Friday, November 23, 2018

ကေတုမတီ(တောင်ငူ) ၅၀၈ နှစ်ပြည့် မြို့တည်နန်းတည်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ


တောင်ငူ နိုဝင်ဘာ ၂၂
ကေတုမတီ(တောင်ငူ) မြို့တည်နန်းတည် ၅၀၈ နှစ်ပြည့် ပွဲတော် ဝင်းခင်းသဘင်အခမ်းအနားကို ယနေ့နံနက်က တောင်ငူမြို့ မုခ်ဦး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့ တက်ရောက်အားပေး သည်။

ရှေးဦးစွာ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒေါက်တာအောင်သူ၊ ဦးခင်မောင်ချိုနှင့် CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဝင်းခင်းသဘင်အခမ်းအနား ကျင်းပရာ နိုင်ငံကျော်အနုပညာရှင်များက တောင်ငူခေတ် ဝတ်စား ဆင်ယင်မှုများ၊ စစ်သည်၊ ရဲမက်များ၊ ဆင်၊ မြင်းတို့ဖြင့် တောင်ငူခေတ်၏ သရုပ်သဏ္ဌာန်များဖြင့် ဝင်းခင်းသဘင်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
 အခုပွဲက တောင်ငူမြို့စတည်တဲ့ အထိမ်းအမှတ် ပွဲဖြစ်ပါတယ်။ ကေတုမတီ တောင်ငူမြို့တည်နန်းတည်ပွဲ တော်ကျင်းပနိုင်အောင် ပြုလုပ်ခဲ့တာဆို နှစ် ၅၀၀ ပြည့် ကတည်းက စလုပ်ခဲ့တာပါ။ ၅၀၇ နှစ်ပြည့် ပွဲတော်တော့ မလုပ်ဖြစ်ခဲ့ပါဘူး။ အခုနှစ်ရောဆို ရှစ်နှစ် ရှိပါပြီ။ အရင် နှစ်တွေက မင်းကြီးညို ဝင်းခင်းတာကို လုပ်တာပါ။ အခုနှစ် မှာ တစ်မူထူးခြားသွားအောင် မင်းခုနစ်ပါး ဝင်းခင်းတာ ဖြစ်ပါတယ်။ တောင်ငူသူ တောင်ငူသားတွေက ယိုးဒယားတွေ ကျူးကျော်တာကို စည်းလုံးညီညွတ်မှုနဲ့ ပြန်လည် တော်လှန်ခဲ့တာကို သရုပ်ဖော်ပြသတာ ဖြစ်ပါတယ်။ အရင်ကထက် ပိုမိုထူးခြားလာတာကို တွေ့ရမှာဖြစ်ပါတယ်။ရှေးခေတ်ဘိုးဘွားတွေက တောင်ငူကို ဒုတိယမြန်မာနိုင်ငံ လို့ တည်ထောင်ခဲ့ကြတယ်။ အဲဒီအချိန်က တောင်ငူခေတ် ဟာ အရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်ခဲ့တယ်။ တောင်ငူ သားတွေရဲ့ ရဲစွမ်းသတ္တိ၊ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝမှု၊ အဲဒီခေတ်ပုံရိပ်တွေကို အခုခေတ်လူတွေအားလုံးသိရှိ အောင် ၅၀၈ ပွဲတော် ကျင်းပရခြင်းဖြစ်ပါတယ် ဟု CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားသည်။
ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားသမားပေါ်ထွန်း လာစေရန်အတွက် ဘောလုံး၊ ဘော်လီဘော၊ ခြင်းလုံး စသည့် ပြိုင်ပွဲများနှင့် အနုပညာသည် လူ၏စိတ်ကို အေးချမ်းစေသည့်အတွက် သီချင်းဆိုပြိုင်ပွဲများ၊ ဓာတ်ပုံ ပြိုင်ပွဲများကို ၅၀၈ နှစ်ပြည့် မြို့တည်နန်းတည်ပွဲတော်တွင် ထည့်သွင်းကျင်းပခြင်းဖြစ်ကြောင်း၊ ညပိုင်းတွင်လည်း နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေရေး အစီအစဉ်များ ထည့်သွင်းထားကြောင်း ၎င်းက ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒေသခံပြည်သူများက ဗဟိုမဏ္ဍပ်မုခ်ဦးမှ တော်ဝင်ကေတုဟိုတယ်အထိ နိုင်ငံကျော် အနုပညာရှင် များ၏ တောင်ငူခေတ် ဝင်းခင်း သဘင်ကျင်းပနေမှုကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ကေတုမတီ (တောင်ငူ) ၅၀၈ နှစ်ပြည့် မြို့တည်နန်းတည်အထိမ်းအမှတ် ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အမှာစကား ပြောကြားပြီး CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ အားကစားပြိုင်ပွဲများ၊ ဓာတ်ပုံပြိုင်ပွဲ၊ နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီ လှည့်လည် ပူဇော်ပွဲ တို့တွင် ဆုရရှိကြသူများအား နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်၊ ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများ က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကျော်သူဝင်(မြန်မာ့အလင်း)၊
သူရ (တောင်ငူ)

No comments:

Post a Comment