Thursday, November 29, 2018

၁၉၂ဝ ပြည့်နှစ် ကျောင်းသားသပိတ်မှသည် အမျိုးသားအောင်ပွဲနေ့သို့


နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့သည် အမျိုးသားအောင်ပွဲနေ့ ဖြစ်သည်။ ထိုနေ့ ထိုရက်သည် ၁၉၂ဝ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်ဥပဒေကို ကျောင်းသားများ သပိတ်မှောက်ခဲ့သောနေ့ ဖြစ်သည်။

ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ် ကျောင်းသားတို့က ဦးဆောင်၍ ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် ဥပဒေကို ကန့်ကွက်သည့် သပိတ်ဖြစ်သည်။ ယင်းဥပဒေ မပြဋ္ဌာန်းမီ မြန်မာနိုင်ငံ၌ ရှိနေသော ရန်ကုန် ကောလိပ်နှင့် ယုဒသန်ကောလိပ်တို့မှာ အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ်၏ လက်အောက်ခံများ ဖြစ်ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွက် သီးသန့် တက္ကသိုလ်တစ်ခု တည်ထောင်ပေးရန် မြန်မာတိုင်းရင်းသားတို့က မကြာခဏ တောင်းဆိုခဲ့ကြသည်။ ဤသို့နှင့် ရန်ကုန်ကောလိပ် နှင့် ယုဒသန်ကောလိပ်တို့ နှစ်ခုကိုပေါင်း၍ ရန်ကုန် တက္ကသိုလ်အဖြစ် တိုးမြှင့်ပေးသည့် ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ်ဥပဒေ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ယင်း ဥပဒေကို ပြည်သူလူထုက ဝေဖန်နိုင်ရန် ၁၉၂ဝ ပြည့်နှစ် ဇွန်လတွင် တိုင်းပြည်သို့ ကြေညာခဲ့သည်။ နယ်ချဲ့ဗြိတိသျှ အစိုးရသည် မလွှဲမရှောင် သာ၍ သီးခြားတက္ကသိုလ် တည်ထောင်ပေးရသောကြောင့် တက္ကသိုလ် ဥပဒေတွင် အထက်တန်း ပညာရေးကို ကန့်သတ်ချုပ်ချယ်ထားသည့် အချက်များကို ထည့်ထားသည်။
ထို့ကြောင့် တိုင်းပြည်တစ်ဝန်း မြို့လုံးကျွတ် အစည်းအဝေးခေါ်ကာ တစ်မျိုး၊ သတင်းစာများမှ ဝေဖန်၍ ကန့်ကွက်ခြင်းက တစ်ဖုံ အမျိုးမျိုး ကန့်ကွက်ခဲ့ကြသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက် ခေါင်းဆောင်သည့် နယ်ချဲ့အစိုးရက တိုင်းပြည်၏ ကန့်ကွက်ချက်များကို လျစ်လျူရှုပြီး ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ထိုဥပဒေကြမ်းကို အတည်ပြုသည်ဟု ကြေညာလေသည်။
ရန်ကုန်တက္ကသိုလ်ဥပဒေသည် တက္ကသိုလ် ပညာရေးကို ပျက်စီးစေသည်သာမက အမျိုးသားရေး ဂုဏ်သိက္ခာနှင့် မြန်မာလူမျိုးတို့ အဆင့်အတန်းကို ယုတ်လျော့လာလိမ့်မည်ဟု သဘောပေါက် ကြသည်။ တက္ကသိုလ်ဥပဒေသည် မြန်မာတစ်မျိုးသားလုံးအား နှောင်ကြိုးဖြင့် အစဉ်ချုပ်နှောင်ထားရန် ဗြိတိသျှအစိုးရက ဖန်တီးထားခြင်း ဖြစ်သည်။ ယင်းဥပဒေကို ပျက်စီးသွား စေရန်လည်းကောင်း၊ တက္ကသိုလ်ကျောင်း မဖွင့်နိုင်အောင် လည်းကောင်း ပြုလုပ်ရမည်ဟု ရန်ကုန်ကောလိပ် ကျောင်းသား များက သဘောရလေသည်။ ရန်ကုန် တက္ကသိုလ်ကျောင်းကြီးသည် ဥပဒေရှိသော်လည်း ကျောင်းသားများ မရှိသော ကျောင်းသည် အချည်းနှီး ပင်ဖြစ်၍ ကျောင်းကို သပိတ်မှောက်ကြရန် အကြံရကြ လေသည်။

ထိုကဲ့သို့ အကြံရသည့်အတိုင်း ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၈ ရက် (ဒီဇင်ဘာလ ၃ ရက်နေ့) နေ့လယ်တွင် ရန်ကုန်ကောလိပ်မှ ကျောင်းသားကြီး ၁၁ ဦးတို့သည် ရွှေတိဂုံကုန်းတော်ပေါ် စနေထောင့်တွင် တက္ကသိုလ်ကျောင်းကို သပိတ်မှောက်ရေးအတွက် လျှို့ဝှက်စည်းဝေး တိုင်ပင်ကြလေသည်။
အဆိုပါ ကျောင်းသား ၁၁ ဦးမှာ (၁) ကိုဘရှင်၊ (၂) ကိုညီပိတ်၊ (၃) ကိုဖိုးကွန့်၊ (၄) ကိုအေး၊ (၅) ကိုလှပိုက်၊ (၆) ကိုဖေသိန်း၊ (၇) ကိုထွန်းဝင်း၊ (၈) ကိုဘရှင်(ထားဝယ်)၊ (၉) ကိုဘခင်၊(၁ဝ) ကိုအောင်ဒင်နှင့်  (၁၁) ကိုဘဦးတို့ ဖြစ်သည်။
ဤကောလိပ်ကျောင်းသားကြီး ၁၁ ဦးတို့သည် အဘက်ဘက်မှ လေးနက်စွာ စဉ်းစားဆင်ခြင်ပြီးနောက် အမိနိုင်ငံတော်၏ ဂုဏ်သိက္ခာကို ကယ်တင်ရေးအတွက် ကောလိပ်ကျောင်းများကို သပိတ်မှောက်ရန် ဆုံးဖြတ် လိုက်ကြသည်။ ခေါင်းဆောင် ၁၁ ဦးတို့သည် ထိုကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အမြတ်ရရှိပါက တစ်ဦးနှင့် တစ်ဦး အကူအညီပြု၍ ဆိုးအတူ ကောင်းအတူ နောက်မဆုတ်ဘဲ ဆက်လက်ဆောင်ရွက်ရန် သစ္စာပြုကြ လေသည်။ သစ္စာပြုချက်များကို အင်္ဂလိပ်ဘာသာဖြင့် စာရွက်သုံးရွက်ပေါ်တွင် ရေး၍ ၁၁ ဦးစလုံး လက်မှတ် ရေးထိုးကြသည်။
ယင်းသစ္စာပြုချက် မူရင်းအင်္ဂလိပ်ဘာသာမှာ 'We, the following, are the leaders of the movement in boycotting the Rangoon University. We affirm it on oath that we will stand by or fall together in case our movement miscarries.' 3-12-20
'အောက်တွင် လက်မှတ်ရေးထိုးသူ ကျွန်ုပ်တို့သည် ရန်ကုန်တက္ကသိုလ် သပိတ်မှောက် လှုပ်ရှားမှုကြီးတွင် ဦးစီးဦးကိုင်ပြုကြမည့် ခေါင်းဆောင်များဖြစ်သည်။ ကျွန်ုပ်တို့ ဦးစီး ဆောင်ရွက်ကြမည့် လှုပ်ရှားမှုသည် အကယ်၍ အောင်မြင်မှုမရဘဲ ချွတ်ချော်တိမ်းပါးခဲ့သော် ကျွန်ုပ်တို့ အားလုံးသည် ကျောချင်းယှဉ် ရင်ချင်းအပ်၍ သေအတူ ရှင်အမျှ ကြံ့ကြံ့ခံ၍ ရပ်တည်ကြရန် သစ္စာမူကာ အဓိဋ္ဌာန် ပြုပါ၏'
ခေါင်းဆောင် ၁၁ ဦးတို့သည် ပြန်လည်ရောက်ရှိ လာပြီးနောက် ကောလိပ်နှစ်ကျောင်းစလုံး နောက်တစ်နေ့တွင် အစည်းအဝေး ပြုလုပ်ရန် လျှို့ဝှက်စည်းရုံးကြလေသည်။
ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်ကောလိပ် နှင့် ယုဒသန်ကောလိပ် ကျောင်းသားများ စကားအချေ အတင်ပြောပွဲတစ်ခုရှိသည်။ ထိုစကားအချေအတင် ပြောပွဲ အပြီး ညနေ ၃ နာရီ မိနစ် ၃ဝ တွင် ဗဟန်းရပ်၊ ဦးအရိယ ကျောင်းတိုက်သို့ ကျောင်းသားများ အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားကြလေသည်။
ထိုနေ့ ညနေ ၃ နာရီခွဲတွင် ကောလိပ်ကျောင်း နှစ်ကျောင်းလုံးမှ ကျောင်းသားပေါင်း ၆ဝဝ ခန့် စုဝေး ရောက်ရှိလာကြသည်။ ရန်ကုန်ကောလိပ်မှ ခေါင်းဆောင် ၁၁ ဦးနှင့် ကျောင်းသားများအပြင် ယုဒသန်ကောလိပ်မှ ကိုဖိုးကျား၊ ကိုမြင့်၊ ကိုဖိုးလတ် အစရှိသော ခေါင်းဆောင် များနှင့် ကျောင်းသားများ တက်ရောက်လာကြသည်။
ထို့နောက် ကောလိပ်နှစ်ရပ်စလုံးမှ ကျောင်းသားများသည် သပိတ်မှောက်ရေး ကိစ္စကို ပြင်းပြင်း ထန်ထန် ဆွေးနွေးကြသည်။ ဆွေးနွေးညှိနှိုင်းကြရာတွင် တက္ကသိုလ် ဥပဒေကို တိုက်ဖျက်ရေးအတွက် သပိတ်မှောက်ရန် ယေဘုယျအားဖြင့် သဘောတူကြသည်။ သို့ရာတွင် ၁။ တက္ကသိုလ်ဥပဒေကို ပြင်ဆင်ပေးရန် ဘုရင်ခံထံ လျှောက်ထား၍ လိုက်လျောခြင်းမပြုသမျှ သပိတ်မှောက် ရန်နှင့် ၂။ မကျေနပ်မှုများကို ထိထိရောက်ရောက် ပြသည့်အနေနှင့် သပိတ်မှောက်ပြီးမှ လိုလားချက် တောင်းဆိုလွှာကို တင်ရန် ဟူသော နည်းလမ်းနှစ်ရပ် ကွဲလွဲ ကြလေသည်။ ထို့ကြောင့် မဲခွဲဆုံးဖြတ်ရန် စီစဉ်ပြီး ရှုံးသော ဘက်မှ နိုင်သောဘက်သို့ လိုက်ပါရန် နှစ်ဦးနှစ်ဖက် ကတိပြု ကြသည်။ သပိတ်မှောက်ပြီး လိုလားချက်များကို အရေးဆိုရန်ဘက်က အနိုင်ရလေသည်။
ထိုအစည်းအဝေးမှ ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ရန်ကုန် ကောလိပ်ကျောင်းသို့ လာရောက်ပြီး မြန်မာနိုင်ငံတက္ကသိုလ် ဖွင့်လှစ်ကြောင်း ကြေညာသောအခါ ကောလိပ်ကျောင်း နှစ်ကျောင်းရှိ ကျောင်းသားကြီးများသည် မိမိတို့ စာအုပ် များကိုပိုက်၍ ရန်ကုန်တက္ကသိုလ်ကို သပိတ်မှောက်ပြီဟု အော်ဟစ်ကာ ကျောင်းများမှ ထွက်လာကြရန် ဆုံးဖြတ် ခဲ့လေသည်။
ထို့အပြင် သပိတ်မှောက်ကိစ္စနှင့်ပတ်သက်၍ ကိစ္စ အဝဝကို ဆောင်ရွက်သွားရန် ကျောင်းနှစ်ကျောင်းမှ ကိုယ်စားလှယ်များ ပါဝင်သည့် ၂၆ ဦး ကော်မတီကို ရွေးချယ်ခန့်အပ်ကာ တာဝန်အရပ်ရပ် လွှဲခဲ့လေသည်။ ၂၆ ဦး ကော်မတီသည် အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး သပိတ်မှောက်ရေး ကိစ္စကို အစစအရာရာ စနစ်တကျ ရှိစေရန် ပြင်ဆင်ကြသည်။ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကော်မတီ အစည်းအဝေးကို ပြုလုပ်နေစဉ် ကျောင်းသား တစ်ဦးရောက်ရှိလာပြီး ကျောင်းသားများ သပိတ်မှောက်မည့် အရေးကို ဆရာကြီးသိသွားကြောင်း၊ ဒီဇင်ဘာလ ၆ ရက်နေ့ ကျောင်းတက်သော အခါ ဆုံးမစကား ပြောကြားလိမ့်မည် ဖြစ်ကြောင်း သတင်းပို့လေသည်။ ထို့ကြောင့် ဆရာကြီးက ဆုံးမစကား ပြောဆိုဖျောင်းဖျလျှင် အစီအစဉ်များ ပျက်သွားမည်ကို စိုးရိမ်ကြသည့်အတွက် ၇ ရက်နေ့ အထိ စောင့်ဆိုင်း မနေတော့ဘဲ ချက်ချင်း သပိတ်မှောက်ရန် ဆုံးဖြတ်လိုက် သည်။
သပိတ်စခန်းကို ဗဟန်းရပ် ရွှေကျင်တိုက်ဝင်းရှိ ဇရပ် များကို ငှားရမ်းခြင်းကိစ္စ၊ ရန်ကုန်ကောလိပ်နှင့် ယုဒသန် ကောလိပ်ရှိ ကျောင်းအိပ်ကျောင်းစားများကို ဗဟန်းသို့ သွားရောက်စုရုံးရန် လှုံ့ဆော်ရေးကိစ္စ၊ မြို့တွင်းနေ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူလူထု သိရှိရေး အတွက် ကြေညာစာပုံနှိပ်ဝေရန် ကိစ္စများကို ကျောင်းသား ခေါင်းဆောင်များသည် အသီးသီး တာဝန်ခွဲဝေ၍ ကြိုးပမ်း ဆောင်ရွက် ကြလေသည်။
၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁ဝ ရက် (၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်)နေ့တွင် ရန်ကုန် တက္ကသိုလ်ဥပဒေကို စတင် သပိတ်မှောက်လိုက်ကြလေသည်။
ဤသို့ဖြင့် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ် တို့၏ သပိတ်မှောက်လှုပ်ရှားမှုသည် ဒီဇင်ဘာလ ၆ ရက်နေ့တွင်ပို၍ အောင်မြင်လာသည်။ မြို့မိမြို့ဖ ပြည်သူ ပြည်သားများကလည်း သပိတ်စခန်းသို့ အသီးသီးလာရောက် အားပေးကြသည်။ ထိုစဉ်က ထင်ရှားသော နိုင်ငံရေး ခေါင်းဆောင်အသီးသီး တို့ကလည်း လာရောက်၍ ကျောင်းသားများကို အားပေးကူညီကြလေသည်။
ဤသို့ သပိတ်မှောက်အရေးတော်ပုံကြီး အောင်မြင်စွာ စည်းရုံးပြီးနောက် သပိတ်မှောက်ကောင်စီသည် ဒီဇင်ဘာလ ၈ ရက်နေ့တွင် အောက်ပါ ကြေညာချက်ကို တိုင်းပြည်သို့ ထုတ်ပြန်ကြေညာလိုက် လေသည်-
တိုင်းသူပြည်သားများသို့

ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်ရှိ ကျွန်တော် တို့ကျောင်းသားအားလုံးတို့သည် အဆုံး၌ ဘယ်လိုဖြစ်မည် ကိုသေချာမသိရသေးသောကိစ္စတစ်ခုကို စတင်ပြုလုပ်ကြ ပါသည်။ သို့ရာတွင် ကျွန်တော်တို့သည် တရားနည်းလမ်း မှန်ကန်ကြောင်းကို ကောင်းမွန်ခိုင်မြဲစွာ သိရှိရပါသည်။ ကျွန်တော်တို့သည် တစ်တိုင်းတစ်ပြည်လုံး ကျွန်တွင်းက မည်သည့်အခါမှ မလွတ်မကင်းမည့် ဗျူရိုကရက်တို့၏ သိပ္ပံကျောင်းဥပဒေကို ထုခြေဖျက်ဆီးရန် အကြံရှိပါသည်။ ကျွန်တော်တို့သည် တိုင်းသူပြည်သားတို့၏ စိတ်အား ထက်သန်သော အကူအညီအားဖြင့် လူငယ်များက ခုခံဖြိုဖျက်ခြင်းမှ တစ်ပါး အခြားသောနည်းဖြင့် တိုင်းပြည်ကို ကယ်ဆယ်ဖို့ရာ နည်းလမ်းမရှိပြီဟု ယုံကြည်ပါ၏။ ကျွန်တော်တို့သည် မြန်မာနိုင်ငံရှိ လူအများတို့၏ ပညာ အဆီအနှစ်နှင့် ပြည့်စုံသော ကျောင်းသားများ ဖြစ်မည်ကို ရည်သန်၍ ကူညီစောင်မရန် တောင်းပန်ပြောကြား ပါသည်။ ကျွန်တော်တို့စိတ်ထဲ၌ စွဲမြဲစွာယုံကြည်သော ဤလုပ်ငန်းကြီးသည် တိုင်းပြည်၌လိုအပ်သော အချက် ကြီးတစ်ခုကို ထုတ်ဖော် ပြောဆိုခြင်းပင် မည်ပါသည်။ (ဤကား အခြားမဟုတ်၊ အမျိုးသားသိပ္ပံကျောင်းကြီး ပေတည်း) ထိုကျောင်းကြီးမှာ မြန်မာနိုင်ငံ၏သားသမီး များနှင့် သင့်လျော်သော ပညာရပ်များကို ရနိုင်ပေရာ သည်။ အိန္ဒိယနိုင်ငံ၌ အမျိုးသားကျောင်းတွေ အလိုအလျောက် ပေါ်ပေါက်လာကြပေရာ မြန်မာနိုင်ငံ ကလည်း နောက်မကျရအောင် မြန်မာတို့သည် နိုင်ငံသားစစ်၍ ချစ်ခဲ့ပါလျှင် ဘယ်နံရောအခါမျှ မတည်ထောင်နိုင်ဘဲ ရှိလိမ့်မည်မဟုတ်ပါ။ စိတ်ပါလက်ပါလုပ်လျှင် မုချ ဖြစ်ပါလိမ့်မည်။
ဤနှင့် ကျောင်းသားသပိတ်ကြီးသည် တစ်နိုင်ငံလုံး ပျံ့နှံ့သွားခဲ့လေသည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ အရေးတော်ပုံ ၁ဝ ရက်ကာလအတွင်း မန္တလေး၊ မော်လမြိုင်၊ ပြည်၊ ပုသိမ်၊ ပဲခူး၊ လက်ပံတန်း၊ သာယာဝတီ၊ ညောင်တုန်း၊ သထုံ၊ ပျဉ်းမနား၊ စစ်ကိုင်း၊ ရွှေတောင်၊ မြင်းခြံ၊ ဟင်္သာတ၊ သုံးခွ၊ မင်းဘူး၊ မြန်အောင် မြို့များသို့ သပိတ်အရေးတော်ပုံ ကူးစက်သွားပြီး ကျောင်း ၄၄ ကျောင်း သပိတ်မှောက်ကြလေတော့သည်။
တစ်နိုင်ငံလုံးတွင် သပိတ်မှောက် အရေးတော်ပုံများသည် ဒီရေအလား တိုးပွားပျံ့နှံ့လာသည်။ တစ်နယ်မှသည် တစ်နယ်သို့၊ တစ်မြို့မှသည် တစ်မြို့သို့ နယ်တိုင်း၊ မြို့တိုင်း၌ ကျောင်းသားများ၏ သပိတ်မှောက်ပွဲများဖြင့် ဖုံးလွှမ်းလာတော့သည်။ ကျောင်းသားများ သပိတ်မှောက် သည်နှင့် ကျောင်းသားမိဘ၊ ပြည်သူပြည်သားတို့က အသင်းအဖွဲ့အလိုက်လည်းကောင်း၊ တစ်ဦးချင်းအလိုက် လည်းကောင်း ထက်ကြပ်မကွာ လိုက်ပါကာ အားပေး ကူညီကြလေသည်။
ထို့ကြောင့် သပိတ်အရေးတော်ပုံသည် တစ်မျိုးသားလုံး၏ အရေးတော်ပုံကြီးအဖြစ်၊ တစ်နိုင်ငံလုံး ၏ အထွေထွေ သပိတ်မှောက် အရေးတော်ပုံကြီးအဖြစ် တစ်ဟုန်ထိုး ဖြစ်ပေါ်ကြီးထွားလာခဲ့သည်။ ယင်းမှနေ၍ ဗြိတိသျှ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလှုပ်ရှားမှု ကြီးအထိ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
သပိတ်မှောက်ကောင်စီမှ နယ်များသို့ လွှတ်လိုက်သည့် စည်းရုံးရေးမှူးများသည် အမျိုးသားပညာရေး အကြောင်းကို ဟောပြောကြသည်။ နယ်ခံမြို့မိမြို့ဖ များကလည်း လှိုက်လှဲစွာကြိုဆိုကြသည်။ စည်းရုံး ရေးမှူးတို့၏ ဟောပြောမှုကြောင့် အမျိုးသားစိတ်များ နိုးကြားလာခဲ့ပြီး အမျိုးသားကျောင်းများ မှိုပေါက်သလို ပေါ်လာတော့သည်။ အမျိုးသား ကောလိပ်ကျောင်းကြီး ကိုလည်း ၁၂၈၃ ခုနှစ် ဝါခေါင်လဆန်း ၁၁ ရက် (၁၉၂၁ ခုနှစ် သြဂုတ်လ ၁၄ ရက်)နေ့တွင် ရန်ကုန်မြို့ ဗဟန်းရပ် ရွှေကျင်ကျောင်းတိုက်ကြီးတွင် ဖွင့်လှစ်နိုင်ခဲ့သည်။
၁၉၂ဝ ပြည့်နှစ် ယူနီဗာစတီကောလိပ်ကျောင်း သပိတ်ကြီးသည် အိပ်မောကျနေသော မြန်မာ အမျိုးသားများအား သူ့ကျွန်ဘဝတွင် နေရသည်ထက် (သေသော်မှ တည့် သြော် ကောင်း၏) ဟူသော အမျိုးသားစိတ်၊ အမျိုးသားမာန်များ ပြန်လည် နိုးကြားတက်ကြွစေရန် လှုံ့ဆော်ပေးခဲ့ရာ ယင်းသပိတ်ကြီး စတင်ပေါ်ပေါက်ခဲ့သည့် နေ့ကို နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်၍ အမှတ်တရ ဂုဏ်ပြုအပ်သည့် သဘောရလာကြလေသည်။
၁၉၂၁ ခုနှစ် အောက်တိုဘာလတွင် မန္တလေးမြို့၌ ကျင်းပသော နဝမအကြိမ်မြောက် ဂျီစီဘီအေ ကွန်ဖရင့် ကြီး၌ နေရှင်နယ်ဒေးခေါ် အမျိုးသားတို့အတွက် နေ့ထူး နေ့မြတ်တစ်ရပ် သတ်မှတ် သင့်ကြောင်း ဆွေးနွေးကြလေ သည်။ ထိုအခါ ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်သော ဦးမြင့်က ဗြိတိသျှကိုလိုနီ ပညာရေးစနစ်ကို တော်လှန်ပုန်ကန်သော အားဖြင့် ယူနီဗာစတီ သိပ္ပံကျောင်းကြီး သပိတ်မှောက်ခဲ့သော တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ကို နေရှင်နယ်ဒေးခေါ် အမျိုးသားနေ့ အဖြစ် သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့သည်။ အချို့ကလည်း သီပေါမင်းပါတော်မူနေ့၊ အချို့က ဦးဥတ္တမကိုယ်တော် အပြစ်ပေးခံရသောနေ့များကို သတ်မှတ်ရန် အဆိုတင်သွင်း ကြသည်။
၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟောရုံကြီး၌ ဂျီစီဘီအေ အသင်းချုပ်ကြီး ကွန်ဖရင့် တွင် တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက်နေ့ကို နေရှင် နယ်ဒေး ခေါ် အမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့ပြီး နှစ်စဉ် နှစ်တိုင်း မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ အမျိုးသားအောင်ပွဲနေ့ကို ကျင်းပလာနိုင် ခဲ့လေသည်။
ပထမဆုံး အမျိုးသားအောင်ပွဲနေ့ ကျင်းပခြင်းနှင့် စပ်လျဉ်း၍ မစ္စတာ မောင်မှိုင်းက အောက်ပါအတိုင်း နေရှင်နယ်ဒေးဘွဲ့ လေးချိုးကြီး စပ်ဆိုခဲ့လေသည်-
ဘဟန်းသူမ ကုမ္မာရီ နေရှင်နယ်ဒေး ဘွဲ့
လေးချိုးကြီး
အေးဆုမြတ်လှုံ ယမုန်သောင်ရေကမ်းပေပ
လေးဆူ ဓာတ်ပုံ ဒဂုန်တောင်ခြေစခန်းတွင်မှ
နောင်အရှေမနွမ်း
ပြောင်အသရေ လျှမ်းဝေသောရယ်လို့
ဇောစိတ်ပဌနာ
(အိုရှင်)အောင်မြေဘဟန်းဆီက ညောင်သပြေပန်းတွေနဲ့
အောင်ဝေမှန်းပါတဲ့ ကောလိပ်ပါ။
(သြော်) အကြောင်းပြရမှာဖြင့်
တစ်ကောင်းက စပါလို့
ခေတ္တရာသည် တစ်လျှောက်ကဲ့ပြင်
ပြည်ပေါက္ကံ ရွှေမြင်းစိုင်းမှာတော့
(သြော်) သမိုင်းစာရင်းအရ သတင်းလှခဲ့တဲ့
မင်းမျာ့ ဘုန်းတဆောင် မဟာသမတတွေနှင့်
စစ်ကိုင်း ပင်းယ အင်းဝ ကုန်းဘောင်
အခါလှစဉ်ကတော့
သာသနဒါယကာတွေ ထောင်ရောင်ခြည်ကြောင့်
မှောင်မသီ ပြောင်ကြည်လို့ ရွှန်းတဲ့ပြင်
တောင်ဒီမှာ အောင်စည်နဲ့ ယွန်းခဲ့တယ်
ထွန်းလှဲ့အခါတွေကိုနော်ရှင်
တဝန်း၊ တဖွဲ့ညွှန်းသနဲ့ပ
လွန်းတဲ့ ဆရာ။
နေနန်းအိမ်ရှင်
ရာဟုဖမ်းသည်သို့
ပြေမန်းနှစ်ကြိမ် မြန်မာဇမ္ဗူကြငှန်းတွင်မှ
ကမ္ဘာဥဒါန်းမှာဖြင့် အရိုးအစဉ်ကွာ
တန်ခိုးအကြင် အာဏာရယ်နှင့်
မထင်သမ္ဘာသေး၊
(အိုရှင်)တစ်မျိုး(အင်ပါယာ)တွင်မှ အဝင်အပါထွေး။
မဖြောင်စွာလေလေ့ မဖြောင့်စွာ
တမှောင် အာဏာနှင့်
ထောင့်နှစ်ရာရှစ်ဆယ့်နှစ်ဟာက
တစ်ခေတ်တစ်ခါ အချိန်တင့်
မြန်မာ့ဘောင်ပျော်ဘွယ်အချက်တွေနှင့်
လတန်ဆောင်ကျော် ဆယ်ရက်တွင်မှ
ပေါ်ထွက်ကာ တစ်မူပြီတဲ့
ယူနီဗာစီတီ အက်ကယ်လို့
အဆက်နွံတွင် မကွာဖို့
တသက်ဝန်တင်စရာပ
ကျွန်ပညာ နိသျည်းကိုဖြင့်
ဟိတ်ကြီး-တဟန် မထင်လို့မို့
မြန်ခွင်မှာ ကိုင်း ယောက်ျား ဟဲ့လို့
မခံချင်ရှာသူ (ဘွိုင်းကောက်တာ တွေမဖြင့်စွန့်စားကာ ရုံးညှာတန်းခဲ့သမို့စခန်းမြန်မာ ပလ္လင်မလေ)
မှန်နန်းရာဇဝင်ကလည်း သစ်ချိန်နှင့်
နှစ်နှစ် နှစ်ခါ လည်ခဲ့ပေါ့
ပါရမီပြောင်ပြောင် အကဲရယ်နှင့်
မကြာမီ အခေါင်စွဲရအောင်ဟာ
(အမယ်မင်း) အနှောင် မမြဲစေရ မှောင်ထဲကထရမယ့်
မြန်မာသဘင်အခါ ရွေးကြတဲ့
(အိုရှင်) ဂျောင်ထဲက တကာမတွေတောင်မှ
နောင်အထဲလှစေမယ့်
အောင်ပွဲအစ ပထမ မင်္ဂလာ ဒေး။
ထိုနေ့ ထိုရက်သို့ ရောက်တိုင်း ကျောင်းသားနှင့် ပြည်သူတို့သည် စည်းလုံးညီညွတ်စွာ လက်တွဲလျက် စီတန်းလှည့်လည်ခြင်း၊ ဆန္ဒပြခြင်း၊ ကျွန်စိတ် ကျွန်သွေး များကို ပယ်၍ သခင်စိတ် သခင်သွေးများ ပေါ်ပေါက် လာအောင် ဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ အမိနိုင်ငံ လွတ်မြောက်ရေးအတွက် သစ္စာဓိဋ္ဌာန်ပြုခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ကြ သည်မှာ ယနေ့တိုင်အထိပင် ဖြစ်လေသည်။
ရည်ညွှန်း
၁။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ 'အမျိုးသားနေ့ နှင့် အမျိုးသား ပညာရေး လှုပ်ရှားမှုသမိုင်း'
၂။ ဦးဧကျော်၊ 'မြန်မာနိုင်ငံ အမျိုးသားပညာရေး သမိုင်း'
၃။ မြဟန်၊ 'ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓာန်'

မြင့်ဆွေဦး

No comments:

Post a Comment