▄
အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ▄
ယနေ့
ကမ္ဘာကြီးတွင် ကျန်းမာရေးဆေးပညာနှင့် အသိပညာ တိုးတက် လာခြင်းကြောင့် လူ့သက်တမ်း တိုးမြင့်
လာသည်နှင့် အညီ သက်ကြီး ဘိုးဘွားဦးရေလည်း တိုးပွားများပြားလာသည်။ ဤသို့ တိုးပွား များပြားလာသည့်
သက်ကြီးဘိုးဘွားများ၏ဘဝ သာယာ ချမ်းမြေ့စေရန်အတွက် အခြေခံလိုအပ်ချက်များဖြစ် သော သက်ကြီး
ရွယ်အိုများ ရင်ဆိုင်ကြုံတွေ့နေရသည့် ဆင်းရဲ ပင်ပန်းမှု၊ ကျန်းမာရေးစောင့်ရှောက်ရန်
လိုအပ်မှု၊ အထီးကျန် ဆန်ဆန်နေ ရမှုတို့ကို လူ့အဖွဲ့အစည်းတစ်ရပ်လုံးက စာနာ ဖေးမနိုင်ရန်
ရည်ရွယ် ၍ ၁၉၉ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၄ ရက် နေ့က ကျင်းပသော ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာခံက
နှစ်စဉ် အောက်တိုဘာလ ၁ ရက်နေ့ ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့
(International Day of Older Persons)အဖြစ် ဂုဏ်ပြု သတ်မှတ် ခဲ့သည်။
သမိုင်းကြောင်းကို
လေ့လာကြည့်ရာ သက်ကြီး ရွယ်အို များနှင့် ပတ်သက်သည့် ကိစ္စအဝဝကို နိုင်ငံများက အလေး ထားဆောင်
ရွက်နိုင်ရန် အတွက် ၁၉၆၉ ခုနှစ် ကုလသမဂ္ဂ ညီလာခံတွင် မော်လ်တာ နိုင်ငံက စတင်အကြံပြုသဖြင့်
ဆွေးနွေးဖြစ် ခဲ့ကြသည်။ ကုလ သမဂ္ဂအဖွဲ့ကြီးက ၁၉၈၂ တွင် သြစတြီးယားနိုင်ငံ ဗီယင်နာ မြို့၌
ပထမအကြိမ် သက်ကြီးရွယ်အိုဆိုင်ရာ ညီလာခံကို ကျင်းပခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် အမှီခိုကင်းပြီး
လွတ်လပ်ခွင့် အပြည့် အဝရရှိရန်၊ ပါဝင်ဆောင်ရွက်ခွင့်ရရှိရန်၊ အပြန်အလှန် ကူညီဆောင်ရွက်ခွင့်
ရရှိရန်၊ မိမိတို့ ကိုယ်တိုင်ဖြည့်စွမ်းနိုင် ရန်နှင့် ဂုဏ်သိက္ခာရှိရှိ ရပ်တည်ခွင့်ရရှိရန်
ဟူသည့် သက်ကြီး ရွယ်အို ဆိုင်ရာ အခြေခံမူငါးရပ်ကို ချမှတ်ပေးခဲ့သည်။ ၁၉၉၉ ခုနှစ်ကို
အပြည်ပြည် ဆိုင်ရာ သက်ကြီးရွယ်အိုများနှစ်အဖြစ် သတ်မှတ် ခဲ့သည်။
ထိုနှစ်(၁၉၉၉
ခုနှစ်)မှ စတင်ပြီး အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အို များနေ့ အထိမ်းအမှတ် အခမ်းအနားများကို
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်လွှား၌ ကျင်းပနေခြင်းဖြစ် သည်။ ၂ဝဝ၂ ခုနှစ်တွင် စပိန်နိုင်ငံ
မက်ဒရစ်မြို့၌ ဒုတိယ အကြိမ် သက်ကြီး ရွယ်အိုဆိုင်ရာညီလာခံကို ကျင်းပခဲ့ပြီး မက်ဒရစ်လုပ်ငန်းအစီအစဉ်
(Madrid International Plan of Action on Ageing-MIPAA) ကို ချမှတ်ပေး နိုင်ခဲ့သည်။
▄
ကမ္ဘာ့သက်ကြီးရွယ်အိုဦးရေ ▄
ဖွံ့ဖြိုးဆဲနိုင်ငံများတွင်
အသက်အရွယ်အုပ်စုအလိုက် လူဦးရေ အချိုးအစားမှာ လျင်မြန်စွာ ပြောင်းလဲလျက်ရှိရာ ၂ဝ၃ဝ
ပြည့်နှစ်တွင် အသက် ၆ဝ ကျော် သက်ကြီးဦးရေမှာ ၁ဝ နှစ်အောက် ကလေးဦးရေ ထက် ပိုမိုများပြားတော့မည်ဖြစ်
ကြောင်း၊ ၂ဝ၁၃ ခုနှစ်က သက်ကြီး ဦးရေ ၈၄၁ သန်းရှိရာမှ ၂ဝ၅ဝ ပြည့်နှစ် အရောက်တွင် နှစ်ဆကျော်
တိုးပြီး နှစ်ဘီလီယံ ရှိလာလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုသည်။ လွန်ခဲ့သော ဆယ်စုနှစ်သုံးခုအတွင်း
အရှေ့တောင် အာရှဒေသသည် လူဦးရေပုံသဏ္ဍာန်(Demographic) ဖြစ်တည်မှု၏ ကောင်းကျိုး အသီးအပွင့်ကို
ခံစားခဲ့ရကြောင်း၊ ယခုအခါ အရှေ့ အာရှဒေသသည် လူဦးရေ ပုံသဏ္ဍာန် ပြောင်း လဲမှု ပုံစံ တစ်ရပ်ဖြစ်သော
သက်ကြီးရွယ်အိုဦးရေ အလျင်အမြန် တိုးပွား လာခြင်းဟူသည့် စိန်ခေါ်မှုကို ရင်ဆိုင် နေရကြောင်း၊
အရှေ့အာရှနှင့် ပစိဖိတ်ဒေသသည် သမိုင်းတစ်လျှောက်တွင် အခြားသော ဒေသများ ထက်ပို၍ အသက်
အရွယ်ကြီးသူများ တိုးပွားလာမှုကိုတွေ့ရကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာသစ် တွင် ဖော်ပြ
ထားသည်။
အရှေ့အာရှနှင့်
ပစိဖိတ်ဒေသတွင် အသက် ၆၅ နှစ်နှင့်အထက် လူဦးရေ ၂၁၁ သန်းကျော် (အရွယ် ရောက်ကမ္ဘာ့လူဦးရေ
စုစုပေါင်း၏ ၃၆ ရာခိုင်နှုန်း) ရှိကြောင်း၊ ၂ဝ၄ဝ ပြည့်နှစ်တွင် အရှေ့အာရှ၌ သက်ကြီး ဦးရေ
နှစ်ဆ မြင့်တက်လာပြီး ၄၇၉ သန်းအထိ ရှိလာ မည်ဖြစ်ကြောင်း၊ ကိုရီးယား၊ တရုတ်နှင့် ထိုင်းစသည့်
နိုင်ငံတို့တွင် အလုပ်လုပ်နိုင် သည့်အရွယ်ရှိ လူဦးရေမှာ ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ
လျော့ကျသွားမည်ဖြစ်ကြောင်း ပညာရှင်တို့က ဆိုသည်။
ဖွံ့ဖြိုးပြီးနိုင်ငံအချို့တွင်
အသက် ၆၅ နှစ်အထက် သို့မဟုတ် အသက် ၆၃ နှစ်အထက်ကိုသာ သက်ကြီးရွယ်အိုဟု သတ်မှတ် သည်။ မြန်မာနိုင်ငံ
တွင်မူ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ အရ အသက် ၆ဝ နှင့် အထက်ကို သတ်မှတ်သည်။ ၂ဝ၁၄ ခုနှစ်
သန်းခေါင်စာရင်း အရ မြန်မာ့လူဦးရေ ၅၁ ဒသမ ၄၈၆ သန်း အနက် ၄ ဒသမ ၅ သန်း (၈ ဒသမ ၉ ရာခိုင်နှုန်း)
သည် သက်ကြီးရွယ်အိုများဖြစ်ကြပြီး သက်ကြီး ရွယ်အိုစုစုပေါင်း၏ ဝ ဒသမ ဝ၄ ရာခိုင်နှုန်းသည်
အသက် ၁ဝဝ ကျော် ဘိုးဘွား များဖြစ်ကြောင်း သိရသည်။
▄
မြန်မာနိုင်ငံ၏ သက်ကြီးရွယ်အိုစောင့်ရှောက်မှု ▄
ယနေ့ကမ္ဘာတွင်
သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ပတ်သက်၍ (၁)စေတနာ့ဝန်ထမ်း ဘိုးဘွားရိပ်သာများထူထောင်စောင့်ရှောက်ခြင်း
(Volunteer Elderly Home)၊ (၂)အိမ်တိုင်ရာရောက် စောင့်ရှောက်ခြင်း (Home-care for
Older People)၊ (၃)နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာများ ဖွင့်လှစ်စောင့်ရှောက်ခြင်း
(Day care Center)၊ (၄)မိသားစု အခြေပြုစောင့်ရှောက်ခြင်(Home Based Care Service)၊
(၅) ရပ်ရွာအခြေပြု စောင့်ရှောက်ခြင်း (Community-Based Service)နှင့် (၆)ဂေဟာများတည်ဆောက်၍
စောင့်ရှောက်ခြင်း(Group Home Based Service)ဟူ၍ နည်းလမ်းခြောက် သွယ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင်
ဘိုးဘွားရိပ်သာထူထောင်၍ စောင့်ရှောက် ခြင်း အဖြစ် မြန်မာသက္ကရာဇ် ၁၂၇၆ ခုနှစ် ပြာသို
လပြည့်ကျော် ၁၂ ရက် က ကရုဏာရှင် ဒေါ်ဦးဇွန်းက မြန်မာ့ပထမဆုံးသော သက်ကြီး ရွယ်အိုေ စာင့်ရှောက်ရေး
လုပ်ငန်းကို မင်းကွန်းမြေ၌ စတင်ခဲ့သည်။ ယခုအခါ နိုင်ငံအဝန်းတွင် ပထမအဆင့်၊ ဒုတိယ အဆင့်၊
တတိယ အဆင့် စသည်ဖြင့် ဘိုးဘွားရိပ်သာ စုစုပေါင်း ၈ဝ ကျော် ရှိနေပြီး အဆိုပါရိပ်သာများသို့
ဘိုးဘွားများအတွက် စားဝတ်နေရေးစရိတ်နှင့် ဂေဟာမှူးလစာများကို အစိုးရက ထောက်ပံ့ပေးလျက်
ရှိသည်။
အိမ်တိုင်
ရာရောက် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး စီမံကိန်းကို ၂ဝဝ၄ ခုနှစ်မှစတင်ပြီး အကောင်
အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်Help Age
International (Myanmar)တို့ ပူးပေါင်းပြီး Older People Self Help Groups ဟု ခေါ်သော
သက်ကြီး သူချင်း ကူညီစောင့်ရှောက်ရေး အဖွဲ့များကို အချို့သော တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ
ကျေးရွာများ၌ ဖွဲ့စည်းဆောင်ရွက် နေကြောင်း၊ ရန်ကုန်တွင် သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်
ရေးဂေဟာကို ၂ဝ၁၃ ခုနှစ်က စတင်ဖွင့်လှစ် ခဲ့ကြောင်း၊ အသက် ၁ဝဝ နှင့်အထက် အဘိုး ၃၃၃ ဦးနှင့်
အဘွား ၈၄၆ ဦးအား ၂ဝ၁၅ ခုနှစ် လွတ်လပ်ရေးနေ့တွင် ငွေကျပ် နှစ်သိန်းစီ ထောက်ပံ့ပေးခဲ့ကြောင်း၊
အသက် ၉ဝ နှင့်အထက် ဘိုးဘွား များကို လည်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မှစတင်၍ နိုင်ငံတော် ရန်ပုံငွေမှ
တစ်ဦးလျှင် လစဉ်ကျပ်တစ်သောင်းနှုန်း ထောက်ပံ့ ပေးလျက် ရှိကြောင်း သိရ သည်။ သက်ကြီးရွယ်အိုများဆိုင်ရာ
ဥပဒေကို ၂ဝ၁၆ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၄ အဖြစ် ၃ဝ-၁၂-၂ဝ၁၆ ရက်က အတည်ပြုပြဋ္ဌာန်းပြီး
ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
▄
မင်္ဂလာတရားတော်နှင့်အညီ ▄
သက်ကြီးရွယ်အိုများ
ပြုစုစောင့်ရှောက်ခြင်းအစ မြန်မာက ဟု ဆိုရလောက်အောင်ပင် မြန်မာ တိုင်းရင်းသား လူမျိုးအသီးသီး
တို့သည် သက်ကြီးရွယ်အို ဘိုးဘွား မိဘများ အပေါ် စာနာဆပွား တန်ဖိုးထား၍ ပြုစုစောင့် ရှောက်
တတ်ကြသည့်အစဉ်အလာ ရှိသည်။ ဤကဲ့သို့ သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက် ခြင်းသည်
မြတ်ဗုဒ္ဓ၏ (၃၈)ဖြာမင်္ဂလာ တရားတော်နှင့် ညီညွတ် သကဲ့သို့ ကုသိုလ်လည်းရသည်။
အနှစ်ချုပ်အားဖြင့်
ဆိုရပါလျှင် အဘိုးအဘွားတို့သည် သီလဂုဏ်၊ သမာဓိဂုဏ်နှင့် စရဏအား ကောင်းကြ သဖြင့်သာ ယခုကဲ့သို့
သက်တမ်းရှည်ကြာ နေထိုင်ကြရသည်ဖြစ်ရာ ဘိုးဘွားများ ကိုယ်တိုင် က မိမိတို့ကိုးကွယ်ရာ
ဘာသာတရား၏ အဆုံးအမများကို လေးစား လိုက်နာကြကာ ကျန်းမာရေးနှင့် ညီညွတ်အောင် ဆက်လက် နေထိုင်ကြပြီး
ဘိုးဘွားတို့၏ ဆွေမျိုး သားချင်းများ၊ မျိုးဆက်သစ် လူငယ်များနှင့် နိုင်ငံတော်ကလည်း
ဘိုးဘွား တို့အား အလေးထား၊ နေရာပေးကာ ဝိုင်းဝန်းဖေးမ စောင့်ရှောက်ကြမည်ဆိုပါက ကမ္ဘာ့သက်ကြီး
ရွယ်အိုများအဖို့ နှလုံးစိတ်ဝမ်း အေးချမ်းပျော်ရွှင် စွာဖြင့် လက်ကျန်ဘဝကို တန်ဖိုးရှိစွာ
နေထိုင်ဖြတ်သန်း နိုင်ကြ လိမ့်မည်ဖြစ် ပါကြောင်း တင်ပြလိုက်ရပေသည်။ ။
မောင်ခိုင်မာ(အထက်မင်းလှ)

No comments:
Post a Comment