နိုင်ငံတစ်နိုင်ငံ၏
စီးပွားရေးကို ယေဘုယျအားဖြင့် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ ဟူ၍ ခွဲခြားထားပြီး နိုင်ငံစီးပွားရေး
တိုးတက်ဖွံ့ဖြိုးမှုကို ကြည့်လျှင်GDP တွင် လယ်ယာကဏ္ဍပါဝင်မှု အချိုး အစား အများဆုံးဖြစ်လျှင်
ဆင်းရဲသည့်နိုင်ငံဖြစ်ပြီး ဝန်ဆောင်မှု ကဏ္ဍ အရေးအပါဆုံးဖြစ်လျှင် ချမ်းသာသည့် နိုင်ငံဟူ၍
သတ်မှတ်ပါ သည်။ ယနေ့အဖွံ့ဖြိုးဆုံးနိုင်ငံ များတွင် ဝန်ဆောင်မှုကဏ္ဍမှ GDP ကို အများဆုံး
ဖြည့်စွမ်းနေပြီး ဒုတိယစက်မှုကဏ္ဍနှင့် လယ်ယာကဏ္ဍမှ အနည်းဆုံး ဖြစ်လေ့ရှိသည်။
ဝန်ဆောင်မှုပို့ကုန်ဆိုသည်မှာ
ဝန်ဆောင်မှုလုပ်ငန်းများမှ နိုင်ငံခြား ဝင်ငွေ ရှာပေးသည့် လုပ်ငန်း အားလုံး အကျုံးဝင်ပြီး
နိုင်ငံခြားသား ခရီးသွား လုပ်ငန်းများ၊ နိုင်ငံခြားသားများအား ငှားရမ်းသည့် အိမ်ခြံမြေ
ဝန်ဆောင်မှုလုပ်ငန်းများ၊ သယ်ယူထောက်ပို့ လုပ်ငန်းများ၊ နိုင်ငံခြားသား များအတွက် ဆောင်ရွက်မှု
ပေးသည့် ဘဏ်၊ အာမခံ၊ နည်းပညာ၊ ပညာရေး၊ ကျန်းမာရေး စသည့် ဝန်ဆောင်မှု လုပ်ငန်းများ၊ နိုင်ငံခြားကုမ္ပဏီများ၊
နိုင်ငံတကာ အေဂျင်စီနှင့် အဖွဲ့အစည်းများတွင် အလုပ်လုပ်သူများ၊ သင်္ဘောသားများ၊ နိုင်ငံခြားသို့
သွားရောက် အလုပ်လုပ် သူများ စသည်တို့သည် ဝန်ဆောင်မှုပို့ကုန် ဆောင်ရွက် နေသူများဖြစ်သည်။
နိုင်ငံအတွက် ဝန်ဆောင်မှုပို့ကုန် လုပ်ငန်း အမျိုးမျိုးရှိ သည့်အနက် လူမှုစီးပွားအကျိုး
သက်ရောက်မှု အများဆုံးရှိသည့် ခရီးသွားလုပ်ငန်းကို အမျိုးသားပို့ကုန် မဟာဗျူဟာတွင် ထည့်သွင်းရေးဆွဲကာ
သဘာဝအခြေခံ ခရီးသွားနယ်မြေများသာမက အဆင့်မြင့် ခရီးသွားနယ်မြေသစ်များ ဖော်ထုတ်ကာ လုပ်ဆောင်နေပြီဖြစ်သည်။
မြန်မာနိုင်ငံသည် အရှေ့ တောင်အာရှတွင် ကုန်းမြေတစ်ဆက်တည်း အကျယ်ဝန်း ဆုံးဖြစ်ပြီး မတူညီသည့်
မြေမျက်နှာပြင်များ၊ တောင်တန်း ကြီးများ၊ ရှည်လျားသည့် ကမ်းရိုးတန်းတစ်လျှောက် မပျက်စီးသေးသည့်
ပင်လယ် ကမ်းခြေများ၊ မြစ်ကြီးများ နှင့် တောင်ပေါ် ကုန်းမြင့်ရှိရေ အိုင်များ၊ မတူကွဲပြားသည့်
ဒေသလိုက် တိုင်းရင်းသားများနှင့် ဓလေ့ထုံးစံများ၊ ရှေးဟောင်းအမွေအနှစ်များ စသည်တို့ကြောင့်လည်း
ကမ္ဘာ့စိတ်ဝင်စား ဖွယ်ကောင်းသည့် နိုင်ငံ ၁ဝ နိုင်ငံ ထဲတွင်ပါ ဝင်နေပြီး ခရီးသွားလုပ်ငန်းတိုးတက်ရန်
အလားအလာကောင်းသည့် နိုင်ငံလည်းဖြစ်သည်။
ယခုအခါ
နိုင်ငံခြားသားခရီးသွား ပိုမိုဝင်ရောက်လာသည့်အတွက် ဗီဇာကင်းလွတ်ခွင့်များ၊ show
money ပြသသည့် ကိစ္စများ၊ ပြည်အဝင်၊ အထွက်ပုံစံဖြည့်မှုများ စသည်တို့ ဖြေလျှော့မှုများ
ပြုလုပ်လာမှု တို့အပြင် ခရီးသွားလုပ်ငန်း ဥပဒေကိုပါ ပြဋ္ဌာန်းတော့ မည်ဖြစ်၍ ယခုနှစ် ဘဏ္ဍာနှစ်
၂ဝ၁၈ -၂ဝ၁၉ (၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂ဝ၁၉ ခုနှစ် စက်တင်ဘာလ ၃ဝ ရက်) အတွင်း
ပိုမိုဝင်ရောက်မည်ဖြစ်သည်။ ထို့ပြင် လေကြောင်းများ သာမက ရေကြောင်းမှ ပိုမိုဝင်ရောက်စေခြင်း၊
ထိုင်း၊ တရုတ်၊ အိန္ဒိယ နယ်စပ် ဝင်ပေါက်ဂိတ် များမှလည်း ယခင်ကာလများ ထက် ပိုမိုဝင်ရောက်လာမှုလည်း
တွေ့နေရပြီဖြစ်သည်။ အာဆီယံဒေသ များအတွင်း လွတ်လပ်စွာ သွားလာမှုကို စတင်နေပြီဖြစ်သည့်အပြင်
မြန်မာနှင့် ဆပ်စပ်နေသည့် ဒေသအတွင်းလမ်းများ ပေါ်ပေါက် လာပြီဖြစ်၍ နိုင်ငံခြားသားများ
ပိုမိုဝင် ရောက်လာမည်ဖြစ်သည်။
▄
စိန်ခေါ်မှုများ ▄
နိုင်ငံခြားခရီးသည်များ
ဝင်ရောက်လည်ပတ်မှု မျှော်လင့် သလောက် မလာခြင်းမှာ မတည်ငြိမ်မှုများ ကြောင့် အဓိကဖြစ်ပြီး
ရခိုင်အရေး သည် နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေသည့်အပြင် မမှန်သတင်း များကြောင့်လည်း
လာမည့်ဧည့်သည်များကို ဟန့်တားသလို ဖြစ်နေခဲ့သည်။ ''အိမ်သာမှ ဧည့်လာ'' ဆိုသောစကားနှင့်အညီ
နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ ဘေးကင်းလုံခြုံစိတ်ချစွာ လည်ပတ်နိုင်ရေး၊ ပွင့်လင်းမြင်သာစွာ
ရှိရသည့် ခရီး စဉ်လမ်းကြောင်းများနှင့် တည်းခို ခများ၊ မျှတသည့် ဈေးနှုန်းများဖော်ဆောင်ရေး
တို့ ဆောင်ရွက်ပေးရန် လိုသလို နိုင်ငံသားတိုင်းက ယဉ်ကျေးပျူငှာစွာ ပြုမူ ဆက်ဆံပြီး
ခရီးသွားများကို နွေးနွေးထွေးထွေး ပြောဆို ဆက်ဆံကြရ မည်ဖြစ်သည်။ ထို့အတူ ဘေးကင်းလုံခြုံရေး၊
အစစအရာရာ အဆင်ပြေချောမွေ့စေရေးအတွက် အားလုံး ဝိုင်းဝန်းဆောင်ရွက်ရန် လိုပေသည်။ ဆိုလိုသည်မှာ
နိုင်ငံခြားသားများ ပိုမိုဝင်ရောက်လာရေး အတွက် ခရီးသွား လုပ်ငန်း ပတ်ဝန်းကျင်ကောင်းများ
ဖော်ဆောင်ရေး ပင် ဖြစ်သည်။
▄
ဝန်ဆောင်မှုအသစ်များဖော်ထုတ်ရေး ▄
မြန်မာနိုင်ငံသို့လာရောက်ကြမည့်
နိုင်ငံခြားသားများ ငွေပိုမို သုံးစွဲနိုင်ရေးအတွက် ဆွဲဆောင်မှုရှိသည့် ပတ်ဝန်း ကျင်အသစ်
များဖော်ထုတ်ခြင်းဖြင့်လည်း ခရီးသွားလုပ်ငန်း များမှ ဝင်ငွေတက် လာနိုင်သည်။ လက်ရှိအနေအထားတွင်မူ
နိုင်ငံခြားသားများအတွက် အများစုမှာ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ ကျိုက်ထီးရိုးစ
သည်တို့ကိုသာ သွားရောက် လည်ပတ်ပြီး ပြန်လေ့ရှိသည့်အတွက် သုံးစွဲသည့်ငွေပမာဏ မှာ အခြားနိုင်ငံများတွင်
သုံးသည့်ပမာဏထက် များစွာ လျော့နည်းပါသည်။ အမှန်တကယ်မူ နိုင်ငံခြားသားများ ငွေသုံးနိုင်သော
ပတ်ဝန်းကျင်နေရာများ၊ ငွေဖြုန်းနိုင်သော ပတ်ဝန်းကျင်နေရာများမရှိသေးသည့်အတွက် ဧည့်သည်
များကို မဆွဲဆောင်နိုင်သလို လာလည်သည့်သူများလည်း ငွေကြေးများများ သုံးစွဲခြင်းမပြုလုပ်ကြပေ။
အာရှတွင် နိုင်ငံခြားသားများ အများဆုံးလာရောက်သည့်နိုင်ငံမှာ တရုတ်နိုင်ငံပြီးလျှင်
ထိုင်းနိုင်ငံဖြစ်၍ နှစ်စဉ်လာရောက် လည်ပတ်မှု သန်း ၃ဝ အထက်ရှိပြီး ခရီးသွားလုပ်ငန်းမှ
ဝင်ငွေများစွာ ရရှိသည့်အပြင် ဆက်စပ်နေသော လုပ်ငန်း များဖြစ်သည့် ဟိုတယ်နှင့်
Logistics လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ၊ ဖျော်ဖြေရေး လုပ်ငန်းများ၊ အပန်းဖြေလုပ်ငန်းများ၊
ဘဏ်နှင့် အာမခံလုပ်ငန်းများ ညပိုင်း night club များ စသည်တို့ပါ တိုးတက်လာသည့် အတွက်
တိုင်းပြည် ဝင်ငွေတွင်လည်း အရေးပါသည့် ဝင်ငွေ ဇာစ်မြစ်တစ်ခုဖြစ်သည်။ ဗန်ကောက်၏ လမ်းများတွင်
နေရာတိုင်းလိုလို နိုင်ငံခြားသား များအတွက် မှန်ကန်သည့် ထိုင်းရိုးရာအနှိပ်ခန်းများ
တွေ့ရှိနိုင်သလို ဈေးနှုန်းများကို လည်း မြင်သာထင်သာရှိစေပြီး ဖော်ရွေပျူငှာသည့် ဆက်ဆံရေးကြောင့်လည်း
နိုင်ငံခြားသားများ အတွက် ဆွဲဆောင်မှုပေးသည့် လုပ်ငန်းပင်ဖြစ်သည်။
▄
နိုင်ငံခြားသားများ ငွေကြေးသုံးနိုင်သည့်နေရာသစ်များ ▄
နိုင်ငံခြားသားများအတွက်
အရေးပါသည့် ဝန်ဆောင်မှု တစ်ခုမှာ ၎င်းတို့အတွက် ဘေးကင်းလုံခြုံ စိတ်ချရသည့် အစားအသောက်များ
လွယ်လွယ်ကူကူရရှိနိုင်ရေးပင် ဖြစ်သည်။ ဆိုလိုသည်မှာ ရန်ကုန်၊ မန္တလေးစသည့်မြို့ကြီးများ
တွင် ရောင်းချသည့်ဆိုင်များမှအစ လမ်းဘေးဈေးသည်များ အထိ ရောင်းချသည့် အစားအစာများသည်
ဘေးကင်းလုံခြုံ စိတ်ချရမှုပေးနိုင်ရန် အထူးအရေးကြီးပါသည်။ အစား အသောက်များကို သန့်ရှင်းလတ်ဆတ်မှုရှိခြင်း၊ဟင်းချိုမှုန့်၊
စားအုန်းဆီ၊ ဆိုးဆေးမသုံးစွဲခြင်း၊ ယင်လုံစေရန် စီမံထား ခြင်း၊ အစားအစာများကို လက်ဖြင့်
တိုက်ရိုက်မကိုင်တွယ်ခြင်း စသည် တို့ပြင်ဆင်ရမည်ဖြစ်သည်။ အထက်ပါအချက်များ ပြည့်စုံသည့်
အတွက် ဗန်ကောက်မြို့လမ်းဘေးစားသောက် ဆိုင်များတွင်ပင် နိုင်ငံခြားသားများ ဝင်ရောက်စားသုံးမှုများ
နေရာတိုင်းတွင် တွေ့ရ သည်။ ဆိုလိုသည်မှာ လမ်းဘေး ဈေးသည်မှစ၍ စားသောက် ဆိုင်များ အနေဖြင့်
နိုင်ငံခြား သားများ ယုံကြည်စိတ်ချစွာ စားနိုင်ရေးအတွက် အထူး ကြိုးစားပြင်ဆင်ရမည် ဖြစ်သည်။
ထို့အတူ
နိုင်ငံခြားသားများ အများဆုံးသွားရောက် လည်ပတ်သည့် ဒေသအသီးသီးတို့၏ မတူညီကွဲပြားသည့်
တိုင်းရင်းသား လူမျိုးနေ ထိုင်မှုပုံစံ၊ ဓလေ့စရိုက်၊ ရိုးရာ ထုတ်ကုန်များအပြင် ၄င်းတို့၏
အစားအသောက်များကို လည်း နိုင်ငံခြားသားများ စားချင်အောင်ပြင် ဆင်ခြင်း သည်လည်း ဆွဲဆောင်မှုတစ်မျိုးပင်
ဖြစ်သည်။ ယခုအခါ အထက်ပါအစီအစဉ်များ စတင်နေပြီဖြစ်သော်လည်း ဒေသတိုင်း အထက်ပါဝန်ဆောင်မှုများ
ပေးနိုင်ရန် စီမံသင့် ပေသည်။ ထို့အတူ့  hand made ဒေသထုတ်ကုန်များ ခင်းကျင်းပြသရောင်းချခြင်း၊
သဘာဝအခြေခံစခန်းသစ် များဖော်ထုတ်ခြင်း (ဥပမာအားဖြင့် ဆင်စခန်းသစ်များ ဖော်ထုတ်လာခြင်း)၊
ရေကြောင်းကိုအခြေပြု ခရီးသွားလုပ်ငန်းသစ်များဖော်ထုတ်ခြင်း၊ ဧရာဝတီမြစ်အခြေပြု သင်္ဘောစီးလုပ်ငန်း
စလာပြီဖြစ်သော်လည်း တိုးချဲ့ရန် လိုသေးခြင်း၊ ရေကြောင်းဖြင့်ရန်ကုန်မြို့ပတ် (လှိုင်မြစ်နှင့်
ငမိုးရိပ်ချောင်း တစ်လျှောက်) ကြည့်ရှုလည်ပတ်နိုင်ရန် ဆောင်ရွက်ခြင်း၊ လက်ရှိ ပင်လယ်ကမ်းခြေများ
ပိုမိုဖွံ့ဖြိုး စေရန်ဆောင်ရွက်ခြင်း စသည့်နည်းလမ်းများ စတင် လုပ်ကိုင်နိုင်ရန် ကြိုးစားရမည်ဖြစ်သည်။
▄
ငွေဖြုန်းနိုင်သည့်နေရာသစ်များဖော်ထုတ်ခြင်း ▄
နိုင်ငံခြားသားများအတွက်
ငွေဖြုန်းနိုင်သည့် ပတ်ဝန်းကျင် အသစ်များ ကိုလည်း ဖော်ထုတ်ရမည် ဖြစ် သည်။ ယခုအခါ နိုင်ငံခြားသားများ
သာ လောင်းကစား လုပ်ငန်း လုပ်ကိုင်ရန် ကာစီနိုဥပဒေကို လွှတ်တော်မှ အတည်ပြုပေးခြင်းသည်
နိုင်ငံခြားငွေ ရရှိရေး အတွက် နည်းလမ်းသစ်ပင်ဖြစ်သည်။ ထို့အတူ ဖျော်ဖြေရေးလုပ်ငန်း
များဖြစ်သည့် night club များ တရားဝင်မှတ်ပုံတင်ပြီး ဖွင့်လှစ်စေခြင်း မျိုးလည်း စဉ်းစားသင့်ပါသည်။
UAE နိုင်ငံ ဒူဘိုင်းတွင် နိုင်ငံခြား သားများအတွက် ရည်ရွယ်ပြီး သဲကန္တာရထဲတွင် တောင်ကုန်းငယ်
များနှင့် ချိုင့်များဖန်တီး ပြီး ဆာဖာရီ (Safari) အမည် ကားများဖြင့် စိတ်လှုပ်ရှားဖွယ်
အတက်၊ အဆင်းများဖြင့် ခရီးစဉ်တစ်ခု ပြုလုပ်ထားကာ ၄င်းတို့၏အစားအစာများဖြင့် ဧည့်ခံသည့်
ခရီးစဉ် တစ်ခု အတွက် အမေရိကန်ဒေါ်လာ ၁ဝဝ ဝန်းကျင်ကျသင့်ပြီး နေ့စဉ် ညနေပိုင်း နိုင်ငံခြားသားများစွာကို
ဝန်ဆောင်မှု ပေးခြင်းဖြင့် နိုင်ငံခြားငွေများရရှိပါသည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံသို့
လာရောက်လည်ပတ်သူများအတွက် ငွေဖြုန်းနိုင်သည့် ပတ်ဝန်းကျင်နေရာ အသစ်များ ဖန်တီး ပေးရန်
အထူးလိုအပ်ပါသည်။
▄
မြုပ်ကွယ်နေသည့် ဝန်ဆောင်မှုပို့ကုန်များဖော်ထုတ်ရေး ▄
နိုင်ငံခြားငွေ
ရရှိနေသည့် ဝန်ဆောင်မှုပို့ကုန်ဇာစ်မြစ် များမှ ပြည့်ပြည့်ဝဝရရှိစေရန် ဆောင်ရွက်ခြင်းပင်ဖြစ်
သည်။ ဥပမာအားဖြင့် real estate များ၊ ကွန်ဒိုများ စသည်တို့ကို နိုင်ငံခြားသားများ
ငှားရမ်းခြင်းမှ အစိုးရသို့ ပေးသွင်းရမည့် အခွန်အခငွေပင်ဖြစ်သည်။ ထို့အတူ ပြည်တွင်းရှိ
နိုင်ငံခြားအဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ အေဂျင်စီများ၊ INGOs စသည်တို့တွင် အလုပ်လုပ်နေကြ
သည့် (သို့မဟုတ်) ဝန်ဆောင်မှု ပို့ကုန်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ သားများမှ ပေးသွင်းရမည့်
အခွန်အကောက် အပြည့်အဝရ ရှိရေးပင်ဖြစ်သည်။ ထို့အတူ နိုင်ငံတကာတွင် သွားရောက် အလုပ်လုပ်ကြ
သည့် မြန်မာနိုင်ငံသားတို့၏ ဝင်ငွေများလည်း တိုင်းပြည်ဝင်ငွေတွင်အကျုံးဝင်သလို အခွန်အခများ
မှန်မှန်ကန်ကန်ရရှိရန်လည်းလိုပေသည်။
အရေးကြီးသည်မှာ
နိုင်ငံခြားသို့ သွားရောက် လုပ်ကိုင်ကြသည့် မြန်မာလုပ်သားများ၏ ပြန်လည် လွှဲပြောင်းပေးငွေများ၊
တရားဝင် လမ်းကြောင်းများကို မသုံးသည့်အတွက် နိုင်ငံတော်မှ မရရှိခြင်း ပင်ဖြစ် သည်။
အမှန်တကယ်မူ ယနေ့ခေတ်တွင် ကမ္ဘာအရပ်ရပ်သို့ သွားရောက်အလုပ်လုပ်ကိုင်ပြီး မိခင်တိုင်းပြည်သို့
ပြန်လည် လွှဲပြောင်းပေးပို့ငွေတွင် ကမ္ဘာ့ဘဏ်၏ဖော်ပြ ချက်အရ တစ်ကမ္ဘာလုံး အနေဖြင့် ၂ဝ၁၇
ခုနှစ်တွင် ဒေါ်လာ ဘီလီယံ ၆ဝဝ ဝန်းကျင်ခန့်ရှိခဲ့ပြီး အများဆုံး ပြန်လည်တင်ပို့သည့်နိုင်ငံမှာ
အိန္ဒိယနိုင်ငံဖြစ်၍ အမေရိ ကန်ဒေါ်လာ ၆၉ ဘီလီယံ၊ ဒုတိယအများဆုံး တရုတ်နိုင်ငံ ၆၄ ဘီလီယံဖြစ်ပြီး
တတိယအများဆုံးမှာ ဖိလစ်ပိုင်ဖြစ်၍ အာရှနိုင်ငံများ က လွှမ်းမိုးထားသည်။ နိုင်ငံအရွယ်အစားနှင့်
လူဦးရေအရကြည့်လျှင် အအောင်မြင်ဆုံးနိုင်ငံမှာ ဖိလစ်ပိုင်ဖြစ်ပြီး ၂ဝ၁၇ ခုနှစ် တွင်
တရားဝင်ပြန်လည်ပေးပို့ငွေ အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံဖြစ် သည့်အပြင် တရားဝင်လမ်းကြောင်းဖြစ်
သည့် ဘဏ်များမှတစ်ဆင့် အများဆုံးလွှဲပြောင်းပေးနေပြီး လွှဲပြောင်းစရိတ် အသက်သာဆုံး အဖြစ်လည်း
သတ်မှတ် ခြင်းခံရသည်။ ပုံမှန်တက်နေသည့် လွှဲပြောင်းပေးငွေ သည် ၂ဝ၂၃ ခုနှစ် အမေရိကန်
ဒေါ်လာ ၄၂ ဘီလီယံ ရရှိမည်ဖြစ်သည်။ ဖိလစ်ပိုင်များအနေဖြင့် အမေရိက၊ ဥရောပ၊ ဂျပန်၊ ကိုရီးယား၊
စင်ကာပူ စသည်တို့တွင် သွားရောက် အလုပ်လုပ်ကြပြီး ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျွမ်းကျင်ပညာရှင်များ၊
သူနာပြုတို့မှစပြီး အများဆုံး လုပ်နေသည့် အိမ်ဖော်လုပ်ငန်း ဖြစ်သည်။ အားသာချက် မှာ
လူတိုင်းအင်္ဂလိပ်စကား ကျွမ်းကျွမ်း ကျင်ကျင် ပြောဆို နိုင်မှုကြောင့်လည်း နိုင်ငံခြားသားများကြိုက်သလို
ရွှေ့ပြောင်းလုပ်သားဆိုင်ရာ အဖွဲ့အစည်းများလည်း ရှိသည့်အတွက် အစစအဆင်ပြေစေသည်။ ထို့အတွက်
မတရားပြုမူခြင်း၊ ညှဉ်းပန်းခြင်း၊ အဓမ္မခိုင်းစေခြင်းများ လည်း ရှောင်ရှားနိုင်ပေသည်။
ထို့အတွက် ဖိလစ်ပိုင်၏ တိုင်းပြည်ဝင်ငွေတွင် လွှဲပြောင်းပေးပို့ငွေ သည်ရာခိုင် နှုန်းအားဖြင့်
ကိုးရာခိုင်နှုန်းဝန်းကျင် ပါဝင်နေသည့် အတွက် အရေးပါသည့် ဝန်ဆောင်မှုပို့ကုန်ပင်ဖြစ်သည်။
မြန်မာနိုင်ငံအတွက်မူ
ရွှေ့ပြောင်းလုပ်သားဦးရေ လေးသန်းဝန်း ကျင်ခန့်ရှိနိုင်ကြောင်း (၂ဝ၁၅-၂ဝ၁၆ ခုနှစ်) ယခင်ကခန့်မှန်းခဲ့သော်
လည်း လက်ငင်းနှစ်များ အတွင်း ပြည်ပသို့ထွက်သည့် ရွှေ့ပြောင်း လုပ်သား ပိုမို များပြားခဲ့ပါသည်။
အားနည်းချက်မှာ ယခင် ထိုင်းသို့ ထွက်သည့် လုပ်သားများအနက် တချို့မှာ ပတ်စပို့ မရှိခြင်း၊
တရားဝင် လမ်းကြောင်းများမှ မသွားခြင်း၊ ဗီဇာမရှိခြင်း စသည်တို့ကိုလည်း ယခုအခါ တရားဝင်
ဖြစ်အောင် ပြုလုပ်ပေးနေပြီဖြစ်သည်။ ယခုအခါ တရားဝင်မှတ်ပုံတင်ထားသည့် အေဂျင်စီများမှတစ်ဆင့်သာ
လုပ်ဆောင်ခွင့် ခွင့်ပြုထားသလို ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ထိုင်းတို့မှလည်း တရားဝင်လာရောက်
လုပ်ကိုင်သူများကိုသာ ခန့်ထားလာမှုကြောင့်လည်း နိုင်ငံခြား သွားရောက်လုပ်ကိုင် သူများအတွက်
ပို၍ စွန့်စားမှု၊ မသေချာမှုများလျော့လာသလို ပို၍ စနစ်ကျ လာပြီဖြစ်မည်။
▄
ပံ့ပိုးပေးပါ၊ တရားဝင်လွှဲစေရန်စည်းရုံးပါ ▄
ယခုအခါ
နိုင်ငံတော်အစိုးရမှ ရွှေ့ပြောင်းလုပ်သား များ တရားဝင် လုပ်ကိုင်ခွင့်ရရှိစေရန် ဆောင်ရွက်မှုများ
ရှိသလို အခက်အခဲ ပြဿနာကြုံနေသည့်လုပ်သား များစွာအတွက်လည်း သံရုံးများမှ တစ်ဆင့် ချက်ချင်း
ဖြေရှင်းမှုများသည် ကောင်းသည့် လုပ်ဆောင်ချက်များဖြစ် ပြီး အစိုးရနှင့် ပြည်သူ အပြန်အလှန်
ယုံကြည်မှုကို ပို၍ တိုးပွားစေပါသည်။ ပြည်ပထွက်သည့် လူငယ်လူရွယ် အများစုမှာ နယ်များမှဖြစ်ပြီး
သွားလာရေးစရိတ်၊ ဝန်ဆောင်ခစရိတ်များအတွက် ရှိသည့်ပစ္စည်းများ ရောင်းချခြင်း၊ ချေးငှားခြင်းဖြင့်သာ
လိုအပ်သည့် ငွေကြေးရှာဖွေရသည်။ အများစုမှာ အကြွေးဖြင့်သွားသည့် သူများပါသည်။ တရားဝင်ဖွင့်လှစ်ထားသည့်
ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများမှတစ်ဆင့် သေချာသည့် အလုပ်များအတွက် သွားရောက်မည့်
သူများကို လုံလောက်သည့်ချေးငွေ (နိုင်ငံပေါ်မူတည်၍ ကျပ်ငါးသိန်းမှ သိန်း ၂ဝ ဝန်းကျင်)
ထုတ်ချေးခြင်းဖြင့် ရွှေ့ပြောင်းလုပ်သားတစ်ဦးချင်း၏ ငွေကြေးအခက်အခဲ ကိုပံ့ပိုးခြင်းသည်
ရွှေ့ပြောင်းလုပ်သားများ နောင်ရ လာမည့် ဝင်ငွေများမှ ချေးငွေအတွက် နိုင်ငံခြားငွေဖြင့်
ပြန်ရနိုင်သလို လွှဲပြောင်းငွေများကိုလည်း တရားဝင် လမ်းကြောင်းမှ လွှဲစေရန်စည်းရုံးပြီးဖြစ်ပါသည်။
ဆိုလိုသည်မှာ
ပြည်ပတွင် သွားရောက်အလုပ်လုပ် နေကြသည့် ရွှေ့ပြောင်းလုပ်သားများ၏ လွှဲပြောင်းငွေ များ၊
တရားဝင် လမ်းကြောင်းဖြစ်သည့် ဘဏ်များမှ တစ်ဆင့် လွှဲပြောင်းစေခြင်းဖြင့် နိုင်ငံတော်အတွက်
နိုင်ငံခြားငွေရရှိနိုင်သည့်အပြင် တရားဝင် လွှဲပြောင်း ခြင်းဖြစ်၍ ဖုံးကွယ်နေရသည့် ဝန်ဆောင်မှုပို့ကုန်များ
ဖော်ထုတ်နိုင်ပြီး တိုင်းပြည်ဝင်ငွေကိုပါ တိုးလာနိုင်ပါ သည်။ ယေဘုယျတွက်ချက်ခန့်မှန်းမှုအရဆိုသော်
ဝင်ငွေအနည်းဆုံးရသည့် ထိုင်းနိုင်ငံမှစပြီး မလေးရှား၊ တောင်ကိုရီးယား၊ ဂျပန်စသည်ဖြင့်
ရွှေ့ပြောင်းလုပ်သား များအနေဖြင့် ပျမ်းမျှတစ်လ ဒေါ်လာ ၃ဝဝခန့် လွှဲပြောင်း သည်ဟု အနိမ့်ဆုံးယူဆလျှင်
ခန့်မှန်းရွှေ့ပြောင်းလုပ်သား ငါးသန်း၏ တစ်လလွှဲပြောင်းငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ
ရရှိမည် ဖြစ်သည်။ တစ်နှစ် ၁၈ ဘီလီယံဆိုသည့်ငွေပ မာဏသည် စုစုပေါင်း ကုန်စည် ပို့ကုန်ထက်ပင်
များနေမည်ဖြစ် သည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ဖုံးကွယ်နေသည့် ဝန်ဆောင်မှု ပို့ကုန်များ
အမြန်ဖော်ထုတ်ခြင်းအားဖြင့် နိုင်ငံဓနအင်အား တိုးပွားလာမည်ဖြစ်သည်။ အထူးသဖြင့် အရေးအကြီးဆုံး
ဝန်ဆောင်မှုပို့ကုန် နှစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်းနှင့် ရွှေ့ပြောင်းလုပ်သားတို့အတွက်
အာရှတွင် အအောင် မြင်ဆုံးဖြစ်သည့် ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းနှင့် ဖိလစ်ပိုင်နိုင်ငံ၏
ရွှေ့ပြောင်းလုပ်သားတို့ကို စံနမူနာ ထားကာ အတုယူလုပ်ဆောင်သင့်ပါသည်။
▄
ပြည်သူအားလုံး၏တာဝန် ▄
နိုင်ငံဓနအင်အားတောင့်တင်းရေးကို
အစိုးရ သာမက ပြည်သူ အားလုံး တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်နိုင် မည်ဖြစ်သည်။
ဝန်ဆောင်မှုပို့ကုန်များ သိသာသည့် တိုးတက်မှု ဖော်ဆောင်နိုင်ရန် အစိုးရဦးဆောင်ပြီး လက်တွေ့လုပ်
ဆောင်နေ သည့် လုပ်ငန်းရှင်များနှင့် လူငယ်များ၏ ကြိုးစားအားထုတ်မှု၊ တီထွင်ကြံဆမှု၊ နိုင်ငံတကာ
စံချိန်စံညွှန်းလိုက်နာမှုနှင့် ပြည်သူတို့၏ အမျိုးသားရေး စိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်မှုတို့
အထူးလိုအပ်ပါ သည်။ ခရီးသွားလုပ်ငန်း သိသိသာသာ တိုးတက်ရေးနှင့် ရွှေ့ပြောင်းလုပ်သားများ၏
လွှဲပြောင်းငွေများ၊ တရားဝင် ဘဏ်လုပ်ငန်းများမှတစ်ဆင့် လွှဲပြောင်းစေရေးအတွက် နိုင်ငံတော်အစိုးရမှ
လိုအပ်သည့် ပံ့ပိုးမှုများ၊ ဆွဲဆောင်မှု များ ပါဝင်သည့်အစီအမံများ လက်တွေ့ကျကျ အမြန်
ဆောင်ရွက်ရန်လိုသလို ရွှေ့ပြောင်းလုပ်သားများအနေဖြင့် လည်း နိုင်ငံချစ်စိတ်ဖြင့် ယခင်ဟွန်ဒီစနစ်ဖြင့်
လွှဲပြောင်း နေမှုများအစား ဘဏ်များမှ လွှဲပြောင်းခြင်းဖြင့် ဖုံးကွယ် နေသည့် ဝန်ဆောင်မှုပို့ကုန်များ
ဖော်ထုတ်နိုင်ပြီး နိုင်ငံစီးပွားကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးနိုင် မည်မှာ
မုချမသွေဖြစ်သည်။
ရည်ညွှန်း
:https : //economictimes. indiatimes. com /news /....
Dr
မောင်အောင်
No comments:
Post a Comment