက်လွယ်အောင် နည်းနည်းရှင်းပြချင်ပါတယ်။
Doing Business ကို တိုင်းတာတဲ့အခါမှာ လူသား တစ်ယောက်လို မွေးဖွားတာ၊ ရှင်သန်တာနဲ့
သေဆုံးတာ ရှိတယ်။ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်တဲ့အခါမှာ စတင် မွေးဖွားလိုက်တာ၊ စတင်ထူထောင်လိုက်တာရှိတယ်။
လုပ်ငန်းလည်ပတ်နေတာရှိတယ်။ နောက်စီးပွားရေး လုပ်ငန်းက အကြောင်း
အမျိုးမျိုးကြောင့် ကျန်းမာရေးမကောင်းလို့ စီးပွားရေးလုပ်ငန်းကြီးကို ရပ်လိုက်ရတာမျိုး၊
စာရင်းရှင်းတမ်း ဖျက်သိမ်းရတာမျိုးတွေရှိတယ်။ အဲဒီတော့ ဒီအညွှန်းကိန်း ၁၀ ခုက ဒီအခြေအနေသုံးရပ်ကို
တိုင်းတာ တာပါ။ မွေးဖွားခြင်းဆိုတဲ့အပိုင်းမှာ ဘာပါလဲ ဆိုတော့ စီးပွားရေးလုပ်ငန်းတစ်ခု
စတင်ခြင်းဆိုတာပါ မယ်။
မှတ်ပုံတင်တဲ့လုပ်ငန်းတွေ
ဒုတိယတစ်ခုက အဆောက်အအုံဆောက်လုပ်ခွင့် ရယူခြင်းဆိုတာရှိမယ်။
စီးပွားရေး လုပ်ငန်းတစ်ခု စလုပ် တော့မယ်ဆိုရင် စက်ရုံ၊ အလုပ်ရုံ၊ ကျန်တဲ့ အဆောက် အအုံတွေဆောက်မယ်။
ဆောက်လုပ်ခွင့်လက်မှတ်ရဖို့ ဘယ်လောက်လွယ်မလဲ၊ ဘယ်လောက်မြန်မလဲဆိုတာတွေပါ။ ဒါက မွေးဖွားခြင်းနဲ့ဆိုင်ပါတယ်။
တတိယကတော့ လျှပ်စစ်ဓာတ်အားရရှိနိုင်မှုဖြစ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံ ဆောက်ပြီးရင်၊ လုပ်ငန်းတစ်ခု
ထူထောင်ပြီးရင် လျှပ်စစ်ဓာတ်အားရဖို့လိုပါတယ်။ ဒီ Indicator သုံးခုက မွေးဖွား ခြင်းနဲ့ဆိုင်ပါတယ်။
ရှင်သန်ခြင်းဆိုတဲ့အပိုင်းကို ကြည့်ရင် တော့ လုပ်ငန်းတစ်ခု ထူထောင်ပြီးရင် ငွေကြေးအရင်းအနှီးလိုလာပြီ။
ငွေကြေးအထောက်အပံ့ ရရှိနိုင်ခြင်း ဆိုတာ လိုလာပြီ။
နောက်လုပ်ငန်းတစ်ခု ထူထောင်ပြီးပြီဆိုရင် အခွန်ပေးဆောင်မှုဆိုတာ
လိုလာပြီ။ အခွန်ဆောင်တဲ့ အပိုင်းမှာ ဘယ်လောက်လွယ်သလဲ၊ ဘယ်လောက်အဆင်ပြေသလဲ ဆိုတာကို
တိုင်းတာပါတယ်။ တတိယက ဘာကြည့်လဲ ဆိုတော့ ကုန်သွယ်မှုလုပ်တဲ့အခါမှာ သွင်းကုန်၊ ပို့ကုန်
လုပ်ရတာ ဘယ်လောက်လွယ်ကူရှင်းလင်းလဲဆိုတာ တိုင်းတာတယ်။ လုပ်ငန်းတစ်ခု ထူထောင်လည်ပတ်တဲ့
အချိန်မှာ သူ့မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို မှတ်ပုံတင်ဖို့လိုလာပြီ။ မှတ်ပုံတင်တဲ့အခါမှာ
မှတ်ပုံတင်တဲ့လုပ်ငန်း တွေ ဘယ်လိုအခြေအနေရှိလဲဆိုတာတွေ တိုင်းတာတယ်။
ကျွန်တော်တို့က အရောင်းအဝယ်စာချုပ်ဖြစ်ဖြစ်၊ အပေးအယူစာချုပ်ဖြစ်ဖြစ်၊
လွှဲပြောင်းတဲ့ စာချုပ်ဖြစ်ဖြစ် စာချုပ်တစ်ခုကို ချုပ်လိုက်ပြီဆိုရင် ဒီစာချုပ်ကို နှစ်ဦး
နှစ်ဖက်က လိုက်နာဖို့လိုတယ်။ စာချုပ်ချုပ်ပြီးတော့ စာရွက်ပေါ်မှာပဲ ဖြစ်မနေအောင် အသက်ဝင်တဲ့
စာချုပ် ဖြစ်ဖို့ ဘယ်လိုလုပ်လို့ ရမလဲဆိုတာတွေ တိုင်းတာတယ်။ နောက်ဆုံးကတော့ စီးပွားရေးလုပ်ငန်းလုပ်တဲ့အခါမှာ
ကုမ္ပဏီတစ်ခုမှာဆိုရင် ငွေကြေးအရင်းအနှီးရှိတဲ့သူက ရှယ်ယာအများကြီး ထည့်နိုင်တယ်။ ငွေကြေးအရင်းအနှီး
နည်းနည်းပဲရှိတဲ့သူက ရှယ်ယာနည်းနည်းပဲ ထည့်နိုင်မယ်။ ရှယ်ယာများတဲ့သူက ရှယ်ယာနည်းတဲ့သူတွေကို
ဖိနှိပ်လို့မရဘူး။ မျှတတဲ့အခွင့်အရေးတွေရအောင် ဆောင်ရွက်ပေး ရတယ်။ ဒါက ကျွန်တော်တို့
တာဝန်ယူရတဲ့ အနည်းစု ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်း ဆိုတဲ့ အပိုင်းဖြစ်ပါတယ်။
ဒါတွေက လုပ်ငန်းရှင်သန်မှုအပိုင်းမှာ အကဲဖြတ်တဲ့ Indicator ခြောက်ခု ဖြစ်ပါတယ်။ နောက်ဆုံး
တစ်ခုကတော့ လူမွဲခံယူမှုကို ဖြေရှင်းတာဖြစ်ပါတယ်။ ဆိုလိုတာက ကျန်းမာရေးမကောင်းတော့ ဒီစီးပွားရေး
လုပ်ငန်းတစ်ခုဟာ သေဆုံးတော့ မယ်ပေါ့။ မသေဆုံးခင် သူ့ကို အသက်ကယ်အောင် ဘယ်လိုလုပ်မလဲ။
ကယ်လို့ ရနိုင် မလား၊ မရတော့ဘူးဆိုရင်လည်း သူ့ကို ညင်ညင်သာသာ အသက်ထွက်အောင် ဘယ်လို
လုပ်မလဲ။ ဒါကို လူမွဲခံယူမှု အခြေအနေကို ဖြေရှင်းပေးမှုလို့ခေါ်ပါတယ်။ Doing Business
Indicator ၁၀ ချက်လို့ ဒီအတိုင်း ပြောလိုက်မယ်ဆိုရင် မျက်စိရှုပ်စရာရှိပေမယ့် ခြုံလိုက်ရင်
တော့ မွေးဖွားခြင်း၊ ရှင်သန်လည်ပတ်ခြင်းနှင့် သေဆုံးခြင်းတို့ ဖြစ်ပါတယ်။ ဒါတွေကို
တိုင်းတာတဲ့အပိုင်း ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုလုပ်ရင် ဘယ်လောက်လွယ် သလဲ၊ လည်ပတ်ဖို့
ဘယ်လောက်လွယ်သလဲ၊ သေဆုံးတော့ မယ်ဆိုရင်လည်း ဘယ်လိုဖြစ်နိုင်မလဲ ဆိုတာတွေကို တိုင်းတာတာဖြစ်ပါတယ်။
ကန့်သတ်ချက်တွေလည်းရှိ
ကျွန်တော်တို့ဌာနက အဓိကတာဝန်ယူရတာက တော့ နှစ်ခုဖြစ်ပါတယ်။
ပထမတစ်ခုက စီးပွားရေး လုပ်ငန်းတစ်ခု စတင်ခြင်းဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်း တစ်ခု
စတင်ခြင်း ဆိုတာ တော်တော်စိန်ခေါ်မှုကြီးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ကမ္ဘာ့ဘဏ်ကစပြီး အကဲဖြတ်တဲ့အခါမှာ
Indicator ၁၀ ခုကို ခြုံပြီးတော့ အကဲဖြတ်တဲ့အခါမှာ အဆင့် ၁၈၂ ပါ။ ကျွန်တော်တို့က စီးပွားရေးလုပ်ငန်း
တစ်ခု စတင်ခြင်းဆိုတဲ့အပိုင်းကို ပြန်ကြည့်လိုက်မယ် ဆိုရင် နိုင်ငံပေါင်း ၁၈၉ နိုင်ငံမှာ
ကျွန်တော်တို့နိုင်ငံ က ၁၈၉ ရတယ်။ ကျွန်တော်တို့နိုင်ငံက နောက်ဆုံးနိုင်ငံ ပါ။
မြန်မာနိုင်ငံက နောက်ဆုံးကနေစခဲ့ရတာ ဖြစ်ပါ တယ်။ ဘာကြောင့်လဲဆိုတော့
အဲဒီအချိန်မှာ ပြုပြင် ပြောင်းလဲမှုတွေကို စတင်ဆောင်ရွက်နေသော်လည်း ပြုပြင်ပြောင်းလဲ
မှုတွေက အရှိန်မရသေးဘူး။ ဥပမာ အနေနဲ့ ကုမ္ပဏီဥပဒေက ၁၉၁၄ ခုနှစ်က ဥပဒေ ဆိုတော့ တော်တော်
ခေတ်နောက်ကျတယ်။ အဲဒီဥပဒေအရ လုပ်ရတဲ့လုပ်ငန်းစဉ်တွေက များတယ်။ ကုမ္ပဏီ တစ်ခု မှတ်ပုံတင်ချင်ရင်
အင်မတန်ခက်တယ်။ ဒါက ဥပဒေကြောင့်ဖြစ်တဲ့အခက်အခဲပေါ့။ အဲဒါအပြင် ခေတ်စနစ်အရဖြစ်ပေါ်ခဲ့တဲ့
ကန့်သတ်ချက်တွေလည်း ရှိခဲ့ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ကျော်သူထက်၊ မျိုးသူဟိန်း
ဓာတ်ပုံ-အေးသန်း

No comments:
Post a Comment