အေးချမ်းလှသည့်
တောင်ပေါ်ဒေသ၏ ဆောင်း နံနက်ခင်းတစ်ခုတွင် တိုက်ပုံအဖြူရောင်ကို ဝတ် ဆင်ထားသည့် အမျိုးသားတစ်ဦးကို
ဒေသခံ များနှင့် တစ်သားတည်းကျလျက် ပြုံးချိုသော မျက်နှာထားဖြင့် မြင်တွေ့ရသည်။ သူ့အနီးအနား
တွင် များပြားသော ဓနုတိုင်းရင်းသား ဒေသခံများ ရှိသည်။ အားလုံး၏အကြည့်တွင် တိုက်ပုံဖြူဝတ်
အမျိုး သား အပေါ် ချစ်ခင်မြတ်နိုးကြည်ညိုသည့် သဘောဖြူဖြူများကို မြင်တွေ့ ရသည်။
▄
ပင်းတယဒေသ၏ မီးအိမ်ရှင် ▄
ရွှေခြည်
ငွေခြည်လေးများ ယှက်ထားသည့် ဓနုတိုင်းရင်းသား ဝတ်စုံ အနီရဲရဲကို ဝတ်ဆင် ထားသည့် အမျိုးသမီးလေးတစ်ဦးက
''သူက ကျွန်မ တို့ ပင်းတယမြို့နယ် ဆေးရုံအုပ်ကြီးလေ။ သူ့ကို မသိတဲ့သူ မရှိ ဘူး။ သူက
ကျွန်မတို့ ကျေးဇူး ရှင်။ သူလာရင် အားလုံး ဒီလိုပဲနှုတ် ဆက်ကြ တယ်''ဟု ဂုဏ်ယူဝင့်ကြွားစွာ
မိတ်ဆက်ပေး သည်။ ပင်းတယမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ကို အားလုံးက ပင်းတယ
ဒေသ၏ မီးအိမ်ရှင်ဟု တင်စားခေါ်ဝေါ်ကြသည်။
ဒေါက်တာသန်းမင်းထွဋ်သည်
ပင်းတယမြို့ ဆေးရုံအုပ်ကြီးအဖြစ် ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်တွင် စတင် တာဝန် ထမ်းဆောင်
ခဲ့သူ ဖြစ်သည်။ ''လွန်ခဲ့တဲ့ ခုနစ်နှစ် နံနက် ၅ နာရီမှာ ပင်းတယဆေး ရုံကို ကျွန်တော်
စရောက်ခဲ့တယ်။ ကြက်ဆူတွေ ချုံထလို့ ဝင်ပေါက်တောင်မမြင်ရတဲ့ ဆေးရုံ၊ အတွင်းလူနာငါးဦးသာရှိပြီး
မိုးရွာရင် လူနာတွေ ခုတင်ပတ်လည်မှာ ရေခွက်လေးတွေ ခံထား ရတဲ့ဆေးရုံပေါ့။ အခုတော့ ဒါတွေအားလုံး
ဝေးလို့ကျန်ခဲ့ပါပြီ''ဟု ဒေါက်တာသန်းမင်းထွဋ်က ပြောကြားသည်။
▄
ဒေသခံများနှင့် တစ်သားတည်းကျသူ ▄
ပင်းတယမြို့နှင့်
ပတ်ဝန်းကျင် ကျေးလက် ဒေသမှ ဒေသခံများသည် သူတို့အိမ်ရှေ့အထိ အရောက်လာကာ အခမဲ့ ဆေးကုသပေးနေ
သည့် ဆရာဝန်ကြီးကို ပထမ အစပိုင်းတွင် အံ့သြ မင်သက်နေ ခဲ့ကြပြီး နောက်ပိုင်းတွင်မူ တဖြည်း
ဖြည်းနှင့် ဆရာဝန်သည် သူတို့နှင့် တစ်သားတည်း ကျလာခဲ့သည်။ ဆရာဝန်ကြီးသည် သူတို့ ၏ အစိတ်အပိုင်းတစ်ခု
ဖြစ်လာခဲ့ပြီး လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးအစရှိသည့် ကဏ္ဍအားလုံးတို့တွင်
တိုင်ပင်ရာ၊ အားကိုး အားထားပြုရာ ပုဂ္ဂိုလ်အဖြစ် အားလုံးက ချစ်ခင် မြတ်နိုးကြကြောင်း
ပင်းတယမြို့နယ် ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး လုပ်ဆောင် နေသူတစ်ဦးဖြစ်သည့်
မဖြူစင်က ပြောပြသည်။
▄
လူတန်းစားသုံးမျိုးအတွက် ▄
''မြို့ပေါ်ရော
တောရောမကျန် ကျန်းမာရေး စောင့်ရှောက်ရမှာက ကျွန်တော့်တာဝန်လို့ပဲ ခံယူထားပါတယ်။ အဓိကကတော့
လူတန်းစား သုံးမျိုးကို ရည်ရွယ်ပြီး အခမဲ့ စောင့်ရှောက်မှုတွေ ပေးခဲ့တယ်။ ပထမဆုံးက သက်ကြီးရွယ်အိုတွေ
ပါ။ သူတို့ဟာ အခက်အခဲအမျိုးမျိုးကြောင့် ဆေးရုံကို မလာနိုင်ဘူး။ ကျွန်တော့် အယူအဆက
ဆေးရုံကို လူနာမလာနိုင်ခဲ့ရင် ဆရာဝန်က လူနာ ဆီကို ရောက်အောင်သွားရမယ်လို့ ခံယူထားပါ
တယ်။ နောက် တစ်မျိုးက ကိုယ်ဝန်သည်တွေပါ။ တောင်ပေါ်လမ်းတွေမှာ ကိုယ်ဝန် သည်ဟာ ဆိုင်ကယ်နဲ့
ဆေးရုံဆေးခန်းကိုလာပြရတာ အဆင် မပြေဘူး။ ဒါတင်မကသေးဘူး၊ ကိုယ့်ဒေသတွင်းက အန္တရာယ်ရှိတဲ့
ကိုယ်ဝန်တွေဆိုရင်လည်း အချိန် မလွန်ခင် ကိုယ်က ဦးအောင်ပြင် ဆင်နိုင်ဖို့ အတွက် သွားရောက်ကုသပါတယ်။
နောက်တစ်မျိုးက တော့ ငွေကြေးမတတ်နိုင်တဲ့ ဆင်းရဲချို့တဲ့သူတွေ ဖြစ်ပါတယ်။ ဆင်းရဲလို့ဆိုပြီး
ဆေးရုံကိုမလာရဲတဲ့၊ လာဖို့မတတ်နိုင်တဲ့ လူနာတွေဖြစ် ပါတယ်။ သူတို့ ကို ဆေးရုံကို မကြောက်စေချင်ဘူး။
Hospital must be Hotel ဆိုတာ ကျွန်တော့်ရဲ့ မျှော်မှန်း ချက်ပါ။ အခုအချိန်မှာ ကျွန်တော်တို့ဆေးရုံဟာ
ဟိုတယ်လိုမဖြစ်တောင် လူနာတွေ အတွက် အကောင်းဆုံး သက်သောင့် သက်သာဖြစ်စေ မယ့် နေရာတစ်ခု
ဖြစ်လာအောင်တော့ ကျွန်တော်တို့ ကြိုးစားဖြည့် ဆည်းထားပါတယ်''ဟု ဆရာဝန် ကြီးက ပြောကြားသည်။
▄
ဒေသခံများ၏ အားပေးထောက်ခံမှု ▄
ပင်းတယမြို့မှ
ဆေးရုံပြောင်းရွှေ့ရန်အတွက် ညွှန်ကြားခြင်း ခံရဖူးသော်လည်း ဒေသခံများ၏ တစ်ခဲနက် အားပေးထောက်ခံ
ထားမှုများကြောင့် ဆရာဝန်ကြီးသည် ပင်းတယမြို့ ပြည်သူ့ဆေးရုံ ကြီးတွင် ခုနစ်နှစ်တိုင်တိုင်
ဆေးရုံအုပ်ကြီးအဖြစ် ဆက်လက် တာဝန် ထမ်းဆောင်ခွင့် ရရှိခဲ့သည်။ ခုနစ်နှစ်တာအတွင်း အခမဲ့
ဆေးကု ခရီးပေါင်း ၂၇၉ ကြိမ်နှင့် ကျန်းမာရေးဟောပြောပွဲများဖြင့် တက်ရောက် သူပေါင်း
၄၉၉၆၃ ဦးကို ကျန်းမာရေး ပညာပေးခဲ့ပြီး လူနာပေါင်း ၅၁၄၉၁ ဦးကို အခမဲ့ ဆေးကုခဲ့သည်။
''ကားမျိုးစုံ၊
ဆိုင်ကယ်၊ ထော်လာဂျီ ရတာနဲ့ ကျွန်တော်တို့တွေရဲ့ တောင်ပေါ်ရွာတွေမှာ ဆေးကုသပေးတဲ့ခရီးစဉ်ကို
လုပ်ဆောင် ခဲ့တယ်။ မိုးတွင်းဆိုရင် ဖိနပ်ကို ခါးကြားထိုးပြီးတောင် ဆေးကု ထွက်ရတယ်။
လူနာမလာနိုင်တာကို အပြစ်မမြင်ဘဲ ကိုယ်တိုင် အခမဲ့လိုက်လံကုသပေး ခဲ့တဲ့အတွက် အသက်ပေါင်းများစွာကို
ကယ်တင် နိုင်ခဲ့တာကြောင့် ကျွန်တော့်တပည့်တွေအားလုံးနဲ့ အတူ ဂုဏ်ယူပါတယ်''ဟုလည်း ဆရာဝန်ကြီးက
ဆိုသည်။
▄
ကျန်းမာရေးကဏ္ဍ လုပ်ဆောင်မှုများ ▄
အတွင်းလူနာ
၈ဝ မှ ၁ဝဝ ခန့်အထိ လက်ခံ ကုသပေးနိုင်သည့် ပင်းတယမြို့နယ် ပြည်သူ့ ဆေးရုံကြီးသည် ဆရာဝန်ကြီးနှင့်အဖွဲ့၏
ကြိုးပမ်း ကုသပေးမှုများကြောင့် အတွင်းလူနာဦးရေ ခြောက်ဆခန့် တိုးတက်လာခဲ့ပြီး ပြင်ပလူနာ
ကြည့်ရှုမှုမှာလည်း ၂ဝ၁၁ ခုနှစ်က ၄ဝဝဝ ခန့် သာရှိခဲ့ရာမှ ယခုအချိန်တွင် ၁ဝ ဆနီးပါး များပြား
လာကြောင်း သိရသည်။ လူနာများကို လက်ထောက် ဆရာဝန်နှစ် ဦးနှင့် နေ့ညစောင့်ရှောက်ပေးနေပြီးThe
Best Medicine in the World is SMILE ဆိုသည့် အတိုင်း ဂရုစိုက်၍ ပြုစုကုသ ပေးနေကြောင်း
သိရသည်။
နိုင်ငံတော်၏
ပံ့ပိုးမှု၊ အလှူရှင်များ၏ လှူဒါန်း မှုများဖြင့် ခွဲစိတ်ခန်း၊ လူနာဆောင်များ အပါ အဝင်
အဆောင်ပေါင်း ၁၄ ဆောင်ကို ဆောက် လုပ်ခဲ့ပြီး ပင်းတယမြို့နယ် ကြက်ခြေနီအသင်း အတွက် အဆောက်
အအုံနှင့် မိုင်းအင်ကျေးရွာ၌ မိုင်းအင် တိုက်နယ်ဆေးရုံ သစ်ကိုလည်း ဖွင့်လှစ် ပေးနိုင်ခဲ့
ကြောင်း သိရသည်။ ခုနစ်နှစ်ကာလ အတွင်း ထယ်သွန်း ကျေးလက်ကျန်းမာရေးဌာန၊ သပြေကုန်း၊ ညောင်ကောက်၊
တောင်ရွှေပုထိုး၊ မိုင်းလီ၊ အင်းငယ်ရွာတို့တွင် ကျေးလက်ကျန်းမာ ရေးဌာနခွဲများကို နိုင်ငံတော်စရိတ်ဖြင့်
တည် ဆောက်ခဲ့ပြီး လင်းလေအင်း၊ အုံအက်၊ ကံလှ ကုန်း၊ ကြံခင်းမြောင်၊ ဆီးကျအင်း၊ ကျောက်စု၊
ပင်ပျော် မြေခြား၊ အိမ်ပု၊ ထွက်နီ၊ ဖောင်းပြား၊ ဝါးပြား၊ တံတားကြီးနှင့် သစ်အယ်ပင်
စသည့် ရွာလေးများတွင်လည်း ကျေးလက်ဆေးပေးခန်း ၁၃ ခုကို အများကောင်းမှုဖြင့် တည်ဆောက်ပေး
ခဲ့သည့်အတွက် ကျေးလက်ဆေးပေးခန်း ၁၉ ခု ရှိလာပြီ ဖြစ်သည်။ ထိုကျေးရွာများတွင် သားဖွား
ဆရာမများနှင့် ကျန်းမာရေးကြီးကြပ်(၂)များ ထားရှိပေးခဲ့သည်။
▄
ကျောင်း ၁၁ ကျောင်း တည်ဆောက် ▄
''ရွာတွေကိုလိုက်သွားရင်းနဲ့
ရွာတွေရဲ့ လိုအပ် ချက်တွေကိုပါ သိလာ ရတယ်။ တောင်ပေါ်ရွာ တစ်ရွာကို ၂ဝ၁၄ ခုနှစ်က ဆေးကုရောက်
ခဲ့ပါ တယ်။ ဇန်နဝါရီလ ညနေ ၅ နာရီလောက် ချမ်းချမ်း စီးစီးနဲ့ ပေ ၆ဝဝဝ ကနေ ပေ ၅ဝဝဝ ကိုဆင်းပြီး
ကျောင်းတက်ရာက ညနေကျ ပြန်တက် လာတဲ့ ကလေးတွေကို မြင်လိုက်ရတယ်။ ပညာရေး အတွက် ပင်ပန်းဆင်းရဲစွာ
သင်ယူနေကြရတယ်။ အဲဒီမှာပဲ အလှူ ရှင်တွေ ကို လိုက်ပြီးပြောရင်းနဲ့ မူလတန်းလေးတစ်ကျောင်း
စဆောက်ဖြစ်ပါ တယ်။ အခုလောလောဆယ်အထိ တစ်ကျောင်း ကို ကျပ်သိန်း ၂ဝဝ နှုန်းနဲ့ ကျောင်းပေါင်း
၁၁ ကျောင်းကို အလှူရှင်တွေ မ တည်ပေးမှုနဲ့ တည် ဆောက်ပေးထားပြီးဖြစ်ပါတယ်။ ကျွန်တော့်
အယူ အဆက ဒီဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာ တတ်တွေ အများကြီး ပေါ်ထွက်လာဖို့ လိုအပ်
တယ်။ ဒါကြောင့်ကျောင်းတွေကို တည်ဆောက် ပေးခဲ့တာ ဖြစ်ပါတယ်''ဟု ဆရာဝန်ကြီးက ပြော သည်။
▄
ဓနုမြေ ဘိုးဘွားရိပ်သာ ▄
ဆေးကုထွက်စဉ်
တစ်ဦးတည်းနေထိုင်ရင်း အာဟာရပြတ်သေဆုံး သွားသည့် အမေအိုတစ်ဦး ကို တွေ့ရှိခဲ့ရာမှတစ်ဆင့်
၂ဝ၁၅ ဇန်နဝါရီ ၂ဝ ရက်တွင် ပင်းတယ၏ပထမဆုံး ဓနုမြေ ဘိုးဘွား ရိပ်သာ ကိုလည်း စတင်ထူထောင်ဖြစ်ခဲ့ကြောင်းသိရသည်။
ဓနုမြေ ဘိုးဘွားရိပ်သာတွင် ဘိုးဘွား ၂၆ ဦး အား ဝန်ထမ်းငါးဦးက ပြုစုစောင့်ရှောက်မှုပေး လျက်ရှိသည့်အပြင် ရိပ်သာအတွက် အလှူငွေ ကျပ်သိန်း ၅ဝဝ ကျော်ကိုလည်း ရရှိစုဆောင်းပေး ထားနိုင်ပြီဖြစ်သည်။
ဓနုမြေ ဘိုးဘွားရိပ်သာတွင် ဘိုးဘွား ၂၆ ဦး အား ဝန်ထမ်းငါးဦးက ပြုစုစောင့်ရှောက်မှုပေး လျက်ရှိသည့်အပြင် ရိပ်သာအတွက် အလှူငွေ ကျပ်သိန်း ၅ဝဝ ကျော်ကိုလည်း ရရှိစုဆောင်းပေး ထားနိုင်ပြီဖြစ်သည်။
▄
မီးအိမ်ရှင်စာကြည့်တိုက် ▄
''စာကြည့်တိုက်တွေလည်း
ကျွန်တော် ဆက်ပြီး ဖွင့်လှစ်ဖြစ်ခဲ့ ပါတယ်။ လူငယ်တွေဟာ ကျောင်း တက်ပြီး ပညာကိုသင်ယူရသလို
လူကြီးတွေကို ပညာသင်ပေးဖို့အတွက်လည်း စာကြည့်တိုက် တွေ ဟာ မဖြစ်မနေလိုအပ်တဲ့အတွက် စာကြည့်
တိုက်တွေကို ဖွင့်နိုင်အောင် ကြိုးစားခဲ့ရတာဖြစ် ပါတယ်''ဟု ဆရာဝန်ကြီးက ရှင်းပြသည်။
ပြည်သူ့ဂုဏ်ရည်
မီးအိမ်ရှင် စာကြည့်တိုက်ကို ထူထောင်ထားပြီး ပြည်သူ့ဂုဏ်ရည်ဆုရရှိသည့် ငွေကျပ် သိန်း
၁ဝဝ ကို အခြေခံ၍ ထူထောင်ခဲ့ကာ ယခုအခါ စာအုပ်ပေါင်း ၁၃ဝဝဝ ကျော် ရှိနေပြီး စာငှားရမ်းဖတ်ရှုသူ
တစ်လလျှင် ၇ဝဝ ဝန်းကျင် ရှိကြောင်းသိရသည်။
▄
ဒေသအတွက် လုပ်ဆောင်မှုများ ▄
''ပင်းတယမှာ
အဝီစိတွင်းမတူးနဲ့၊ ရေမထွက် ဘူး''ဆိုသည့် အစဉ် အလာကိုလည်း ဒေါက်တာ သန်းမင်းထွဋ်လက်ထက်တွင်
ချိုးဖျက်နိုင်ခဲ့ သည်။ တောင်ပေါ်ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက် များ စသည်ဖြင့် ရွာနှင့်
ရပ်ကွက် ၃၄ ခုတွင် အဝီစိတွင်းများ တူးဖော်ပေးနိုင်ခဲ့သည်။ မြေပြို လမ်းများကို ပြန်လည်ဖောက်
လုပ်ခြင်း၊ ပုန်းတလုတ် ရေကန် ဆယ်ယူခြင်းများကိုလည်း ဆောင်ရွက်ခဲ့ သည့်အပြင် မြန်မာနိုင်ငံတွင်
ပထမဆုံးသော ဆေးလိပ်ငွေ့ကင်းစင်သည့်ဒေသ အဖြစ် ရွှေဥမင် ဒေသကို ၂ဝ၁၇ သြဂုတ်လက ကြေညာနိုင်ခဲ့
သည့် ပရဟိတအဖွဲ့ ၂၁ ဖွဲ့မှ လူငယ် ၂ဝဝဝ ကျော်၏ အပင်ပန်းခံ ဆောင်ရွက်မှုတွင်လည်း တက်ကြွ
သည့်ခေါင်းဆောင် တစ်ဦး အဖြစ် ပါဝင် ခဲ့သည်။
ဆေးရုံများတွင်လည်း
Hospital Waste Management အတွက် မြန်မာနိုင်ငံ၏ပထမ ဆုံး Needle pit စီမံချက်၊ မြန်မာနိုင်ငံတွင်
ပထမ ဆုံးဖြစ်သည့် ကျား မ အခြေပြု အကြမ်းဖက် ခံရသူများအတွက် တစ်နေရာ တည်းတွင် ဝန်ဆောင်
မှုပေးနိုင်သောစင်တာ (One Stop Crisis Centre- OSCC)တို့ကို ဖော်ဆောင်ခဲ့သလို မြန်မာနိုင်ငံတွင်
ပထမဆုံး မသန်စွမ်းသူများ အဆင်ပြေစွာ သွားလာနိုင်သောမြို့ (Disabled friendly City)တို့ကို
ဖော်ဆောင်ရာတွင် လည်း ပင်းတယဒေသခံများနှင့်အတူ ဦးဆောင် ပါဝင်ခဲ့သည်။
ထို့ပြင်
ပင်းတယဒေသတွင် အရန်သားဖွား ၁၆၁ ဦးရှိရာ တစ်ရွာ တစ်ယောက် အရန်သားဖွား ဆရာမများ ထားရှိနိုင်ခဲ့သည်။
ကျန်းမာရေး ကွန်ရက်တစ်ခုကိုလည်း ထူထောင်ပေးနိုင်ခဲ့ပြီး ပရဟိတအဖွဲ့များကို ရွာပေါင်း
၇ဝ တွင် ဖွဲ့စည်း ခဲ့သည်။ ပရဟိတ ကွန်ရက်ထူထောင်ကာ လူနာ သယ်ပို့စနစ်များ၊ သွေး၊ အာဟာရ၊
လူနာညွှန်းပို့ စနစ်၊ နာရေးလုပ်ငန်းများကို လုပ်ဆောင်ပေးနိုင် ခဲ့သည်။ ထို့ပြင် အသေးစား၊
အကြီးစား ခွဲစိတ်မှု များ အကြိမ်ကြိမ် စုပေါင်းပြုလုပ်ပေးခဲ့ခြင်းတွင် လည်း ဦးဆောင်မှုပေးခဲ့ပြီး
လုပ်ငန်း စဉ်များ အတွက် ပြည်သူလူထု ထည့်ဝင်လှူဒါန်းငွေများ သည် ကျပ် သိန်းပေါင်း ၉ဝဝဝ
ကျော်ခန့် ရှိနေပြီ ဟု ဆရာဝန်ကြီးက ဆိုသည်။
''ကျွန်တော်
တတ်နိုင်သလောက်တော့ ပင်းတယမြေအတွက် လုပ်ဆောင်ပေး ခဲ့တယ်။ ရသလောက်လည်း ထပ်ပြီး လုပ်ပေးနေ
ဦးမှာပဲ'' ဟု ဆရာဝန်ကြီးက ပြောကြားသည်။
အလင်းရောင်သည်
တောင်ပေါ်ဒေသ၏ အစွန်အဖျား တောင်ပေါ် ရွာကလေးအပေါ် ဖြာ၍ ကျဆင်းနေသည်။ ဤတောင်ပေါ်ဒေ သလေးတွင်
ဆရာဝန်ကြီး၏ အပြုံးတစ်ချက်သည် လူနာများ အတွက် အားဆေးပင်ဖြစ်သည်။ ကလေးများ သည် ဆရာဝန်ကြီး၏
ကားနောက် မှ ပြေးလိုက်ကြ သည်။ လူကြီးများက ဆေးပေါ့လိပ် ကိုခဲကာ ဆရာဝန်ကြီး၏ကားကို ခပ်ပြုံးပြုံးကြည့်ရင်း
ပီတိ ဖြစ်ကြ သည်။
▄
ဒေသခံများအတွက် မရှိမဖြစ်သူ ▄
''ကျွန်တော်တို့အတွက်
ဆရာကြီးက မရှိမဖြစ် ပါ။ အားလုံးကလည်း သူ့ကိုချစ်တယ်။ သူကလည်း အားလုံးကိုချစ်တယ်။ ဒေသ
ဖွံ့ဖြိုး တိုးတက်လာ တယ်လို့ပြောရင် ဆရာကြီးကိုလည်း ချန်ထားလို့ မရဘူး။ သူလည်းအစိတ်အပိုင်းပဲ''ဟု
ပင်းတယ မြို့၌ ဖွံ့ဖြိုးရေး ပရဟိတလုပ်ငန်းများလုပ်ဆောင် နေသူ ကိုဇော်က ပြောပြသည်။ ပင်းတယမြို့မှ
မီးအိမ်ရှင်သည် ကျန်းမာရေးစောင့်ရှောက်မှု အမျိုးမျိုး အပြင် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ
အတွက်ပါ အသင့်ရှိနေသည် မဟုတ်ပါလား။ ။
သတင်းဆောင်းပါး-ခင်ရတနာ၊
ဓာတ်ပုံ-မေဦးမိုး၊ ကိုဇော်(ပင်းတယ)


No comments:
Post a Comment