နိုင်ငံတော်
တည်ဆောက်ရာတွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ၏ ခက်မ သုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊
တရားစီရင်ရေးဟူသည့် မဏ္ဍိုင်ကြီး သုံးရပ်ဖြင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းဆောင်ရွက်သည်ဟု
ဆိုထားရာ ဥပဒေဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ သိရှိလေ့လာနိုင်ရန် စာရေးသူ မောင်စာဂ၏
ဥပဒေနှင့်စပ်ဆိုင်သော ဆောင်းပါးများကို ဖော်ပြပေးသွားပါမည်။ ဆောင်းပါးတွင် ပါရှိသည့်
အကြောင်းအရာများသည် စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။ (စာတည်းအဖွဲ့)
▲ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး▲
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည်
၂-၁၀-၁၉၉၂ ရက်စွဲပါ အမိန့်အမှတ် ၁၃/၉၂ ဖြင့် ခိုင်မာသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ
ရေးဆွဲရေးအတွက် အခြေခံမူများချမှတ်နိုင်ရန် လည်း ကောင်း၊ အမျိုးသားညီလာခံကိုစနစ်တကျ
အောင်မြင်ချောမောစွာကျင်းပနိုင်ရန်လည်းကောင်း ဗိုလ်ချုပ် မျိုးညွန့် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့်
၁၈ ဦးပါဝင်သည့် အမျိုးသားညီလာခံကျင်းပရေး ကော်မရှင်ကို ဖွဲ့စည်း ခဲ့သည်။ ယင်း၏တာဝန်နှင့်လုပ်ငန်းရပ်များကိုလည်း
သတ်မှတ်ပေးခဲ့သည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏
၅-၁၁-၁၉၉၂ ရက်စွဲပါ အမိန့်အမှတ် ၁၄/၉၂ ဖြင့် အမျိုးသားညီလာခံကို ၁၉၉၃ ခုနှစ် ဇန်နဝါရီလ
၉ ရက်နေ့ တွင် စတင်ကျင်းပ မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ အမျိုးသားညီလာခံကျင်းပရေးကော်မရှင်သည်
၁၉၉၆ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ အမျိုးသားညီလာခံ ခြောက်ကြိမ် ကျင်းပပြီးနောက် အမျိုးသားညီလာခံကို
ယာယီရပ်ဆိုင်းထားခဲ့သည်။
▲နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ▲
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏
၁၅-၁၁-၁၉၉၇ ရက်စွဲပါ ကြေညာချက်အမှတ် ၁/၉၇ ဖြင့် နိုင်ငံတော်တွင် စည်းကမ်းပြည့်ဝသော
ဒီမိုကရေစီ စနစ်ဖြစ်ထွန်းပေါ်ပေါက်လာရန်နှင့် အေးချမ်းသာယာ ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့်
နိုင်ငံတော်ကြီး တည်ဆောက်နိုင်ရေး ရည်မှန်း၍ ဆောင်ရွက်နိုင်ရန် အလို့ငှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို
ဖျက်သိမ်း လိုက်ကြောင်း ကြေညာခဲ့သည်။
နိုင်ငံတော်
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ ၁၅-၁၁-၁၉၉၇ ရက်စွဲပါ ကြေညာချက် အမှတ် ၁/၉၇
ဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး၏ အကျိုးစီးပွားအလို့ငှာ နိုင်ငံတော်
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဗိုလ်ချုပ် မှူးကြီးသန်းရွှေ ဥက္ကဋ္ဌအဖြစ်
ဦးဆောင်သည့် စုစုပေါင်း ၁၉ ဦးပါဝင်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို
ဖွဲ့စည်းခဲ့သည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေး ကောင်စီ၏ ၁၅-၁၁-၁၉၉၇ ရက်စွဲပါ ကြေညာချက် အမှတ် ၂/၉၇ အရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ဝန်ကြီးချုပ် အဖြစ်ဦးဆောင်သည့် ၄၀ ဦးပါဝင်သော အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
▲ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲခြင်း▲
အမျိုးသားညီလာခံ
ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌများ အဖြစ် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏
၆-၁၂-၁၉၉၇ ရက်စွဲပါ အမိန့်အမှတ် ၂/၉၇ အရ ဗိုလ်ချုပ်စောလွင်အားလည်းကောင်း၊ ၆-၉-၂၀၀၃
ရက်စွဲပါ ကြေညာချက်အမှတ် ၁၀/၂၀၀၃ အရ ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်အား လည်းကောင်း ပြောင်းလဲ၍
တာဝန်များ ပေးအပ်ခဲ့ သည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေး ကောင်စီသည် နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်ခုနစ်ရပ်ကို ၂၀၀၃
ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည်။ အဆိုပါ လမ်းစဉ်
ခုနစ်ရပ်နှင့်အညီ အမျိုးသားညီလာခံ ကို ၂၀၀၄ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ပြန်လည်၍ ဆက်လက်ကျင်းပခဲ့ရာ
ခိုင်မာသော နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် ပေါ်ပေါက်ရန်အတွက် အခြေခံရမည့်မူများနှင့်
အသေးစိတ်အခြေခံရမည့်မူများကို ချမှတ်နိုင်ခဲ့ကြသဖြင့် ၂၀၀၇ ခုနှစ် စက်တင်ဘာ လ ၃ ရက်နေ့တွင်
အမျိုးသားညီလာခံ အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
နိုင်ငံတော်
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း
ရေးဆွဲနိုင်ရေးအတွက် တရားသူကြီးချုပ် ဦးအောင်တိုး ဥက္ကဋ္ဌအဖြစ် ခေါင်း ဆောင်ပြီး စုစုပေါင်း
၅၄ ဦးပါဝင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေးကော်မရှင်ကို ဖွဲ့ စည်းပေးခဲ့သည်။
ကော်မရှင်သည် တိုင်းရင်းသားပြည်သူ အပေါင်းပါဝင်လျက် အမျိုးသားညီလာခံ က ချမှတ်ပေးခဲ့
သည့် အခြေခံမူများနှင့် အသေးစိတ်အခြေခံရမည့်မူ များနှင့်အညီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ရေးဆွဲပြီးစီးခဲ့သည်။
နိုင်ငံတော်
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုရေး
ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲဥပဒေကို ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင်ပြဋ္ဌာန်းခဲ့သည်။
ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲကို ၂၀၀၈ ခုနှစ် မေလ ၁၀ ရက် နှင့် ၂၄ ရက်နေ့များ တွင် ကျင်းပပြီးစီးခဲ့သည်။
▲ဖွဲ့စည်းပုံအခြေခံဥပဒေကို
အတည်ပြုပြဋ္ဌာန်းခြင်း▲
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်းလုံးရှိ မြို့နယ် စုစုပေါင်း ၃၂၅ မြို့နယ်တွင်
ကျင်းပခဲ့ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၂၇၂၈၈၈၂၇ ဦးတို့ အနက် ၂၆၇၇၆၆၇၅ ဦးက လာ ရောက်ဆန္ဒမဲပေးခဲ့ကြပြီး
၂၄၇၆၄၁၂၄ ဦး ထောက်ခံ ဆန္ဒမဲပေးခဲ့ကြသည့်အတွက် ဆန္ဒမဲပေးသူဦးရေ၏ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီးဖြင့်
အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ က
၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ကြေညာချက် အမှတ် ၇/၂၀၀၈ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
▲လွှတ်တော်များဖွဲ့စည်းခြင်းနှင့်
မဲဆန္ဒနယ်များသတ်မှတ်ခြင်း▲
၂၀၀၈
ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗဟိုတွင် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ လွှတ်တော်နှင့်
အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးတစ်ခုစီတွင် တိုင်းဒေသကြီး လွှတ်တော် တစ်ရပ်စီနှင့်
ပြည်နယ်တစ်ခုစီတွင် ပြည်နယ်လွှတ်တော်တစ်ရပ်စီ ထားရှိသည်။ ပြည်ထောင်စုလွှတ်တော်သည် အမြင့်ဆုံးဖြစ်ပြီး
ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်နှစ်ရပ်ကို ပေါင်းစည်း၍ ဖွဲ့စည်းသည်။
ပြည်သူ့လွှတ်တော်ကို
မြို့နယ်ကို အခြေခံ၍လည်း ကောင်း၊ လူဦးရေကို အခြေခံ၍ လည်းကောင်း၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့်အညီ
တစ်မြို့နယ်လျှင် မဲဆန္ဒနယ်တစ်နယ်စီ သတ်မှတ်၍ ရွေးကောက် တင်မြှောက်သည့် ၃၃၀ ဦးထက်မပိုသော
လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့်
၁၁၀ ဦး ထက်မပိုသော တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များပါဝင်လျက် အများဆုံး
၄၄၀ ဦးဖြင့် ဖွဲ့စည်းသည်။
အမျိုးသားလွှတ်တော်ကို
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦး ကျစီ တူညီစွာဖြင့်
ရွေးကောက်တင်မြှောက်သည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦးပါဝင်လျက်
လွှတ်တော် ကိုယ်စားလှယ်ဦးရေ အများဆုံး ၂၂၄ ဦးဖြင့် ဖွဲ့စည်းသည်။ အမျိုးသား လွှတ်တော်အတွက်
မဲဆန္ဒနယ်မြေများသတ်မှတ်ရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ
လူဦးရေ၊ မြို့နယ်နှင့် ခရိုင်အရေအတွက်ကို အခြေခံ၍ သတ်မှတ်ပေးသည်။
တိုင်းဒေသကြီးလွှတ်တော်
သို့မဟုတ် ပြည်နယ် လွှတ်တော်များကို တစ်မြို့နယ်လျှင် မဲဆန္ဒနယ် နှစ်နယ်စီသတ်မှတ်၍ မဲဆန္ဒနယ်တစ်နယ်လျှင်
တစ်ဦးကျစီ ရွေးကောက် တင်မြှောက်သော လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတော်၏လူဦးရေ စုစုပေါင်း၏
သုည ဒသမ တစ်ရာခိုင်နှုန်းနှင့် အထက်ရှိသော တိုင်းရင်းသားလူမျိုးအသီးသီးက လူမျိုးတစ်မျိုး
အတွက် တစ်ဦးကျစီ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ထိုသို့ ရွေးကောက်တင်မြှောက်သည့်
လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၏ သုံးပုံတစ်ပုံ နှင့်ညီမျှသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြင့်
ဖွဲ့စည်းသည်။ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး
သို့မဟုတ် ပြည်နယ် တစ်ခုလုံးကို မဲဆန္ဒနယ် တစ်နယ်စီအဖြစ် သတ်မှတ် သည်။
မှတ်သားရန်အချက်တစ်ခုမှာ
ပြည်ထောင်စုနယ်မြေများအတွင်း မှီတင်းနေထိုင်ကြသော မဲဆန္ဒရှင်များသည် ပြည်သူ့လွှတ်တော်နှင့်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကိုသာ ရွေးကောက် တင်မြှောက်ခွင့်ရှိသည်။
▲ဥပဒေများပြဋ္ဌာန်းခြင်း▲
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေး ကောင်စီသည် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများ
မှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊
တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့ကို ၈-၃-၂၀၁၀
ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ သည်။
ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်းနှင့်
နည်းဥပဒေများပြဋ္ဌာန်းခြင်း
နိုင်ငံတော်
အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီသည် ၁၁-၃-၂၀၁၀ ရက်စွဲပါ ကြေညာချက်အမှတ် ၁/
၂၀၁၀ ဖြင့် ဦးသိန်းစိုးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အဖွဲ့ဝင် ၁၆ ဦးပါဝင်သော ပြည်ထောင်စု ရွေး
ကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။
ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ၊ ပြည်သူ့လွှတ်တော်
ရွေးကောက်ပွဲနည်းဥပဒေများ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများနှင့် တိုင်းဒေသကြီး
သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများတို့ကို ၁၇-၃-၂၀၁၀ ရက် နေ့တွင်
ထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်
၁၃-၈- ၂၀၁၀ ရက်စွဲပါ ကြေညာချက်အမှတ် (၈၉/၂၀၁၀) ဖြင့် ပထမအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေ
ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့ တွင် ကျင်းပသွားမည်ဖြစ်ကြောင်း
ကြေညာခဲ့သည်။
၂၀၁၀
ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်
နိုင်ငံရေး ပါတီပေါင်း ၃၇ ပါတီ မှတ်ပုံတင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် တွင် ကျင်းပသော ရွေးကောက်ပွဲတွင်
အနိုင်ရရှိခဲ့ကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အချို့သော နိုင်ငံရေးပါတီများ
မှတ်ပုံတင်ခြင်း မပြုခဲ့ပါ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေး ပါတီအမည်ဖြင့် မှတ်ပုံတင်ခဲ့သည်။
▲ရွေးကောက်ပွဲကျင်းပခြင်းနှင့်
ရွေးကောက်ပွဲရလဒ်▲
၂၀၁၀
ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ပထမ အကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ
ကျင်းပခဲ့သည်။ မှတ်ပုံတင်ခဲ့သည့် နိုင်ငံရေးပါတီပေါင်း ၃၇ ပါတီ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
ပါတီကိုယ်စားပြု ယှဉ်ပြိုင်သူ ၂၉၈၇ ဦး၊ တစ်သီးပုဂ္ဂလိကယှဉ်ပြိုင်သူ ၈၂ ဦး စုစုပေါင်း
၃၀၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ရွေးကောက်ပွဲတွင်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်သူ့ လွှတ်တော်တွင် ၂၅၉ နေရာ၊ အမျိုးသားလွှတ်တော်တွင်
၁၂၉ နေရာ၊ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် ၄၉၄ နေရာဖြင့် မဲဆန္ဒနယ်အများစုတွင်
အနိုင်ရရှိသည်။
▲ရွေးကောက်တင်မြှောက်ခံရသော
အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ▲
ပြည်သူ့လွှတ်တော်တွင်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါ်နန်းနွံ (ရှားတော)၊ ဒေါက်တာ ဒေါ်အေးမြင့်(ရွှေတောင်)၊
ဒေါ်ဝင်းမော်ထွန်း (ရေနံ ချောင်း)၊ ဒေါ်မိယဉ်ချမ်း(ကျိုက်မရော)၊ ဒေါ်လဲ့လဲ့ဝင်း ဆွေ (တာမွေ)၊
ဒေါ်စုစုလှိုင် (ဒဂုံမြို့သစ်တောင်ပိုင်း)၊ ဒေါ်ခင်သန်းမြင့် (ငပုတော)၊ စည်းလုံးညီညွတ်ရေးနှင့်
ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)မှ ဒေါ်ဒွဲဘူ (အင်ကျန်းယန်)၊ ဖလုံ-စဝေါ်ဒီမိုကရေစီပါတီမှ
ဒေါ်နန်းစေအွာ (ဘားအံ)၊ ချင်းအမျိုးသားပါတီမှ ဒေါ်ဇာတလဲမ်း (ထန်တလန်)၊ မွန်ဒေသ လုံးဆိုင်ရာဒီမိုကရေစီပါတီမှ
ဒေါ်မြင့်သန်း (ရေး) ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီမှ ဒေါ်ခင်စောဝေ (ရသေ့တောင်)၊
အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ဒေါ်တင်နွယ်ဦး (ဒဂုံ မြို့သစ်မြောက်ပိုင်း)၊ ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ်ပါတီမှ ဒေါ်နန်းဝါနု (ကွန်ဟိန်း) စုစုပေါင်း ၁၄ ဦး ဖြစ်သည်။
အမျိုးသားလွှတ်တော်တွင်
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါ်နော်မေးရီယန် (ကယား-၄)၊ ဒေါ်နန်းနီနီအေး
(ကရင်-၆)၊ ဒေါ်ချိုနွယ်ဦး (ပဲခူး-၇)၊ ဒေါ်ရီရီမြင့် (မွန်-၁)၊ ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်
(ဧရာဝတီ-၁၀)၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မှ ဒေါ်ခင်ဝိုင်းကြည် (ရန်ကုန်-၁) စုစုပေါင်း
၆ ဦး ဖြစ်သည်။
တိုင်းဒေသကြီး
သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် ကချင်ပြည်နယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး
ပါတီမှ ဒေါ်ဘောက်ဂျာ (ဆွမ်ပရာဘွမ်- ၁)၊ ပဲခူးတိုင်း ဒေသကြီး၌ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ
ဒေါ်ခင်နွဲ့(ရွှေကျင်-၁)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါ်ဥမ္မာမို့မို့ဇော်
(သဲကုန်း-၁)၊ ဒေါ်အေး အေးခိုင် (လက်ပံတန်း-၁)၊ မကွေးတိုင်းဒေသကြီး၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ ဒေါ်ယဉ်ယဉ် လှ (သရက်-၂)၊ မန္တလေးတိုင်းဒေသကြီး၌ ဒီမိုကရက်တစ် ပါတီ
မြန်မာမှ ဒေါ်တင်တင်မာ (ချမ်းအေးသာဇံ-၂)၊ ရခိုင်ပြည်နယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုး ရေးပါတီမှ ဒေါ်သန်းစိန် (တောင်ကုတ်-၁)၊ ရန်ကုန် တိုင်းဒေသကြီး၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေး ပါတီမှ ဒေါ်စန်းစန်းနွယ် (ရွှေပြည်သာ-၂)၊ ဒေါ်စန်းစန်းဝင်း (ဒဂုံမြို့သစ်တောင်ပိုင်း-၂)၊
ဒေါ်ကြည်ကြည်မာ (ကြည့် မြင်တိုင်-၁)၊ ဒေါ်မေသန်းနွယ် (ဒဂုံ-၁)၊ အမျိုးသားဒီမို ကရေစီအင်အားစုပါတီမှ
ဒေါ်စန်းစန်းမြင့် (သင်္ဃန်း ကျွန်း-၂)၊ ဒီမိုကရက်တစ်ပါတီမြန်မာမှ ဒေါက်တာဒေါ်ညို ညိုသင်း
(ဗဟန်း-၂)၊ ရှမ်းပြည်နယ်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါ်အေးချိုစိန်
(ဖယ်ခုံ-၁)၊ ဒေါ်နန်းကိန်ခမ်း (မိုင်းယန်း-၁)၊ ဒေါ်တင်မေထွန်း (တာချီလိတ်-၁)၊ ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ် ပါတီမှ ဒေါ်နန်းအက်စ်ကီမိုး (လဲချား-၁)၊ ဒေါ်နန်းခမ်းပိုင်း (မိုင်းကိုင်-၂)၊
ဒေါ်နန်းခမ်းအေး (နမ္မတူ-၂)၊ ဒေါ်နန်း ငွေငွေ (မူဆယ်-၁)၊ ဒေါ်နန်းမြမြလွင် (မိုင်းယောင်း-၂)၊
လားဟူအမျိုးသားဖွံ့ဖြိုးရေးပါတီမှ ဒေါ်မာရီ (မက်မန်း- ၂)၊ ဧရာဝတီတိုင်းဒေသကြီး၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ ဒေါ်ခင်ခင်စီ (ပုသိမ်-၁)၊ ဒေါ်ခင်စောမူ (ကန်ကြီးထောင့်-၂)၊ ကချင်ပြည်နယ်၌
ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီမှ ဒေါ်ခင်ပြုံးရီ (ရှမ်းတိုင်းရင်းသား လူမျိုးလွှတ်တော်မဲဆန္ဒနယ်)
စုစုပေါင်း၂၄ဦးဖြစ်သည်။
▲ပြည်ထောင်စုအစိုးရပေါ်ပေါက်လာခြင်း▲
၂၀၁၀
ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့ သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ
ကျင်းပပြီးနောက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော် အသီးသီး ပေါ်ပေါက်ခဲ့သည်။
ပြည်ထောင်စု လွှတ်တော်က နိုင်ငံတော်သမ္မတ ရွေးချယ် တင်မြှောက်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပါ
ပြဋ္ဌာန်းချက်များနှင့်အညီ ဦးသိန်းစိန်အား နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ခဲ့သည်။ နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု အစိုးရအဖွဲ့ကို
ဖွဲ့စည်းခဲ့သည်။ ပါတီစုံဒီမိုကရေစီခေတ် ပြည်ထောင်စုအစိုးရ စတင်ပေါ်ပေါက်လာသည်။
▲ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်း▲
နိုင်ငံတော်သမ္မတသည်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈ ပုဒ်မခွဲ(က) နှင့်
ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၉ ပုဒ်မခွဲ(င) တို့အရ ဦးတင်အေး ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော
အဖွဲ့ဝင် ခြောက်ဦးပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း ၃၀-၃-၂၀၁၁
ရက်စွဲပါ ကြေညာချက် အမှတ် ၅/၂၀၁၁ ဖြင့် ကြေညာခဲ့သည်။
အဆိုပါကော်မရှင်သည်
၂၀၁၂ ခုနှစ်တွင် ကြားဖြတ် ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ်တွင် ဒုတိယအကြိမ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတို့ကို
ကျင်းပခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ်တွင်
ကျင်းပသည့် ဒုတိယအကြိမ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများအကြောင်း ဆက်လက်ဖော်ပြပါမည်။
မောင်စာဂ

No comments:
Post a Comment