Thursday, November 29, 2018

ရေဒီယိုတစ်ခေတ် ဆန်းသစ်ချိန်ခါ


ယနေ့ မျက်မှောက်ကာလတွင် တစ်ပိုင်တစ်နိုင် အက်ဖ်အမ်ရေဒီယို ထုတ်လွှင့်မှုများ ခေတ်စားလာလျက် ရှိနေသည်။
မတည်ရင်းနှီးမှု ပမာဏ အသင့်အတင့်ဖြင့် ထူထောင် ထုတ်လွှင့်နိုင်သော အက်ဖ်အမ် ရေဒီယို ထုတ်လွှင့်မှုများကို ဒေသအသီးသီးရှိ သောတရှင်များ ကလည်း သဘောကျ နှစ်ခြိုက်လက်ခံလျက် ရှိကြသည်။ သွားလေရာ သယ်ဆောင် နိုင်ပြီး လူတန်းစားမရွေး ဝယ်ယူနိုင်သော အိတ်ဆောင်ရေဒီယို ကလေးမှတစ်ဆင့် စိတ်အပန်းဖြေနိုင်သည့် အပြင် ဗဟုသုတရဖွယ်၊ မှတ်သားဖွယ်ရာ အကြောင်းအရာများကိုပါ နားသောတဆင်နိုင်သည့်အတွက် အက်ဖ်အမ် ထုတ်လွှင့် မှုများသည် ရေဒီယိုခေတ်ကို ပြန်လည်ဆန်းသစ်စေပြီ ဖြစ်သည်။
များစွာကြည်လင် ပြတ်သားမှုရှိ
Frequency Modulationဟု ခေါ်ဆိုသောFM ထုတ်လွှင့်မှုများသည် Amplitude Modulation ဟု ခေါ်ဆိုသော သမားရိုးကျ AM စနစ်ကဲ့သို့ မိုင်ပေါင်းထောင်ချီ ဝေးသည့် အကွာအဝေးထိတိုင် မရောက်ရှိနိုင်သော်လည်း အသံ အရည်အသွေးကမူ AM စနစ်ထက် များစွာကြည်လင် ပြတ်သားမှု ရှိသည်။
ကမ္ဘာအရပ်ရပ်ရှိ အက်ဖ်အမ်ထုတ်လွှင့်သော အသံ လွှင့်ရုံများသည် ၈၈ မီဂါဟက်နှင့် ၁ဝ၈ မီဂါဟက်အကြား ထုတ်လွှင့်ကြပြီး အေအမ် အသံလွှင့်ရုံများကမူ ၅၃၅ ကီလိုဟက်နှင့် ၁၇ဝဝ ကီလိုဟက်အကြား ထုတ်လွှင့်လျက် ရှိကြသည်။ ဟက် (Hz) ဟူသည်မှာ တစ်စက္ကန့်လျှင် တစ်ပတ်နှုန်း ရှိသော ရေဒီယိုဖရီကွင်စီ ယူနစ်ဖြစ်ပြီး ယင်းကို စတင်ဖော်ထုတ်တွေ့ရှိခဲ့သည့် ဂျာမန်သိပ္ပံပညာရှင်Hein- rich Hertz ကို ဂုဏ်ပြုသည့်အနေဖြင့် အမည်ပေးထားခြင်း ဖြစ်သည်။
၁၈ ရာစုအတွင်းက ဗြိတိသျှ သိပ္ပံပညာရှင် James Maxwell က လျှပ်စစ်သံလိုက်လှိုင်း (Electromagnetic Wave) သီအိုရီကို ဖော်ထုတ်ခဲ့ပြီးနောက် ၁၈၈၇ ခုနှစ် အရောက်တွင် ဂျာမန်လူမျိုး သိပ္ပံပညာရှင် Heinrich Hertz က လက်တွေ့ စမ်းသပ်အောင်မြင် ခဲ့သည်။ ၄င်းကို ဂုဏ်ပြုသည့် အနေဖြင့် ရေဒီယိုထုတ်လွှင့်နိုင်သည့် လှိုင်းကိုပင် သိပ္ပံပညာရှင်များက ဟက်ဇီယန်လှိုင်း (Hertzian Wave) ဟု အမည်နာမတပ်ခဲ့ကြသည်။ ရေဒီယိုသိပ္ပံပညာရှင် မာကိုနီလက်ထက်သို့ ရောက်ရှိ လာသည့် အခါမှသာ ဟက်ဇီ ယန်လှိုင်းကို ထုတ်လွှင့်နိုင်သည့် ကိရိယာကို တီထွင် အောင်မြင်ခဲ့သည်။
ပထမဦးဆုံးသော ရေဒီယိုဆက်သွယ်ရေး
၁၈၄၇ ခုနှစ်တွင် မွေးဖွားခဲ့သော အီတလီလူမျိုး ဂူးဂလီ မိုးမာကိုနီ (Guglielmo Marconi) သည် ၁၈၉၅ ခုနှစ်တွင် ပထမဦးဆုံးသော ရေဒီယိုဆက်သွယ်ရေး အချက်ပြမှုများကို လေထဲသို့ လွှင့်ခဲ့သည်။ မာကိုနီသည် ပထမဦးဆုံးသော ရေဒီယိုဆက်သွယ်ရေး အချက်ပြမှုများကို ထုတ်လွှင့်ခဲ့သူ သာဖြစ်ပြီး ရေဒီယိုကို တီထွင်ခဲ့သူတစ်ဦး မဟုတ်ပေ။ အသံလွှင့်ရုံများမှ လွှင့်ထုတ်ချက် များကို ဖမ်းယူ နားဆင်နိုင်သော ရေဒီယိုဖြစ်လာအောင် အဆင့်ဆင့် တီထွင်ခဲ့ကြသူများမှာ အမည်နာမအားဖြင့် ထင်ရှားကျော်ကြားသူများ မဟုတ်ကြ ခြင်းကြောင့် အသံဖမ်းရေဒီယို အဆင့်သို့ ပြီးပြည်စုံအောင် ရောက်ရှိခဲ့သော အချိန်ကာလကို အတိအကျပြော၍ မရနိုင်ချေ။
သို့ရာတွင် ရေဒီယိုထုတ်လွှင့်ခြင်းသည် ၂ဝ ရာစု၏ အစပိုင်း ကာလတွင် စတင်ခဲ့သည်ကိုမူ အထောက်အထား မှတ်တမ်းများက ဖော်ပြလျက် ရှိနေသည်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မက်ထရိုပိုလီတန်အော်ပရာ အဆောက် အအုံမှ ၁၉၁ဝ ပြည့်နှစ်တွင် ပထမဦးဆုံးသော အသံလွှင့်ချက် များကို ထုတ်လွှင့်ခဲ့သည်။ သို့ရာတွင် ထိုအချိန်က ရေဒီယိုအသံ ဖမ်းစက်ကို တည်ဆောက်ပြီးဖြစ်သည့် နယူးယောက်ဒေသရှိ အနည်းငယ်မျှသော ပြည်သူတို့ကသာလျှင် အဆိုပါ အသံလွှင့် ချက်များကို ကြားနိုင်ခဲ့ကြသည်။
အဆိုပါ အသံလွှင့်ချက်ကို လုပ်ဆောင်ခဲ့သူမှာ အမေရိကန် နိုင်ငံသား တီထွင်သူပညာရှင် လီးဒီဖော့ရက်စ်ဖြစ်သည်။ ဖော့ရက်စ်သည် ရေဒီယိုပညာဆိုင်ရာ လေဟာနယ်ပြွန် (Vacuum Tube) နှင့် အီလက်ထရွန်ပြွန် (Electron Tube) များကို ၁၉ဝ၆ ခုနှစ်တွင် တီထွင်ခဲ့ပြီး ယင်းကိရိယာ များကြောင့် ဝေးလံသော ဒေသများသို့ ရေဒီယိုအသံလွှင့်ချက်များကို လွှင့်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်ကာလမှစ၍ သတင်း အချက်အလက်များ ပေးပို့ခြင်းနှင့် ထုတ်လွှင့်ခြင်းကို နေရာ တစ်နေရာမှ ဝေးလံသော အခြားတစ်နေရာသို့ လျင်မြန်စွာ ရောက်ရှိအောင် ရေဒီယိုများက ဆောင်ကြဉ်းပေး နိုင်ခဲ့သည်။ နောက်ပိုင်းတွင် သိပ္ပံပညာရှင်များက အာကာသထဲသို့ ဆက်သွယ်နိုင်ရန် ရေဒီယိုစနစ်ကို အသုံးချခဲ့ကြရာ ယနေ့ထိ တိုင်ပင် ဖြစ်သည်။
သမိုင်းမှတ်တိုင်ကြီးတစ်ရပ်
၁၉၂ဝ ပြည့်နှစ်ဝန်းကျင် အရောက်တွင် အသံလွှင့်ခြင်းနှင့် ဖမ်းယူနားဆင်ခြင်းဆိုင်ရာ လုပ်ငန်းသည် သတင်းအချက်အလက် ပေးပို့မှုဆိုင်ရာ နယ်ပယ်တွင် ပို၍ခိုင်မာစွာ ရပ်တည်လာခဲ့သည်။ ထင်ရှားသော မှတ်တိုင်တစ်ခုမှာ အမေရိကန်နိုင်ငံ ပင်ဆယ်လ် ဗေးနီးယားပြည်နယ် ပစ္စဘတ်မြို့ရှိ KDKA အသံလွှင့်ရုံက ၁၉၂ဝ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပ ပြုလုပ်ခဲ့သော အမေ ရိကန်သမ္မတ ရွေးကောက်ပွဲ ရလဒ်များကို ထုတ်လွှင့်ကြေညာ ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းသည်ကား တစ်ကမ
ာလုံးသို့ ရေဒီယိုထုတ်လွှင့်ခြင်းကို ပထမဦးဆုံး တရားဝင်ကြေညာ လုပ်ဆောင်နိုင်ခဲ့သော သမိုင်းမှတ်တိုင်ကြီး တစ်ရပ်ပင် ဖြစ်သည်။
သမားရိုးကျ AM ရေဒီယိုစနစ်မှ FM ခေါ်Frequency Modulation ရေဒီယိုစနစ်သို့ အသွင်ပြောင်းလဲ ပေးခဲ့သူမှာ အီလက်ထရွန်နစ် ပညာရှင် အက်ဒဝင်အမ်းစထရောင်းဖြစ်ပြီး ရေဒီယိုဖမ်းယူရာ၌ ဆူညံသံနှင့် ကြားဖြတ် နှောင့်ယှက်သံများကို လျှော့ချပေးနိုင်ခဲ့သည်။ ယင်းနောက်ပိုင်းကာလများတွင် ရေဒီယို အသံလွှင့်လုပ်ငန်းကွန်ရက် များကို ထူထောင်ခဲ့ကြပြီး CBS ခေါ် ကိုလံဘီယာ အသံလွှင့် အစီအစဉ်နှင့် NBC ခေါ် အမျိုးသား အသံလွှင့် ကော်ပိုရေးရှင်းတို့မှာ ထင်ရှားသော အသံလွှင့်ဌာနများ ဖြစ်ခဲ့သည်။
အမေရိက ရေဒီယိုကော်ပိုရေးရှင်း (Radio Corporation of America-RCA) သည် ၁၉၂၆ ခုနှစ်တွင် NBC ကို ထူထောင်ခဲ့သည်။ NBC နှင့် RCA အသံလွှင့်ဌာနနှစ်ခု၏ ထိုစဉ်က ထုတ်လွှင့်မှုတာဝန်ခံမှာ ဒေးဗစ်ဆန်းနော့ဖ်ဖြစ်ပြီး ၄င်းသည် ထင်ရှားသော ရေဒီယိုအရာရှိ ဖြစ်သည်။ ဆန်းနော့ဖ် သည် မာကိုနီ၏ ကြိုးမဲ့ကြေးနန်း ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၁၂ ခုနှစ်တွင် တိုက်တန်းနစ် ခရီးသည်တင် သင်္ဘောကြီး အတ္တလ္တိတ်သမုဒ္ဒရာအတွင်း နစ်မြုပ်ခဲ့စဉ်က ထိုသင်္ဘော ပေါ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ တိုက်တန်းနစ်သင်္ဘော နစ်မြုပ်မှုသတင်းကို အခြား သင်္ဘောများ ထံသို့ အကြောင်းကြား ပေးခြင်းအားဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ကူညီခဲ့သူ ဖြစ်သည်။
ရေဒီယိုထုတ်လွှင့်ခြင်း
RCA ရေဒီယိုကုမ္ပဏီသည် နောက်ပိုင်းတွင် အသံလွှင့် လုပ်ငန်းများကိုသာမက ရေဒီယိုများ တပ်ဆင်ထုတ်လုပ် ရောင်းချခြင်း၊ ရေဒီယို အသံလွှင့်ခြင်းဆိုင်ရာ စက်ပစ္စည်းများ ထုတ်လုပ် ရောင်းချခြင်း၊ ရေဒီယိုနှင့် ရေဒီယိုစနစ်ဆိုင်ရာ အီလက်ထရွန်နစ်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းဖြင့် ကမ
ာကျော်အောင် လူသိများခဲ့သည်မှာ ယနေ့ထိတိုင်ပင် ဖြစ်သည်။
ရေဒီယိုထုတ်လွှင့်ခြင်းသည် တစ်နေရာမှ လူတစ်ဦး တစ်ယောက်က ကမ္ဘာအနှံ့တွင်ရှိနေကြသော လူသန်းပေါင်း များစွာထံသို့ သတင်းအချက်အလက်များကို လျင်မြန်စွာ ပေးပို့နိုင်ခြင်းဖြစ်ရာ အိုင်စီတီခေတ်၏ ရှေးဦးအစပင် ဖြစ်သည်။
ရေဒီယိုခေတ်သည် သတင်းအချက်အလက် ပေးပို့မှု ဆိုင်ရာ ကိစ္စရပ်များ၌ သာမကဖျော်ဖြေမှုဆိုင်ရာ ကိစ္စရပ်များတွင်ပါ လူတို့အပေါ်၌ နှစ်ပေါင်းများစွာ သြဇာလွှမ်းမိုးခဲ့သည်။ ရေဒီယိုခေတ်က ဖရန့်စင်နာထရာသည် နာမည် ကျော်ကြားသော ရေဒီယို အဆိုတော်ဖြစ်ခဲ့ပြီး တွန်မီဒေါ်စီ တီးဝိုင်းအဖွဲ့သည်လည်း နာမည်ကျော်ကြားသော ရေဒီယိုလွှင့် တေးဂီတအဖွဲ့ ဖြစ်ခဲ့သည်။
ရေဒီယိုအသံလွှင့်ခြင်း စနစ်၏ အကျိုးကျေးဇူးကြောင့် ဒုတိယကမ္ဘာစစ်ကြီး၏ သတင်းများနှင့် စစ်ပွဲ၏ အခြေအနေကို ကမ္ဘာ့ဒေသ အနှံ့အပြားတွင် နေထိုင်သူများက ဖမ်းယူ သိရှိနိုင်ခဲ့ကြသည်။ နိုင်ငံ့ခေါင်းဆောင်များက နိုင်ငံတစ်ဝန်း လုံးသို့ မိန့်ခွန်းပြောကြားရာတွင် ရေဒီယိုအသံလွှင့်ခြင်း စနစ်ကို အသုံးချနိုင်ခဲ့ကြသည်။ မိုးလေဝသ အခြေအနေများကို ပင်လယ်ကမ်းဝေးတွင် ရောက်ရှိနေကြသော သင်္ဘော များဆီသို့ ရေဒီယိုမှတစ်ဆင့် ထုတ်လွှင့် ပေးပို့ နိုင်ခဲ့ကြသည်။
နောက်ပိုင်းတွင် ရေဒီယို ကွန်ရက်စနစ်အတွင်း အချိတ်အဆက် ပြုလုပ်ထားသော အသံလွှင့်ဌာနများ အချင်းချင်း သတင်းဖလှယ် ရယူမှုကိုသာမက မိမိတို့သတင်းဌာနများ အလိုက် သတင်းထောက် များကို စေလွှတ်သတင်းရယူပြီး ထုတ်လွှင့်ခြင်းများကို ဆောင်ရွက်နိုင်ခဲ့ကြသည်။ သတင်းဌာန တစ်ခု အနေဖြင့် အခင်းဖြစ်ပွားရာ ဒေသများသို့ သတင်းထောက်များ စေလွှတ်၍ သတင်းရယူခြင်းကို CBS အသံလွှင့် အစီအစဉ်က ပထမဦးဆုံး စတင်ခဲ့သည်။ CBS သည် ၁၉၃၈ ခုနှစ်တွင် အသံလွှင့် အစီအစဉ် ကိုယ်စားလှယ် အက်ဒဝပ်မားရိုးနှင့် သတင်းထောက် ဝီလျံရှီးယားတို့ကို သြစတြီးယားသို့ စေလွှတ်ပြီး နာဇီဂျာမနီတို့က သြစတြီးယား နိုင်ငံကို သိမ်းပိုက်ခြင်းနှင့် ယင်းအခြေအနေ အရပ်ရပ်အပေါ် ဥရောပနိုင်ငံများ၏ တုံ့ပြန်မှုသတင်းများကို ထုတ်လွှင့် ကြေညာခဲ့သည်။
ညှို့ယူဖမ်းစားနိုင်ခဲ့
၁၉၅ဝ ပြည့်လွန်နှစ်ကာလများတွင် ရုပ်မြင်သံကြားများ ပေါ်ပေါက်လာခြင်းကြောင့် ရုပ်/သံကြည့်ရှုသူ လူဦးရေ တိုးပွားလာပြီး ရေဒီယိုခေတ်မှာ ထိုအချိန်မှစ၍ မှေးမှိန်ခဲ့ ရသည်။ သတင်းတစ်ခုကို အချက်အလက်များ တင်မက လှုပ်ရှားမှု ရုပ်ပုံများကိုပါ တစ်ပါတည်းမြင်ရသော ရုပ်မြင် သံကြားသည် ကမ္ဘာသူကမ္ဘာသား တို့၏ သောတအာရုံနှင့် စက္ခုအာရုံများကို ညှို့ယူဖမ်းစားနိုင်ခဲ့သည်။
တွင်ကျယ်စွာ အသုံးပြုနေကြ
သို့ရာတွင် သတင်းအချက်အလက် တစ်ခုကို မည်သည့် ပြင်ဆင်မှုကိုမျှ မပြုလုပ်ဘဲ အချိန်တိုအတွင်း လျင်မြန် ထိရောက်စွာ ထုတ်လွှင့်ပေးပို့နိုင်သော လုပ်ငန်းသဘာဝ ကြောင့် ရေဒီယိုထုတ်လွှင့်ခြင်းသည် ပျောက်ကွယ်သွားခြင်း မရှိပေ။ ထို့ပြင် နေရာဒေသမရွေး လွယ်လင့်တကူ သယ်ယူ သွားနိုင်ပြီး ရောက်ရာနေရာဒေသမှ လွယ်ကူလျင်မြန်စွာ အသံဖမ်းယူ နားဆင်နိုင်သော ခေတ်မီတိုးတက်သည့် နည်းပညာများဖြင့် တည်ဆောက်ထားသော အီလက်ထရွန် နစ် ရေဒီယို အသေးစားလေးများကို တွင်ကျယ်စွာ အသုံးပြု နေကြဆဲ ဖြစ်သည်။
ယနေ့အချိန်တွင် ကမ္ဘာပေါ်ရှိ လူဦးရေသန်း နှစ်ထောင်ခန့်သည် ရေဒီယိုများကို လက်ဝယ်ပိုင်ဆိုင် ထားကြပြီး ယင်းတို့ အနက် သုံးပုံနှစ်ပုံခန့်သည် ရေဒီယိုဖမ်းယူနားဆင်ခြင်းကို ပြုလုပ်နေကြဆဲ ဖြစ်သည်။ ဂြိုဟ်တုမှ တစ်ဆင့် ရုပ်မြင်သံ ကြားထုတ်လွှင့်မှုနှင့် ဆက်သွယ်ရေးကွန်ရက် တိုးတက်ကြီး ထွားလာနေချိန်ဖြစ်သော မျက်မှောက်ကာလတွင် အသံဖမ်း စက်ဖြစ်သည့် ရေဒီယိုများ ပျောက်ကွယ် သွားတော့မည်လော ဟူသော မေးခွန်းများ ပေါ်ထွက်လာနေသည့်တိုင် တန်ဖိုးနည်း၊ စရိတ်ကျဉ်းပြီး လွယ်ကူလျင်မြန်စွာ ဖမ်းယူ နားဆင်နိုင်သော အိတ်ဆောင်အရွယ် ရေဒီယိုများကို ကုမ္ပဏီများက ထုတ်လုပ် ရောင်းချနေကြဆဲ ဖြစ်သလို၊ အက်ဖ်အမ်ရေဒီယို ထုတ်လွှင့်မှုများကလည်း တစ်စတစ်စ ကျယ်ပြန့်လာလျက် ရှိနေသည်။
အက်ဖ်အမ်ရေဒီယို ထုတ်လွှင့်မှုများသည် ရေဒီယို ခေတ်ကို တစ်ဖန်ပြန်လည် ဆန်းသစ်စေလျက် ရှိနေပြီ ဖြစ်ပေသည်။ ။
သိပ္ပံစာရေးဆရာ ကိုကိုအောင်

No comments:

Post a Comment