Tuesday, November 27, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 
 နေပြည်တော်၊ နိုဝင်ဘာ ၂၆
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၏ ဒုတိယဥက္ကဋ္ဌဖြစ် သူ H.E. Mr. NingJizhe ဦးဆောင်သည့် အဖွဲ့ဝင် (၈)ဦးပါ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ (၁၆:၀၀)နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ်၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ကပေကျင်းမြို့၌ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် မြန်မာ-တရုတ် စီးပွားရေး စင်္ကြံ ပူးတွဲတည်ထောင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအရ နှစ်ဖက်ပြည်သူများအတွက် ဆောလျင်စွာ အကျိုးဖြစ်ထွန်း စေနိုင်မည့် စီမံကိန်းများ အကောင်အထည် ဖော်နိုင်ရေးအတွက် ရှေ့လုပ်ငန်း အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အဆိုပါ စီမံကိန်းများကို အကောင်အထည်ဖော်ရာ၌ မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (MSDP) ၏ လုပ်ငန်းအစီအစဉ်များ၊ ဦးစားပေးအစီအစဉ်များနှင့် လျော်ညီစွာ ဆောင်ရွက် သွားရန်နှင့် နှစ်ဖက်ပြည်သူများ၏ ရေရှည်အကျိုးစီးပွားအတွက် အထောက်အကူ ဖြစ်စေရန်နှင့် ပြည်တွင်း လုပ်ထုံး လုပ်နည်းဥပဒေများနှင့် အညီစနစ်တကျ တိကျမှန်ကန်စွာ ညှိနှိုင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးH.E. Mr. Hong Liang နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment