Monday, October 1, 2018

လွိုင်လင်မြို့နယ် လွိုင်မုံမိုင်းကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲကျင်းပ



လွိုင်လင် စက်တင်ဘာ ၃၀
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ လွိုင်မုံမိုင်းကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲကို စက်တင်ဘာလ ၃၀ ရက်၊ နံနက်(၉)နာရီတွင် အဆိုပါကျေးရွာ အ၀င်မုခ်ဦးနှင့် ယာယီမဏ္ဍပ် တွင် ကျင်းပရာ လွိုင်လင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သီ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်သောင်းနှင့် ဌာနဆိုင်ရာများ၊ ကျေးလက်နေပြည်သူများ တက်ရောက်ကြသည်။

ကျေးရွာမီးလင်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းကျော် ကလွိုင်လင်မြို့နယ်၊ လွိုင်မုံမိုင်းကျေးရွာ သည် လွိုင်လင်မြို့၏ အရှေ့မြောက် လေးမိုင်ခန့်တွင် တည်ရှိကြောင်း၊ ၁၈၉၃ ခုနှစ်တွင် တည်ထောင်ကြောင်း၊ ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ကြောင်း၊ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြကြောင်း၊ အိမ်ခြေ (၁၀၃) အိမ်၊ အိမ်ထောင်စု (၉၆) စု၊ လူဦးရေ (၄၉၈)ဦး နေထိုင်ကြောင်း ကျေးရွာမီးလင်းရေးအတွက် ကျေးလက်ဦးစီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနနှင့် မိမိတို့ကျေးရွာသူ ကျေးရွာသားများ၏ စုပေါင်းညီညွှတ်မှုအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ ပြီဖြစ်ကြောင်း၊ မိမိတို့ ကျေးရွာ တည်ထောင် ခဲ့သည်မှာ (၁၂၅)ရှိခဲ့ပြီး အနှစ်နှစ်အလလက ဖယောင်းတိုင် အလင်းရောင်ကိုသာ အားကိုး ခဲ့ရကြောင်း၊ လျှပ်စစ်မီးရရှိရေးအတွက် မျှော်လင့်တောင့်တခဲ့သမျှ ယနေ့တွင် အကောင်အထည်ပေါ်လာပြီဖြစ်၍ ၀မ်းသာကြည်နူးမိပါကြောင်း ဆက်လက်ပြောကြားသည်။
အဆိုပါ လွိုင်မုံမိုင်းကျေးရွာ မီးလင်းရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ်သိန်း(၃၅၀)၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မှ ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်တွင် ကျပ်သိန်း(၄၅၀)နှင့် ကျေးရွာပြည်သူ ထည့်ဝင်ငွေ ကျပ်သိန်း (၄၃၈)သိန်းကျော်၊ စုစုပေါင်း ကျပ်သိန်း(၁၂၃၈)သိန်းကျော် ကုန်ကျခဲ့ကြောင်း သိရသည်။
လွိုင်မုံမိုင်းကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျေးလက်ဦးစီးမှူးတို့က အသီးသီး အမှာစကား ပြောကြားပြီးနောက် ခရိုင်လျှပ်စစ်အင်ဂျင်နီယာမှူးက လျှပ်စစ်အန္တရာယ် အသိပညာပေး ဟောပြောခဲ့သည်။ ယင်းနောက် ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဋ္ဌ က ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့သည်။
ဆက်လက်၍ လွိုင်မုံမိုင်းကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအထိမ်းအမှတ် မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သီ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိန်သောင်း၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာမှူး ဦးအောင်မြင်၊ လွိုင်လင်ခရိုင် ကျေးလက်မှ ဦးဇေယျာမင်း (လ/ထညွှန်မှူး (နည်းပညာ)) နှင့် ကျေးရွာရပ်မိရပ်ဖ ဦးပညာဆန်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မိုးလွင်ဦး (လွိုင်လင်)

No comments:

Post a Comment