နေပြည်တော် နိုဝင်ဘာ ၂၂
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ
တို့သည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းဒေသရှိ ရှေးဟောင်း ပုထိုးတော်ကြီးအား
ဖူးမြော်ကြည်ညိုကြသည်။
ယင်းနောက် ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရန်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့က
အလှူငွေများအား ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းသည်။
▲ပရိတ်တရားတော်များ နာယူ▲
ထို့နောက် တိပိဋကနိကာယကျောင်းတိုက်သို့ ရောက်ရှိကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်
ဇနီး၊ အဖွဲ့ဝင်များသည် ရွှေရတုတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဝံသပါလာလင်္ကာရ ဆရာတော်ထံမှ ကိုးပါးသီလ
ခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြ သည့်
မေတ္တသုတ် ပရိတ်တရားတော်များအား နာယူကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ရွှေရတုတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက
ဘဒ္ဒန္တဝံသ ပါလာလင်္ကာရဆရာတော်ထံ ကထိန်လျာသင်္ကန်းနှင် လှူဖွယ်ပစ္စည်းများအား လည်းကောင်း၊ တပ်မတော်
အရာရှိကြီးများ နှင့် တိုင်းမှူးတို့က သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများအား
လည်းကောင်း အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဧည့်ပရိသတ်များက ရွှေရတုတိပိဋကဓရ
ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဝံသပါလာလင်္ကာရ ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုအတွက်
ရေစက်သွန်းချ အမျှပေးဝေ ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သံဃာတော်များအား
နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဓမ္မနာဒ ကျောင်းတိုက်ရှိ
ရွှေစင်တိပိဋကကျောင်းတော်သို့ ရောက်ရှိကြပြီး ဆရာတော် တိပိဋကဓရ “ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရအား
ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် နဝကမ္မအလှူငွေများ ပေးအပ်လှူဒါန်းရာ
ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလက်ခံရယူပြီး မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး၏ ပုံတော်နှင့်
ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည် ပေးအပ်သည်။
▲မင်းကွန်းတိပိဋက ရာပြည့်ကျောင်းတော်သို့ရောက်ရှိ▲
ထို့နောက် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သက်တော်ရာပြည် အထိမ်းအမှတ် မင်းကွန်းတိပိဋက
ရာပြည့်ကျောင်းတော်သို့ရောက်ရှိကြပြီး မင်းကွန်း တိပိဋကဆရာတော်ဘုရားကြီး၏ ပုံတူရုပ်တုတော်များနှင့်
သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မင်းကွန်း ဗုဒ္ဓဘာသာ
ဘိုးဘွားရိပ်သာသို့ရောက်ရှိကြပြီး အဘိုး၊ အဘွားများအား တစ်ဦးချင်း လိုက်လံတွေ့ဆုံနှုတ်ဆက်
အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ် ကာ ဘိုးဘွားရိပ်သာဥက္ကဋ္ဌထံ အလှူငွေများ
ပေးအပ်လှူဒါန်းသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မင်းကွန်းခေါင်းလောင်းကြီးသို့
ရောက်ရှိလှည့်လည် ကြည့်ရှုကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်
အရ သိရသည်။
သတင်းစဉ်၊
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:
Post a Comment