Wednesday, November 28, 2018

ရန်ကုန်မြို့ပတ်ရထားစီး ခရီးသွား ပြည်သူများ စိတ်ချမ်းသာစွာ စီးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေး





ယနေ့ ရန်ကုန်မြို့ပြ၏ ခရီးသည်ပို့ဆောင်ရေးကဏ္ဍတွင် ''မမ'' ဟု အမည်သညာ ခေါ်တွင် ရသည့် မြန်မာ့မီးရထားသည် ရန်ကုန်သူ၊ ရန်ကုန်သားတို့အတွက် အားထားရသော ခရီးလမ်းဖြစ်သည်။


ရန်ကုန်မြို့သူ မြို့သားအပေါင်း အလုပ်သွား၊ ဈေးသွား၊ ကျောင်းသွား မည်သို့သွားသွား လိုရာခရီးကို အချိန်တို ငွေကြေးသက်သာစွာဖြင့် အားကိုးပြု စီးနင်းနေရသည်မှာ ''မမ''၏ ကျေးဇူးပင်ဖြစ်သည်။

နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သည့် မီးရထားလမ်းများကို ပြုပြင်ရန်လိုအပ်နေပြီဖြစ်ရာ မြို့ပတ် ရထားလမ်းတစ်လျှောက် အဆင့်မြှင့်တင်မှုနှင့်အတူ သံလမ်းတစ်လျှောက် သာယာလှပရေး၊ စီးနင်းသည့် ခရီးသည်များ စိတ်ချမ်းသာစေရေးအတွက် မြန်မာ့ မီးရထားမှ ဆောင်ရွက်နေပြီဖြစ်သည်။

သို့အတွက် မြို့ပတ်ရထားလမ်းတစ်လျှောက် သန့်ရှင်းသာယာရေးကို မြန်မာ့မီးရထားက ဦးဆောင်၍ နိုဝင်ဘာ ၁၇ ရက်က ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖ များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မီးရထားဝန်ထမ်း ၂ဝဝ တို့က စုပေါင်း၍ အမှိုက်များသိမ်းဆည်းခြင်း၊ ချုံနွယ် ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

သန့်ရှင်းရေးတွင် ပါဝင်သူတစ်ဦးက ''ရထားလမ်းမှာ အမှိုက်လာပစ်တတ်တဲ့အကျင့်က ဟိုအရင်ထဲ က အရိုးစွဲနေတယ်။ လမ်းကြုံလို့ ပစ်ကြသလို၊ တကူးတက လာပစ်ကြတဲ့အတွက် ရထားလမ်း တစ်လျှောက် မှာ အမှိုက်တွေက အမြဲလို ရှိနေတတ်ကြတယ်။ ဒီထက် ဆိုးတာက အရပ်ထဲက ခွေးသေ၊ ကြောင်သေတွေ လာပစ်ကြ တာပဲ။ အဲဒါတွေကို အသိပညာ များများပေးဖို့ လိုအပ် ပါတယ်''ဟု ၎င်း၏ အမြင်ကို ပြောကြားသည်။

မြို့ပတ်ရထားစီးနင်းရာတွင် ခရီးသွားစိတ်ချမ်းသာစေရန် ဆောင်ရွက်ရမည့် ကိစ္စတစ်ခု မှာလည်း ဈေးရောင်းသူများ၊ ကုန်တင်ဆောင်မှုများ လျှော့ချပေးနိုင်ရန်လည်း လိုအပ် မည်ဖြစ်သည်။

ရထားစီးခရီးသွားရင်း တွေ့မြင်ရသည့် အဖြစ်အပျက်တချို့ ပြောပြလိုသည်။ ခရီးသွားများထိုင်ရန် ထိုင်ခုံပေါ်တွင် ကုန်စိမ်း သည်တစ်ဦးက ၎င်းပါလာသည့် ကုန်စိမ်းထုပ်နှင့် ခြင်းများကို တင်လာခြင်းပင် ဖြစ်သည်။ ရထားတစ်တွဲလုံး တစ်ဦးတည်း ငှားလာသည့်နှယ်၊ မိမိကိစ္စမှလွဲ၍ အခြားခရီးသည်များအတွက် အလေးမထားသလို ဆောင်ရွက်ခြင်းမှာ မဖြစ်သင့်ပေ။

ရထားသည် သတ်မှတ်အချိန်အတိုင်းအတာအတွင်း မောင်းနှင်ရခြင်းဖြစ်၍ ဘူတာဝင်သည်နှင့် သတ်မှတ်အချိန်အတွင်း ပြန်လည် ထွက်ခွာခြင်းပင်ဖြစ်သည်။ အချို့သော ခရီးသည်များက အဆင်းအတက် အပေါက်ဝတွင် ပိတ်ဆို့နေတတ်သည်။ အချိန်တိုအတွင်း အဆင်းအတက်ပြု ရသည့်အတွက် အန္တရာယ်ဖြစ် လာနိုင်သည်ကိုလည်း သတိပြုသင့်ပေသည်။ မိမိအတွက်ေ ကြာင့် အခြားခရီးသည်များ အနှောင့် အယှက်ဖြစ်ခြင်းမှာလည်း ရှောင်ကြဉ်သင့်သော အချက်ဖြစ်ပေသည်။

ထို့အပြင် ရထားပေါ်၌ အလျားလိုက် ကျောခင်းအိပ်လာသည့်နည်းတူ အများပြည်သူတို့ စုစည်း တည်ရှိသော ရထားပေါ်၌ ဆေး လိပ်သောက်ခြင်း သည်လည်း ပြည်သူ့နီတိအားနည်းခြင်း တစ်ရပ်ပင် ဖြစ်ရာ တာဝန်ရှိသူတို့က ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရေး ဆောင် ရွက်မှုအပေါ် ရထားစီး ပြည်သူများကလည်း မိမိတို့၏ တစ်ကိုယ်ကောင်းစိတ်များကို ဆင်ခြင်၍ ဝိုင်းဝန်းကူညီသင့်ကြောင်း တင်ပြလိုက်ရပါသည်။ ။

တင်ဝင်းလေး(ကြည့်မြင်တိုင်)၊ ဓာတ်ပုံ-ဘော်ဂါသွေး

No comments:

Post a Comment